Sunday, December 11, 2016

“အရှိန်ကောင်းလာသော ရန်ကုန်မြို့တော်စည်ပင် သတင်းများ”

“အရှိန်ကောင်းလာသော ရန်ကုန်မြို့တော်စည်ပင် သတင်းများ”

၁။ "စည်ပင်သာယာ ဥပဒေအားလုံး
အသစ်ပြန်လည်ရေးဆွဲမည်"

YCDC နှင့် ပတ်သက်သည့် ၁၉၉၂ စည်ပင်သာယာဥပဒေ
အားလုံးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အသစ်
ပြန်လည်ရေးဆွဲသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ
တော်ဝင်ဂါးဒင်း ဟိုတယ်၌ ပြုလုပ်သော "တာဝန်သိ
ခရီးသွားလုပ်ငန်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး"
ဖိုရမ်တွင် ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသား
ရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုး က ပြောသည်။

အဆိုပါပြန်လည်ရေးဆွဲမည့်အစီအစဉ်ကို နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က
ဒီဇင်ဘာ ၁ ရက်တွင် စင်ကာပူနိုင်ငံသို့သွားသည့် ခရီးစဉ်
အပြန်တွင် ဖြစ်လာသော ညွှန်ကြားချက်ဖြစ်ကြောင်း
သိရသည်။

''မကြာခင် YCDC ရှိပြီးသား ဥပဒေ၊ နည်းဥပဒေ
အကုန်လုံးကို Reforms ပြန်လုပ်မှာ၊ စည်ပင်သာယာ
ကော်မတီက ဖွဲ့စည်းထားတဲ့ department ၂၃ ခုကို
လည်း စနစ်တကျ Reforms ပြုလုပ်သွားမှာပါ။ ဒါက
ကျွန်မတို့ရဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်ချက်ဖြစ်ပါတယ်''
ဟု ဒေါ်နော်ပန်းသဉ္ဇာမျိုးက ပြောသည်။

အဆိုပါပြုပြင်ရေးဆွဲမှုများ ပြုလုပ်ရန် စင်ကာပူအစိုးရ၏
ကူညီမှုဖြင့် ပညာရှင်အဖွဲ့များ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ
လပိုင်းတွင် ရောက်ရှိမည်ဖြစ်ပြီး ဖေဖော်ဝါရီလကုန်ပိုင်း
တွင် လုပ်ဆောင်သွားရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရ
အဖွဲ့က စီစဉ်ထားကြောင်း သိရသည်။

YCDC ကိုပြုပြင်ပြောင်းလဲမှုများ လုပ်ခြင်းအားဖြင့်
ဟိုတယ်ခရီးနှင့်ပတ်သက်သည့် ကဏ္ဍများ၊ ယာဉ်ကြော
ကျပ်တည်းမှုများ အစရှိသည့် အစစအရာရာကဏ္ဍပေါင်းစုံ
ပြောင်းလဲမှုများ တွေ့မြင်ရမည်ဖြစ်ပြီး အသစ်ဖြစ်ပေါ်လာ
မည့် ဥပဒေအသစ်နှင့် ဖွဲ့စည်းပုံအသစ်အရ ၂ဝ၁၇ ခုနှစ်
တွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း
ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး
ဒေါ်နော်ပန်သဉ္ဇာမျိုးက ပြောကြားသည်။

(ဇာနည်မောင်)

***

၂။ "စည်ပင်မြေကျူးကျော်ကာ စီးပွားရေးလုပ်ကိုင်နေသည့်
လုပ်ငန်းရှင်များကို အရေးယူတော့မည်"

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းဘေးဝဲယာတွင်
ကျူးကျော်ဆောက်လုပ်ထားသည့် ဓာတ်ဆီအရောင်းဆိုင်များ၊
စားသောက်ဆိုင်များနှင့် ကုမ္ပဏီများ၏ စာရင်းကို ကောက်ယူ
နေပြီး လုပ်ငန်းရှင်များအား စည်ပင်သာယာဥပဒေဖြင့်
အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း
ဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

“အဓိကလမ်းမကြီးဘေး ပတ်ဝန်းကျင် ၀ဲယာတွေမှာ
အဆောက်အဦတွေ ဆောက်လုပ်နေတာတွေကို
ရန်ကုန်မြို့တော်စည်ပင်က တရားဝင်ခွင့်ပြုထားတာ
မရှိပါဘူး။ ဒါပေမဲ့ ကျူးကျော် ဆောက်လုပ်နေတာတွေ
ကတော့ အများကြီးရှိပါတယ်။ ၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော်
စည်ပင်သာ ယာရေးဥပဒေပုဒ်မ ၄၄၊ ၄၅၊ ၆၃(င)၊ ၆၃(စ)၊
၆၇ အရ မည်သူမျှ ကော်မတီပိုင်မြေပေါ် ကော်မတီရဲ့
ခွင့်ပြုချက်မရှိဘဲနဲ့ ပစ္စည်းများပုံခြင်း၊ နေအိမ်ဆောက်လုပ်ခြင်း၊
တဲထိုးခြင်း စတဲ့ ကျူးကျော်မှုတွေ ပြုလုပ်ပါက ရန်ကုန်
စည်ပင်သာယာဥပဒေ ပုဒ်မ ၆၈၊ ၆၉ အရ တရားစွဲဆို
အရေးယူဆောင်ရွက်သွားမယ်” ဟု ရန်ကုန်တိုင်းဒေသကြီး
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင်နိုဝင်ဘာ ၁၆ ရက်က
ကျင်းပပြုလုပ်သည့် တတိယအကြိမ်မြောက် အစည်းအဝေး၌
ဒဂုံမြို့နယ်မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ်
ဦးကျော်ဇေယျက ရန်ကုန်တိုင်း ဒေသကြီးအတွင်း အဓိက
လမ်းမကြီးများ၏ ဘေးပတ်ဝန်းကျင်ဝဲယာရှိ လမ်းမြေများ
ပေါ်တွင် ကုမ္ပဏီအသီးသီးတို့က ကျူးကျော် ဆောက်လုပ်မှု
များကို သက်ဆိုင်ရာ ဌာနမှတရားဝင်ခွင့်ပြုထားပါက
မည်ကဲ့သို့ အခွန်နှုန်းထားများဖြင့် သတ်မှတ်ခွင့်ပြုခဲ့သည်ကို
သိရှိလိုကြောင်းနှင့် တရားဝင် ခွင့်ပြုထားခြင်းမရှိပါက
မည်ကဲ့သို့ အရေးယူမည်ကို သိရှိလိုကြောင်း မေးမြန်းမှု
အပေါ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက အထက်ပါအတိုင်း
ဖြေကြားသွားခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်
စက်တင်ဘာလအထိ ရန်ကုန်စည်ပင်သာယာလမ်းဧရိယာ
များတွင် ကျူးကျော်ဆောက်လုပ်ထားသောကြောင့်
အရေးယူထားသောအမှုပေါင်း ၄၁၀ ရှိပြီး ဒဏ်ငွေ
ကျပ် ၁၈ သိန်းကျော် ရရှိထားကြောင်း သိရသည်။

***

၃။ "ရန်ကုန်မြို့ရှိ ဈေးပေါင်း ၁၇၀ ကျော်ကို
အဆင့်မြှင့်တင်မည်"

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဈေးပေါင်း ၁၇၆ ဈေးကို
လက်ရှိ အစိုးရသက်တမ်းအတွင်း အပြီးသတ် အဆင့်မြှင့်
တင်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး လမ်းဘေး ဈေးသည်
စင်တာ (Hawker Centre)များ ဖော်ထုတ်သွားရန်
အစီအစဉ်ရှိကြောင်း သိရသည်။

“ဈေးပေါင်း ၁၇၆ ဈေးလုံးကို ကျနော်တို့ ဒီသက်တမ်း
အတွင်းမှာ ပြီးပြတ်အောင်ဆောင်ရွက်ပါမယ်။ ဘာကြောင့်
လုပ်လဲဆို ဈေးတွေဟာ ရန်ကုန်မြို့ရဲ့ မြို့လယ်ခေါင်လို
နေရာမျိုးတွေမှာရှိတယ်။ ကားပါကင်တွေ လိုလည်း
လိုတယ်။ Hawker Centre တွေလည်း လိုအပ်ပါတယ်။
ဒါတွေတည်ဆောက်ပေးနိုင်ရန် လမ်းဘေးဈေးသည်တွေ
အဆင့်က နောက်ပိုင်းမှာ Hawker Centre တွေ
ဝင်ရောင်းနိုင်မယ့်အဆင့်အထိ တဖြည်းဖြည်း
လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်း
ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒီဇင်ဘာ ၈ ရက်
က ရန်ကုန်မြို့တော်ခန်းမတွင် ပြုလုပ်သည့်
သက်ဝင်လှုပ်ရှား ရန်ကုန်မြို့၏ လမ်းမများပွဲတော်နှင့်
ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင်
ပြောကြားခြင်းဖြစ်သည်။

ဈေးပေါင်း ၁၇၆ ဈေးကို အဆင့်မြှင့်တင်မှုလုပ်ဆောင်ရာတွင်
တကြိမ်ဆောင်ရွက်လျှင် ဈေး ၂၀ ဆောင်ရွက်ရန် ကွင်းဆင်း
မှုများပြုလုပ်နေသည်ဟု ၎င်းကဖြည့်စွက်ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်
ဒေါ်လှိုင်မော်ဦးကလည်း
“Hawker Center တွေ ဖော်ထုတ်ပေးဖို့ အစီအစဉ်
ရှိပါတယ်။ အဲဒီစင်တာတွေမှာ လမ်းဘေးမှာရောင်းနေတဲ့
သူတွေကို တရားဝင်ရောင်းနိုင်အောင်စီစဉ်ပါမယ်။
မကြာခင်ကာလမှာ မင်္ဂလာဈေးနေရာကိုလည်း ပြန်ပြီး
အဆင့်မြှင့်တင်မှာပါ။ Hawker Center တွေ၊ ကားပါကင်
နေရာတွေပါဝင်တဲ့ဒီဇိုင်းတွေ Competition ခေါ်ဖို့
စီစဉ်ထားပြီးပါပြီ။ ဒီနှစ်မကုန်ခင်မှာ အဲဒီ Competition
ခေါ်ပါမယ်” ဟု ရှင်းပြသည်။

လမ်းဘေးဈေးသည်များ နေရာချထားရေးနှင့်ပတ်သက်၍
လက်ရှိ ၄ မြို့နယ်အတွင်းလုပ်ဆောင်နေသကဲ့သို့
ကျန်သည့်မြို့နယ်များတွင် ဆက်လက်ဆောင်ရွက်နိုင်ရေး
အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ YCDC၊
လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများနှင့်
ပူးပေါင်းပြီး ဈေးသည်များ၏လိုအပ်ချက်များကို ညှိနှိုင်း
ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကပြော သည်။

ဆက်လက်၍ ၎င်းက
- ဘဏ်လမ်းရှိပလက်ဖောင်းများကို ပြုပြင်ထားပြီး
ပေ ၂၀ ကျော်ရှိသည့် ယင်းပလက်ဖောင်းပေါ်တွင်
ကျောက်တံတားမြို့နယ်အတွင်းရှိ ကျန်ရှိသေးသော
လမ်းဘေးဈေးသည်များကို ရွှေ့ပေးရန် နေရာစီစဉ်
ပေးသွားမည်ဖြစ် ကြောင်း၊
- ယခုအခါ ညဈေးတန်းတွင် မနက် ၆ နာရီမှ ၁၁ နာရီ
အထိ မနက်ဈေးအဖြစ် ဟင်းသီးဟင်းရွက်၊ သားငါး
ဈေးသည်များကို ရောင်းချခွင့်ပြုထားကြောင်း
ပြောသည်။

ဒေါ်လှိုင်မော်ဦးက
“ခုစားသောက်ဆိုင်၊ သစ်သီးဆိုင်တွေကို ဦးစားပေးတယ်။
လမ်းမကြီးက ဈေးသည်တွေကို ဦးစားပေး တယ်။
အတွင်းလမ်းတွေမှာ ရောင်းခွင့်ပေးထားတယ်။
အဲမှာလမ်းမကြီးမရှိတဲ့ဈေးသည်တချို့ဟာ နေရာချထား
ပေးတဲ့ နေရာမှာ တကယ်လာမရောင်းဘဲ နေနေတဲ့
နေရာမှာ နောက်ထပ်ရောင်းချင်တဲ့ဈေးသည်တွေကို
နေရာပေးမယ်။ ဒီအပြင် ညနေ ၃ နာရီကနေ ၉ နာရီအပြင်
မနက်ပိုင်းမှာပါရောင်းခွင့်ပေးထားတယ်” ဟု ဆိုသည်။

နိုဝင်ဘာ ၂၃ ရက်ကစတင်ပြီး သခင်မြပန်းခြံအနီးမှ
ပန်းဆိုးတန်းကမ်းနားအထိ ညဈေးတန်းအသစ်တခုကို
ဖွင့်လှစ်ခဲ့ပြီးနောက် လမ်းမတော်၊ ကျောက်တံတား၊ လသာ၊
ပန်းဘဲတန်း ၄ မြို့နယ် လမ်းမကြီးများပေါ်ရှိ လမ်းဘေး
ဈေးသည် တချို့ကို ပြောင်းရွှေ့နေရာချထားပေးကာ
ညနေ ၃ နာရီမှ ည ၉ နာရီအထိ ရောင်းချခွင့်
ပေးထားကြောင်း သိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏
စာရင်းများအရ ယင်းမြို့နယ် ၄ မြို့ လမ်းမကြီး၊ လမ်းကြား
အတွင်းရှိ လမ်းဘေးဈေးသည်ပေါင်း ၆၀၀၀ ကျော်
ရှိသည်။

သို့သော် ၁၆၀၀ ကျော်သာ တရားဝင်လက်မှတ်များဖြင့်
ညဈေးတွင် ရောင်းချခွင့်ရသည့်အတွက် ဈေးသည်များမှ
မကျေနပ်မှုများဖြစ်ပေါ်ကာ ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့သည်။

လမ်းဘေးပလက်ဖောင်းပေါ် ဈေးရောင်းခြင်းသည်
တရားမဝင်သည့်အတွက် တရားဝင်ရောင်းချနိုင်ရေး
အတွက် တိုင်းအစိုးရက ဥပဒေနှင့် အညီ ဆောင်ရွက်
ပေးနေသကဲ့သို့ ဥပဒေလိုက်နာမှု မရှိသူကိုများကိုလည်း
ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ
ပြုလုပ်သွားမည်ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

(ဇူးဇူး)

credit - MOI Webportal Myanmar / Tomorrow
& Irrawaddy Publishing Group

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
---------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/962655320510074/?type=3

No comments:

Post a Comment