Sunday, December 4, 2016

“ပန်းပန်ဆဲ ဒေါ်လာဈေးနှင့် ဝေဖန်သုံးသပ်မှုများ”

“ပန်းပန်ဆဲ ဒေါ်လာဈေးနှင့် ဝေဖန်သုံးသပ်မှုများ”

၁။ "ဒေါ်လာဈေးဆက်တက်၊ တစ်ဒေါ်လာ ကျပ် ၁၄၀၀
အထိ ရောက်နိုင်ဟု ကျွမ်းကျင်သူများ ခန့်မှန်း"

အမေရိကန် ဒေါ်လာဈေးမှာ အကြောင်းအမျိုးမျိုးကြောင့်
ဆက်လက်တက်နေပြီး ယခုနှစ်အတွင်း တစ်ဒေါ်လာလျှင်
၁၄၀၀ ကျပ်အထိ ရောက်ရှိနိုင်ကြောင်း ငွေကြေးဈေးကွက်
ကျွမ်းကျင်သူများက ပြောကြားသည်။

- ကမ္ဘာပေါ်တွင် အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်ခြင်း၊
- မြန်မာနိုင်ငံ၌ ကုန်သွယ်မှုလိုငွေများခြင်းနှင့်
- ဘတ်ဂျက်လိုငွေ များပြားနေခြင်း တို့ကြောင့်
ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းဟူသော အကြောင်းအမျိုးမျိုး
ကြောင့် ယင်းသို့ စံချိန်တင် ဈေးနှုန်းများအဖြစ် မြင့်တက်
နေခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

ဗဟိုဘဏ်၏ ငွေကြေးဈေးကွက်တွင် ပါဝင်ပတ်သက်မှု
အားနည်းခြင်းကြောင့်လည်း ယခုကဲ့သို့ စံချိန်တင် ဈေးနှုန်း
များအဖြစ်သို့ ရောက် ရှိနေခြင်းဖြစ်ကာ ဗဟိုဘဏ်အနေနှင့်
ဝင်ရောက် ထိန်းကျောင်းခြင်းမရှိဘဲ ယခုအတိုင်း
ဆက်လွှတ်ထားပါက တစ်ဒေါ်လာလျှင် ၁၄၀၀ ကျပ်အထိ
ရောက်ရှိလာနိုင်ကြောင်း ၎င်းတို့က ဆိုသည်။

"အဓိက ကျွန်တော်တို့ဆီမှာ ဒေါ်လာဈေး ကမောက်ကမ
ဖြစ်တာက ဒေါ်လာပြန်ဝင်လာဖို့ လိုပါတယ်။ ဗဟိုဘဏ်ရဲ့
ရည်ညွှန်းငွေ လဲလှယ်နှုန်း တက်တဲ့အတွက် ငွေလဲလှယ်နှုန်း
ဆွဲတင်တဲ့အတွက် အပြင်က လဲလှယ်နှုန်းတွေ တက်တယ်
ဆိုပြီး ထင်ခဲ့ကြတယ်။ ပြီးတော့ ဗဟိုဘဏ်က ဒေါ်လာတွေ
အများကြီး ရောင်းပေးရမယ်ဆိုပြီး ထင်မြင်ချက်တွေလည်း
ရှိပါတယ်။ ဒေါ်လာတွေ မရောင်းပေးတဲ့အတွက် ဒီလို
ဖြစ်တယ်ဆိုပြီး ပြောကြတာလည်းရှိတယ်" ဟု
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ
ဦးဆက်အောင်က ပြောကြားသည်။

ဗဟိုဘဏ်က ရည်ညွှန်းငွေလဲနှုန်းသတ်မှတ်ခြင်းမှာ
သတ်မှတ်လိုသည့် ပုံစံအတိုင်း သတ်မှတ်ခြင်းမျိုး မဟုတ်ဘဲ
ပုဂ္ဂလိကဘဏ်များက နေ့စဉ်လေလံခေါ်ရာတွင် ၀ယ်လိုအား
နှင့် ရောင်းလိုအားပေါ် မူတည်၍ သတ်မှတ်ခြင်းဖြစ်ကြောင်း
၎င်းက ရှင်းပြသည်။

ထို့ပြင် လက်ရှိအစိုးရ ကိုးလတာ ကာလအတွင်း ကုန်သွယ်မှု
လိုငွေပမာဏသည် ကျပ် ၂၁၆၆ သန်းအထိရှိပြီး ပို့ကုန်
သွင်းကုန် ပမာဏသည်လည်း ယခင်နှစ်ကထက် လျော့ကျ
လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး
ဝန်ကြီးဌာန၏ ကုန်သွယ်မှု စာရင်းဇယားများအရ သိရသည်။

ထိုသို့
* အမေရိကန်ဒေါ်လာဈေးနှုန်းများ မြင့်တက်ခြင်းသည်
စီးပွားရေးအတွက် ကောင်းမွန်သည့် အရာတစ်ခုမဟုတ်ဘဲ
သွင်းကုန်ကိုသာ အဓိက အားထားနေရသည့် မြန်မာနိုင်ငံ
အတွက် ယင်းကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်ခြင်းဒဏ်ကို
များစွာ ရင်ဆိုင်လာရနိုင်ကြောင်း * 
စီးပွားရေးပညာရှင်များက ထောက်ပြဝေဖန်ကြသည်။

ဒေါ်လာဈေးတက်၍ ဗဟိုဘဏ်က ဘဏ်လုပ်ငန်းရှင်များကို
ခေါ်ယူတွေ့ဆုံတိုင်း ဒေါ်လာဈေး ကျဆင်းလေ့ရှိပြီး ယခုနှစ်
အောက်တိုဘာလ ၄ ရက်နေ့က ဒေါ်လာဈေးနှုန်းများ
မြင့်တက်ချိန်တွင် ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များကို
ခေါ်ယူတွေ့ဆုံအပြီး အောက်တိုဘာလ ၅ ရက်နေ့သို့
ရောက်ရှိချိန်တွင် တစ်ဒေါ်လာလျှင် ၁၂၉၀ မှ
၁၂၈၀ ကျပ်သို့ ကျဆင်းခဲ့သည်။

ပြင်ပဒေါ်လာဈေးသည် ဒီဇင်ဘာ လ ၁ ရက်နေ့တွင်
တစ်ဒေါ်လာလျှင် ၁၃၆၀ အထိမြင့်တက်လာပြီး ဗဟိုဘဏ်၏
ဒေါ်လာသတ်မှတ်နှုန်းမှာ တစ်ဒေါ်လာလျှင် ၁၃၀၈ ကျပ်
ဖြစ်ကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

***

၂။ "ဒေါ်လာဈေး တက်သည့် အနေအထားသည်
ဈေးကစားသည့် အနေအထား ဖြစ်"

သည်ရက်ပိုင်းတွင် ဒေါ်လာဈေးသည် တစ်ဒေါ်လာလျှင်
၁၃၅၀ကျပ် အထက်တွင်ရှိနေကြောင်း၊ လက်ရှိဈေးကွက်တွင်
ဖြစ်ပေါ်နေသည့် ဒေါ်လာဈေးတက်သည့် အနေအထားသည်
ဈေးကစားသည့် အနေအထား ဖြစ်ကြောင်း အဆိုပါကိစ္စအား
အစိုးရ အနေဖြင့် အဖြေရှာရန်လိုအပ်ကြောင်း KBZ ဘဏ်မှ
အကြီးတန်းအကြံပေး ဦးသန်းလွင်က ဆင်ဟွာကို ပြောသည်။

ဦးသန်းလွင်က
“ အခုလက်ရှိက အပြင်ဈေးကွက်မှာ ဈေးကစားနေကြတာက
အဓိကကျနေတယ်။ ဈေးကစားတဲ့ သူတွေရှိလို့ ဆက်တိုက်
တက်နေတာဆိုတော့ ဈေးကစားတဲ့ သူတွေကို ဘယ်လို
ထိန်းချုပ်မလဲ။ လိုအပ်တဲ့ မူဝါဒတွေကို ဘယ်လိုချမှတ်မလဲ
အဲ့ဒီ့အချက်တွေကို အစိုးရအနေနဲ့လည်း ပညာရှင်တွေဆီက
အကြံဥာဏ်ယူသင့်တယ်’’ ဟုပြောသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့ တွင် တစ်ဒေါ်လာပေါက်ဈေး
၁၃၃၈ ဒေါ်လာ ရှိပြီး ယခုရက်ပိုင်းတွင်း ဒေါ်လာဈေး
ဆက်တိုက်မာလာခြင်း ဖြစ်ကြောင်း သိရသည်။

ဒေါ်လာဈေးကွက်စောင့်ကြည့်လေ့လာသူ ဦးစန်းဝင်းက
“လက်ရှိအနေအထားကတော့ ဈေးက ကျစရာတော့
သိပ်မရှိဘူး။ အခုတက်နှုန်းတွေက တစ်ဒေါ်လာ ၁၄၀၀ ကျပ်
အထိ တက်ဖို့ သွားနေသလို ရှိပေမယ့် သိပ်တော့ မဖြစ်နိုင်
ဘူးထင်တယ်။ ဈေးနှုန်းကတော့ ခန့်မှန်းရခက်တဲ့
အနေအထားပါပဲ’’ ဟုပြောသည်။

နိုဝင်ဘာလ ၂ ရက်နေ့တွင်  ပြင်ပဈေးကွက်၌ 
- အမေရိကန်တစ်ဒေါ်လာ ၁၃၅၅ ကျပ်၊
- ကမ္ဘာ့ရွှေဈေးတစ်အောင်စကို ၁၁၇၅ ဒေါ်လာ၊
- မြန်မာ့ရွှေဈေး တစ်ကျပ်သား ကျပ်၈၅၇,၀၀၀ ၊
- စကာင်္ပူတစ်ဒေါ်လာ ၉၅၀ ကျပ်ပေါက်ဈေးရှိသည်။

***
  
၃။ "ဒေါ်လာဈေး မြင့်တက်မှု ဗဟိုဘဏ် ထိန်းကျောင်းရန်
လိုကြောင်း ဘဏ်လုပ်ငန်းရှင်များ ပြောကြား"

ငွေကြေးဈေးကွက်အတွင်း ဒေါ်လာငွေလဲနှုန်း မြင့်တက်လာမှု
ကို ဗဟိုဘဏ် အနေဖြင့် ဝင်ရောက် ထိန်းကျောင်းရန် လိုအပ်
ကြောင်း ဘဏ်လုပ်ငန်းရှင်များက သုံးသပ် ပြောကြားသည်။

“ဒီလိုတွေ ဖြစ်နေတာကို ဗဟိုဘဏ်က ဈေးကွက်ကို ထိန်းရ
မှာလေ။သူတို့က ဈေးကွက်ကို ထိန်းရမယ့်အစား ဈေးကွက်ကို
ဦးဆောင်ရမယ့်အစား ဈေးကွက် နောက်လိုက်ဖြစ်နေပြီ” ဟု
ကမ္ဘောဇဘဏ်၏ အကြီးတန်း အကြံပေးအရာရှိ
ဦးသန်းလွင်က ဆိုသည်။

* ပြင်ပ ဒေါ်လာဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ
လည်ပတ်ငွေမှာ သန်း ၅ဝဝဝ မှ ၈ဝဝဝ အထိ ရှိနိုင်ပြီး
ယင်းအခြေအနေကို ဗဟိုဘဏ် အနေဖြင့် ထိန်းကျောင်း
ကိုင်တွယ်နိုင်ရန် လိုကြောင်း ၎င်းက ဆိုသည်။ *

- ကုန်သွယ်မှု လိုငွေမှာ နိုဝင်ဘာလ ၁၁ ရက်နေ့အထိ
အမေရိကန်ဒေါ်လာ  ၂၁ဝ၉ သန်းရှိနေပြီး
- လက်ရှိဘဏ္ဍာနှစ် ပြုပြင်ပြီး ဘတ်ဂျက်လိုငွေမှာလည်း
ကျပ်ငွေ သန်းပေါင်းလေးသန်းကျော် (၄ဝ၂၅  ဘီလီယံကျပ်)
အထိ ရှိမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး 
ဝန်ကြီးဌာန စာရင်းများအရ သိရသည်။

ပြည်တွင်းဒေါ်လာ လိုအပ်ချက် မြင့်မားနေချိန်တွင်
ကမ္ဘာ့နိုင်ငံခြား ငွေကြေး ဈေးကွက်တွင်လည်း ဒေါ်လာဈေး
မာနေပြီး အညွှန်းကိန်းမှာ တောက်လျှောက်တက်နေကာ
၁၃ နှစ်အတွင်း ဒေါ်လာ အညွှန်းကိန်း အမြင့်ဆုံး အနေအထား
သို့ ရောက်နေကြောင်း နိုင်ငံတကာ ငွေကြေးဈေးကွက် 
ကျွမ်းကျင် ပညာရှင်များက သုံးသပ်ထားသည်။

ကမ္ဘာ့ဒေါ်လာ အညွှန်းကိန်းမှာ တစ်နှစ်အတွင်း
- အနိမ့်ဆုံးအဖြစ် ၉၁ ဒသမ ၉၁၉ ရှိခဲ့ပြီး
- နိုဝင်ဘာလ ၁၈ ရက်တွင် ၁ဝ၁ ဒသမ ၂ အထိ မြင့်တက်
နေခြင်း ဖြစ်သည်။

ယခုနှစ်အတွင်း ပြင်ပဒေါ်လာငွေလဲနှုန်း အနိမ့်ဆုံးအဖြစ်
ဧပြီလ ၂၅ ရက်နေ့တွင် ၁၁၅၈ ကျပ်အထိရှိခဲ့ရာ လက်ရှိ
အစိုးရ လက်ထက်တွင် ပြင်ပငွေလဲနှုန်းအရ
ကျပ်ငွေတန်ဖိုးမှာ ၁၄ ရာခိုင်နှုန်းအထိ  ကျဆင်းသွားသည်။ 

***

၎။ "ဒေါ်လာတန်ဖိုး အတက်အကျများခြင်းကြောင့်
ပို့ကုန်သွင်းကုန်လုပ်ငန်းများ အခက်တွေ့"

ငွေကြေးဈေးကွက်တွင် ရက်ပိုင်းအတွင်း အမေရိကန်ဒေါ်လာ
တန်ဖိုး အတက်အကျမြန်နေခြင်းကြောင့် ကုန်သွယ်ရေး
လုပ်ငန်းများတွင် အခက်အခဲဖြစ်နေ ကြောင်း စီးပွားရေး
လုပ်ငန်းရှင်အ ချို့က ပြောသည်။

ဈေးကစားမှုကြောင့် ဒေါ်လာဈေး အတက်အကျကြမ်းနေပြီး
ကုန်ရောင်းကုန်ဝယ် ပြုလုပ်ရာတွင် ဆုံးရှုံးမည်ကို စိုးရိမ်နေ
ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်း
အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။

‘‘ကျွန်တော်တို့အနေနဲ့  ငွေလဲနှုန်းတည်ငြိမ်တာကိုပဲ
တောင်းဆိုပါတယ်။ အတက်အကျတွေနဲ့ဆိုရင် မြတ်တာရှိ
သလို ရှုံးတာလည်းရှိတော့ လုပ်ရကိုင်ရခက်ခဲပါတယ်’’ဟု
ဦးမင်းကိုဦးက ပြော ကြားသည်။

ရက်ပိုင်းအတွင်း ငွေလဲနှုန်း အပြောင်းအလဲမြန်ခြင်းသည်
စီးပွားရေးလုပ်ငန်းများ တိုးမြှင့်လုပ်ကိုင်ရန်အတွက်လည်း
အခက်အခဲရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်
တွဲဖက်အတွင်းရေးမှူး ဦးနေလင်းဇင်က ပြောသည်။

* ငွေလဲနှုန်း အပြောင်းအလဲ လျင်မြန်ခြင်းသည်
လက်ရှိအစိုးရ အတွက် နိုင်ငံစီးပွားရေးတိုးတက်ရန် စိန်ခေါ်မှု
တစ်ခုဖြစ်နေသည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ဆိုသည်။
ရင်းနှီးမြှုပ်နှံမည့်သူများ က ငွေလဲနှုန်းတည်ငြိမ်မှုရှိ၊ မရှိ
စောင့်ကြည့် လေ့လာလေ့ရှိကြောင်း စီးပွားရေးပညာရှင်
ဒေါက်တာအောင်ကိုကိုက ပြောသည်။ *

‘‘ဒီရက်ပိုင်းမှ ငွေလဲနှုန်းက ဆက်တိုက်တက်နေတော့
ပြည်တွင်း ရော်ဘာဈေးက မြင့်လာတယ်။ တစ်ပေါင်ကို
၁၀၀ ကျပ် လောက်တက်တယ်’’ ဟု မြန်မာနိုင်ငံ
ရော်ဘာစိုက်ပျိုး ထုတ်လုပ် တင်ပို့သူများအသင်း
အတွင်းရေးမှူး ဦးခိုင်မြင့်က ပြောသည်။

တစ်ဖက်တွင် ကျပ်ငွေတန်ဖိုးကျဆင်းကာ ဒေါ်လာတန်ဖိုး
မြင့်တက်လာမှုကြောင့် သွင်းကုန်ပိုင်းတွင် ၀ယ်လိုအား
ကျဆင်းလာကြောင်း မြန်မာနိုင်ငံ မော်တော်ယာဉ်
တင်သွင်းထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း ဥက္ကဋ္ဌ
ဒေါက်တာစိုးထွန်းက ပြော သည်။

(ပြည်သိမ်း)

credit - The Voice / Xinhua Myanmar & 7day Daily

မှတ်ချက်။

အိမ်ခြံမြေ အကြောင်းအရာများနှင့် 
တိုက်ရိုက်မသက်ဆိုင်သော်လည်း သွယ်ဝိုက်ပတ်သက်မှု့
ရှိသည့် စီးပွါးရေးဆိုင်ရာ သတင်းများ ဖြစ်နေပါသဖြင့်
မိတ်ဆွေများ လေ့လာနိုင်ရန် တင်ခဲ့ခြင်းဖြစ်ပါသည်။
(မူရင်း သတင်းအချို့ အားအနည်းငယ် ချုံ့ထားကြောင်း
ဝန်ခံပါသည်။)

“အိမ်ခြံမြေ လမ်းဆုံ”

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
---------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/726764717432470/photos/a.727586294016979.1073741828.726764717432470/962655320510074/?type=3

No comments:

Post a Comment