Sunday, December 4, 2016

“လှုပ်ရှားလာသည်ဆိုသော အိမ်ခြံမြေဈေးကွက် သတင်းများ”

“လှုပ်ရှားလာသည်ဆိုသော အိမ်ခြံမြေဈေးကွက်
သတင်းများ”


၁။ "အိမ်ခြံမြေဈေးကွက် ပြန်လှုပ်လာဟု
အကျိုးဆောင်များဆို"

နှစ်နှစ်ဆက်တိုက် ဈေးကွက်ငြိမ်သက်နေသည့်
ရန်ကုန်အိမ်ခြံမြေသည် ယခုနှစ်ကုန်ပိုင်းခန့်တွင်အနည်းငယ်
ပြန်လည်လှုပ်ခတ်လာပြီ ဖြစ်ကာ မြေအရောင်းအ၀ယ်နှင့်
အငှားများ ပြန်သွက်လာကြောင်း ရန်ကုန်မြို့ အိမ်ခြံမြေ
အကျိုးဆောင်များက ပြောသည်။

"အိမ်ခြံမြေက ငြိမ်နေတာ တော်တော်ကြာနေတာပါ။
ဒါပေမဲ့ ဒီနှစ် နှစ်ကုန်ပိုင်း ဇွန်လနောက်ပိုင်းလောက်ကစပြီး
အရင်ထက် အရောင်းအ၀ယ်လေးတွေ နည်းနည်းလေး
ပြန်လိုက်လာတဲ့အခြေအနေ ရှိလာပါပြီ။ မြို့နယ်စုံရဲ့ လမ်းမ
တန်းတွေ သွက်တယ်။ရွှေတောင်ကြား၊ ကမာရွတ်၊ ဗဟန်း၊
မရမ်းကုန်း အဲဒီမြို့နယ်တွေ သွက်တယ်"ဟု ရွှေကံမြေ
အကျိုးဆောင်လုပ်ငန်းမှ ဦးခင်မောင်အေးက ပြောသည်။

ထိုကဲ့သို့ အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအ၀ယ်များ
ပြန်လည်ရှိလာခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများလည်း
တဖြည်းဖြည်းဝင်လာခြင်း၊ နိုင်ငံခြားကုမ္ပဏီလုပ်ငန်းများ၏
မြေငှားရမ်းမှုကြောင့်စက်မှုဇုန်မြေဈေးကွက်များလည်း
သွက်လာကြောင်း ၎င်းက ပြောသည်။

"အခုနောက်ပိုင်း ရင်းနှီးမြှုပ်နှံမှုတွေလည်း စလာပြီဖြစ်တဲ့
အတွက် နိုင်ငံခြားကုမ္ပဏီတွေ ပိုပြီးတော့ တိုးဝင်လာတဲ့
သဘောတွေရှိပါ တယ်။ အဲဒါကြောင့် စက်မှုဇုန်မြေအငှား
တွေ ဆို သွက်လာတယ်။
သူတို့လုပ်ငန်းရဲ့ အခြေခံအဆောက်အအုံတွေ မြေလိုလာ
တော့ ငှားလာ ကြတယ်။ အဲဒါကြောင့်စက်မှုဇုန်မြေ
ဈေးကွက်လည်း ပြန်သွက်လာတဲ့အထဲ ပါလာတယ်။
စက်မှုဇုန်တွေထဲမှာ သီလ၀ါသွက်တယ်။ အရှေ့ဒဂုံ
စက်မှုဇုန်သွက်တယ်။ စောစောက လုံးဝငြိမ်ပြီးတော့
အောက်ဈေးကျသလိုနဲ့အခုတော့ ပြန်လိုက်လာပါပြီ" ဟု
၎င်းက ပြောသည်။

ထို့ပြင် လူနေထိုင်သည့်မြေကွက်များ အပြင်၊ လုပ်ငန်းစီးပွား
လုပ်ကိုင်နိုင်သည့် မြေကွက်များမှာရန်ကုန်မြို့တွင်းသာမက
မြို့ပြင်များတွင်လည်း အရောင်းအ၀ယ်သွက် လာကြောင်း
၎င်းက ပြောသည်။

"နေဖို့လူတွေကလည်း စောင့်ကြည့်ရင်းနဲ့ ဈေးနှုန်းက
အရမ်းမကျတဲ့အခါ မဖြစ်မနေ နေဖို့သမားတွေဝယ်ကုန်
ကြပါပြီ။ အထူးသဖြင့် ငွေကျပ် သိန်းတစ်သောင်းနဲ့
နှစ်သောင်းပတ်ချာလည် မြေကွက်တွေ တော်တော်လေး
အရောင်းအ၀ယ်ဖြစ်လာတယ်။ မြို့တွင်းရောမြို့ပြင်ရော
အရောင်းအ၀ယ်တွေ သွက်လာပါတယ်"ဟု
ဦးခင်မောင်အေး က မြန်မာတိုင်း(မ်)ကို ပြောသည်။

သို့သော် မြို့ပြင်ဘက်ရှိကျပ်သိန်း ၆၀ ၀န်းကျင်ရှိ ပါမစ်
မြေကွက်သေးများမှာမူ အရောင်းအ၀ယ် သိပ်မဖြစ်ကြောင်း
အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

"မြို့ပြင်ဘက်က ပေ ၄၀၊ ၆၀ ပါမစ်ကွက်တွေကတော့
ပုံမှန်အတိုင်းပဲရှိသေးတယ်။ အရောင်းအ၀ယ်သိပ်မဖြစ်ဘူး။
ကျန်တဲ့ စီးပွားရေးအရ၊ လုပ်ငန်းအရ မဖြစ်မနေ လိုအပ်တဲ့
အကွက်တွေကတော့အရောင်းအ၀ယ်သွက်လာတယ်။
ပါမစ်မြေကွက်က ဈေးကစားကြတာများတယ်၊ ဒါပေမဲ့
အခုထိကတော့ ငြိမ်နေတုန်းပဲ"ဟု အိမ်ခြံမြေအကျိုးဆောင်
တစ်ဦးက ပြောသည်။

ထို့ပြင် ရန်ကုန်မြို့၏ အိမ်ခြံမြေအငှားဈေးကွက်သည်
အရောင်းဈေးကွက်ထက် ပိုမိုလုပ်ငန်းကောင်းလျက်ရှိရာ
လက်ရှိအချိန်ထိလည်း ရန်ကုန်မြို့လယ်ကောင် အပြင်ဘက်
မြို့နယ်များ၏ အငှားဈေးကွက်မှာ ငှားရမ်းမှု များလျက်
ရှိသေးကြောင်း အိမ်ခြံမြေရောင်းငှား ရှာဖွေနိုင်သည့်
ဝက်ဘ်ဆိုက် House. com. mm က
သတင်းထုတ်ပြန်သည်။

အသေးစား အလတ်စားလုပ်ငန်းများကြောင့်လည်း
တောင်ဥက္ကလာနှင့် ရန်ကင်း စသည့် မြို့နယ်များ၏
တိုက်ခန်းအငှား ဈေးကွက်များလည်းကောင်းမွန်သည့်အပြင်
ရန်ကုန်မြို့တွင်းရှိ တောင်ဥက္ကလာ၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
စမ်းချောင်း၊တာမွေ၊ မရမ်းကုန်း၊ သန်လျင်၊ ဗဟန်း၊ လှိုင်၊
သင်္ဃန်းကျွန်းနှင့် ရန်ကင်းမြို့တို့မှာ အိမ်ရာရှာဖွေမှု
လူစိတ်ဝင်စားဆုံးများသည့် မြို့နယ်များဖြစ်ကြောင်း
သိရသည်။

"လတ်တလော ရှာဖွေမှုများရဲ့ သုံးပုံနှစ်ပုံခန့်လောက်ဟာ
တောင်ဥက္ကလာ၊ မြောက်ဒဂုံ နှင့် စမ်းချောင်းမြို့နယ်များ
ကဲ့သို့သော မြို့လယ်ကောင် ဧရိယာအပြင်ဘက်က မြို့နယ်
တွေမှာ အိမ်ရာများကို ပိုမိုရှာဖွေလာတာ တွေ့ရပါတယ်။
ဖြစ်နိုင်ခြေကတော့ မြို့လယ်က အိမ်ရာတွေက
များသောအားဖြင့် စီးပွားရေးလုပ်ငန်းသုံးများတာကြောင့်
ဈေးနှုန်း မြင့်မားတာရယ်၊ ကားလမ်းပိတ်တာရယ်ကြောင့်
နေထိုင်ရန် သီးသန့်အိမ်ရာ ရှာဖွေသူတွေက
မြို့လယ်အပြင်ဘက်က မြို့နယ်တွေကို ပိုမိုရှာဖွေလာကြ
ခြင်းကြောင့် ဖြစ်နိုင်ပါတယ်" ဟု House. com. mm ၏
အမှုဆောင်အရာရှိချုပ် Mr.Nitesh Khirwal ပြောသည်။

အိမ်ခြံမြေဈေးနှုန်းများမှာ ယခင် အမြင့်ဆုံးတက်ခဲ့သည့်
ဈေးများထက် ၁၀ ရာခိုင်နှုန်းခန့် ကျဆင်းလျက်ရှိကြောင်း
နှင့် အခြေခံ ဈေးနှုန်းများတွင်သာ ပုံမှန်ရှိနေကြာင်း
အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

"အရင် အတက်ဈေးအောက်တော့ဖြစ်နေတယ်။ စက်မှုဇုန်
မြေတွေဆို အရင်က တစ်ဧကကိုကျပ်သိန်း ၃,၅၀၀၊
၎,၀၀၀ လောက်တွေက အခု ၃,၀၀၀ လောက်တော့
ရှိတယ်။ ပုံမှန်အားဖြင့်ဝေဇယန္တာလမ်းတို့ ဘာတို့ဆို
ကျပ် သိန်း ၁,၆၀၀ တွေ ဘာတွေထိအောင် ရောက်သွား
သေးတယ်။ ခုချိန်မှာဆို သိန်း တစ်သောင်းနဲ့ တစ်သောင်း
နှစ်ထောင်ဝန်းကျင်၊ တစ်သောင်းအောက်ထိ မကျဘူး။
အဲဒီထက်တော့ ပိုမကျပါဘူး၊ ဘာလို့လဲဆိုတော့
အစားထိုးလို့မရတဲ့ မြေနေရာတွေဖြစ်တဲ့အတွက်
အခြေခံဈေးထက်တော့ မကျဘူး" ဟု ဦးခင်မောင်အေးက
ပြောသည်။

(မြတ်ငြိမ်းအေး)

***

၂။ "သီတင်းကျွတ်နောက်ပိုင်း အားကောင်းလာတဲ့ အိမ်ခြံမြေ"

သီတင်းကျွတ်ကာလအပြီး အိမ်ခြံမြေဈေးကွက် အခြေအနေ
ကတော့ အရောင်းရော အငှားပိုင်းတွေမှာပါ ကောင်းမွန်
လာတယ်လို့ House. com. mm ရဲ့ ထုတ်ပြန်ချက်အရ
သိရပါတယ်။

"သီတင်းကျွတ်အပြီးအရောင်းအဝယ်ကတော့ မြေကွက်
အဝယ် မေးမြန်းစုံစမ်းတာရှိတယ်၊ သိန်း ၅၀ဝ၀ အောက်ပေါ့၊
မရမ်းကုန်း ၊ အင်းစိန်၊ တောင်ဥက္ကလာ၊ မြောက်ဒဂုံမေးတာ
များတယ်၊အရောင်းအဝယ် ဖြစ်တာက တောင်ဥက္ကလာမှာ
ကျပ် သိန်း ၁၀ဝ၀ဝန်းကျင်နဲ့ မရမ်းကုန်းမှာ ကျပ် သိန်း ၄၀ဝဝ
ဝန်းကျင် ဖြစ်တယ်”လို့ Peace Land real estate company
က ဒါရိုက်တာ ဦးအောင်ဇော် က ပြောပါတယ်။

ပုံမှန်အရ သီတင်းကျွတ်နောက်ပိုင်း အငှားဈေးကွက်
ပြန်လည်ကောင်းမွန်လာပြီး ရန်ကုန်မြို့တွင်း ဝယ်ယူဖို့
အတွက် တိုက်ခန်းတွေနဲ့ ငှားရမ်းနေထိုင်ဖို့အတွက်
တိုက်ခန်းနဲ့ လုံးချင်းအိမ်တွေက ပိုမိုစုံစမ်းမှု ရှိနေပါတယ်။
တိုက်ခန်းအနေနဲ့ ကတော့ ကျပ်နှစ်သိန်းဝန်းကျင်နဲ့
စမ်းချောင်း၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း နေရာတွေ
မှာ စုံစမ်းတာ များလာပါတယ်။

ကွန်ဒိုဘက်မှာတော့ ကျပ် ၁၀ သိန်း ဝန်းကျင်ကွန်ဒိုတွေကို
လူစိတ်ဝင်စားမှု များနေပါတယ်။ အရောင်းဘက်ကတော့
သိန်း ၅၀ဝ အောက်တွေကို လူစိတ်ဝင်စားမှုများနေတာပါ။

(ပြည့်ဖြိုးမြင့်မွန်)

***

၃။ "ရန်ကုန် အိမ်ခြံမြေဈေးကွက် ဦးမော့လာနိုင်ရန်
လိုအပ်ချက်များရှိ"

ကာလအတန်ကြာ အေးစက်ထိုင်းမှိုင်းခဲ့တဲ့ ရန်ကုန် အိမ်ခြံမြေ
ဈေးကွက် အနည်းငယ် ပြန်လှုပ်လာပေမယ့် ဦးမော့လာဖို့
ကတော့ လိုအပ်ချက်တွေ ရှိနေတယ်လို့
ဈေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

ရန်ကုန် အိမ်ခြံမြေဈေးကွက်က ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် နှစ်ဆန်း
ကတည်းကစပြီး အရောင်းအဝယ်တွေက အေးစက်ခဲ့တာပါ။

ဒါကြောင့်ပဲ ရန်ကုန် အိမ်ခြံမြေဈေးကွက်ဟာ ၂၀၁၅ ခုနှစ်မှာ
ပူဖောင်းကြီးကွဲသလို ပေါက်ကွဲမယ်လို့ ထင်ကြေးပေး ပြောဆို
တာတွေကလည်း ရှိခဲ့ပါတယ်။

ဒါပေမယ့် လက်တွေ့မှာတော့ ရန်ကုန် အိမ်ခြံမြေဈေးကွက်က
ပူဖောင်းကြီး လေရော့သွားသလိုမျိုးသာ ဖြစ်ခဲ့ပြီး အိမ်ခြံမြေ
ဈေးနှုန်းတွေက ၃၀ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပါတယ်။

ကာလအတန်ကြာ ဈေးအကျနဲ့ရှိခဲ့ပြီး အရောင်းအဝယ်
ထိုင်းမှိုင်းခဲ့တဲ့ ရန်ကုန် အိမ်ခြံမြေဈေးကွက်က လတ်တလော
မှာ အနည်းငယ် ပြန်လှုပ်လာပေမယ့် ဦးမော့လာဖို့ကတော့
လိုအပ်ချက်တွေရှိတယ်လို့ ဈေးကွက်ကျွမ်းကျင်သူ
ရန်ကုန်တိုင်း အိမ်ခြံမြေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ
ဦးစိုင်းခွန်နောင်က သုံးသပ်ပြောပါတယ်။

“ခုတလော ထွက်ပြီးသားဟာကို နည်းဥပဒေ ဆွဲနေတာ
ရှိတယ်။ နည်းဥပဒေကို အမြန်ဆွဲပြီးတော့ လောလောဆယ်
အမြန်ထွက်ဖို့က နိုင်ငံခြားသားဝယ်ယူခွင့် ရပြီးတော့ ရောင်းလို့
ရတဲ့ ကွန်ဒိုတွေပေါ့နော်။ အခု နိုင်ငံခြားသား ဝယ်ယူခွင့်ရတဲ့
ကွန်ဒိုတွေက ရောင်းရလိမ့်မယ်။ ရောင်းလို့ရရင် Developer
တွေက ပြန်ဆောက်လိမ့်မယ်။ အဲဒါဆိုရင် အိမ်ခြံမြေဈေးကွက်
တစိတ်တပိုင်း အကျိုးရှိစေတာပေါ့။ နောက်တခုက
အခွန်နှုန်းထားတွေ၊ ရာဖြတ်နှုန်းထားတွေ လျှော့ပေးမယ်
ဆိုရင်တော့ အိမ်ခြံမြေကို တစိတ်တပိုင်း ပြန်လည်
အထောက်အကူပြုပြီးတော့ ဦးမော့လာစေမှာပေါ့လေ။”

ငွေကြေးအနည်းငယ် ပိုလျှံသူတွေကလည်း ကျပ်သိန်း
၁၀၀ ကျော်တန် တိုက်ခန်းအပါအဝင် မြေကွက်တချို့ကို
ဝယ်ယူရင်းနှီးမြှုပ်နှံလာတာ တွေ့ရတယ်လို့
အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်တဦးဖြစ်သူ
ဦးတင်ထွန်းနိုင်က ပြောပါတယ်။

“အခုက မြေကွက်ကလေးတွေကိုတော့ ရွှေဈေးမမီတဲ့လူတို့၊
ငွေလေးနည်းနည်းပါးပါး အောင်းထားနိုင်တဲ့သူတို့ဆိုရင်
မြေကွက်ကလေးတွေကို ပြန်ပြီးလှုပ်ရှားကြတယ်။
ဈေးသင့်တင့်တဲ့ တိုက်ခန်းလေးတွေဆိုရင် တချို့ဆို နေဖို့၊
တချို့ဆိုလည်း ဝယ်ထားမယ်၊ ငှားထားမယ်ဆိုတဲ့
ရည်ရွယ်ချက်နဲ့ ဝယ်တာလေးတွေလည်း များပါတယ်။”

လက်ရှိ ရန်ကုန်အိမ်ခြံမြေဈေးကွက်က ကျပ်သိန်းရာကျော်
တန် မြေကွက်နဲ့ တိုက်ခန်းတွေသာ အရောင်းအဝယ်
ပြန်ဖြစ်လာပေမယ့် ဈေးနှုန်းအမြင့်မှာရှိတဲ့ ကွန်ဒိုနဲ့ မြေကွက်
တွေကတော့ အရောင်းအဝယ် အေးနေပါတယ်။

တိုက်ခန်းအငှားနဲ့ လုံးချင်းအိမ်အငှား ဈေးကွက်ကတော့
ပုံမှန်အလုပ်ဖြစ်နေပြီး ဈေးနှုန်းကတော့ ကျဆင်းမှုမရှိပါဘူး။

(သိုက်ဇင်)

credit - The Myanmar Times / Kumudra Journal
& DVB

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
---------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/962655320510074/?type=3

No comments:

Post a Comment