Monday, December 26, 2016

“ဒေါ်လာနှင့်ရွှေ ဈေးကွက် ရှေ့အလားအလာအပေါ် သုံးသပ်ချက်များ”

“ဒေါ်လာနှင့်ရွှေ ဈေးကွက် ရှေ့အလားအလာအပေါ်
သုံးသပ်ချက်များ”


၁။ "တစ်ပတ်အတွင်း နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ
ကျပ် ၇၀ ကျော်ကျဆင်းပြီး ကျပ် ၁၃၆၀ ကျော်
ပြန်ရောက်လာ"

ဒီဇင်ဘာ ၁၇ ရက်မှ ဒီဇင်ဘာ ၂၄ ရက် အထိ တစ်ပတ်အတွင်း
နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၇၀ ခန့်ကျဆင်းခဲ့ပြီး
ဒီဇင်ဘာ ၂၄ ရက်တွင် ကျပ် ၁၃၆၀ ကျော်အထိ ပြန်လည်
လျော့ကျလာကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေကြေး
ရောင်းဝယ် သူများထံမှ သိရသည်။

ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာဈေးအမြင့်ဈေးတွင် ရှိနေဆဲ
ဖြစ်သော်လည်း ပြည်တွင်းဈေးကွက်တွင် ပြန်လည်ကျဆင်း
လာ ခြင်းဖြစ်သည်။

(စည်သူအောင်)

***

၂။ "ပြည်တွင်းအမေရိကန်ဒေါ်လာဈေးကွက်
တည်ငြိမ်လာစေဖို့ မျှော်လင့်"

အမေရိကန်ဒေါ်လာဈေး မြင့်တတ်မှုကြောင့် အိမ်ခြံမြေ
ဈေးကွက်အတွင်း သိသိသာသာပြောင်းလဲသက်ရောက်မှု
မရှိနိုင်သော်လည်း ဆောက်လုပ်ရေးပစ္စည်းများတင်သွင်းမှု
များနှင့် ဆောက်လုပ်ရေးလုပ်ငန်းများအနေဖြင့် ရင်းနှီးမြှုပ်နှံမှု
ပမာဏ မြင့်တတ်လာ၍ အနည်းနှင့်အများအခက်အခဲ
ကြုံတွေ့နိုင်ဖွယ်ရှိကြောင်း အိမ်ခြံမြေဈေးကွက်
ကျွမ်းကျင်သူများမှ သုံးသပ်ပြောကြားသည်။

ဒေါ်လာဈေးမြင့်တက်ခြင်း အကျိုးဆက်ကြောင့် စားသောက်
ကုန်၊ လူသုံးကုန်အချို့ဈေးနှုန်းမြင့်တတ်ခြင်းများရှိနေပြီး
သွင်းကုန်တင်သွင်းမှုအချို့အား ကန့်သတ်ရပ်ဆိုင်းထားရ
သည့် အခြေအနေရှိနေသည်။

နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းထားကို လက်ရှိနိုင်ငံတော်အစိုးရမှ
တိုက်ရိုက်ထိန်းချုပ်၍ မရနိုင်သော်လည်း မူဝါဒပိုင်းဆိုင်ရာများ
ဖြင့် ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်၊
ဘဏ်များနှင့်ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ
အတွင်းရေးမှူး ဦးတင်ထွန်းနိုင်က ပြောကြားခဲ့သည်။

ငွေကြေးဈေးနှုန်း မတည်မငြိမ်ဖြစ်နေမှုများကို ဖြေရှင်းရန်
လုပ်ဆောင်မှုများအဖြစ်
- သွင်းကုန်လုပ်ငန်းရှင်များ အ၀ယ်ရပ်ထားခြင်း၊
- နိုင်ငံခြားဘဏ်အချို့တွင် ကုန်သွယ်လုပ်ငန်းရှင်များအား
နိုင်ငံခြားငွေစာရင်း ဖွင့်ခွင့်ပြုရန် စီစဉ်ခြင်း၊
- လုပ်ငန်းရှင်များအတွက် ဒေါ်လာငွေဖြင့် ချေးငွေပေးအပ်
နိုင်ရန် စီစဉ်ခြင်း၊
- နိုင်ငံရပ်ခြားမှ အလုပ်လုပ်နေသူများအနေဖြင့် ပြည်တွင်းသို့
ငွေလွှဲခြင်းကို တရားဝင်ခွင့်ပြုပေးရန် စီစဉ်နေခြင်းများ ရှိနေပြီး
ဒေါ်လာအရောင်းအ၀ယ်ဈေးကွက်အတွင်း၌လည်း ဈေးမြင့်
တက်ချိန်တွင်အ၀ယ်သာရှိပြီး ပြန်လည်ရောင်းချခြင်းမရှိသော
ငွေလဲကောင်တာများရှိလာသဖြင့်အ၀ယ်ပိုမိုလိုက်လာပြီး
အမေရိကန်ဒေါ်လာအား အမှန်တကယ်အသုံးပြုရန် လိုအပ်
နေသည့် ပြည်သူများအတွက် အခက်အခဲ
ဖြစ်ပေါ်လာခဲ့သည်။

ထိုသို့ စည်းကမ်းသတ်မှတ်ချက် မလိုက်နာသည့် ငွေလဲ
ကောင်တာများအား ဗဟိုဘဏ်မှ ခေါ်ယူသတိပေးခြင်းများ
ဆောင်ရွက်ခဲ့ရသလို သတိပေးချက်အား မလိုက်နာသည့်
ငွေလဲကောင်တာများအား လိုင်စင်ပိတ်သိမ်းသည်အထိ
အရေးယူဆောင်ရွက်ရန် စီစဉ်ခဲ့ခြင်းများကြောင့် ဒေါ်လာဈေး
အနည်းငယ် ပြန်လည်ကျဆင်းခဲ့ပြီး ဒီဇင်ဘာတတိယပတ်
နောက်ဆုံးရက်များ၌ ၁၄၀၀ ၀န်းကျင်၌ အတက်အကျ
ကွာဟချက်အနည်းငယ်ဖြင့် ရပ်တည်လျက် ရှိနေပြီး
ဈေးကွက် မတည်မငြိမ်ဖြစ်နေဆဲ ဖြစ်သည်။

နိုင်ငံခြားငွေ လဲလှယ်နှုန်း တည်ငြိမ်စေရန်အတွက် ဒီဇင်ဘာ
တတိယပတ်အတွင်းနေပြည်တော် ပြည်ထောင်စုဝန်ကြီးရုံး၌
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီး
ဦးကျော်ဝင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး
ပြည်ထောင်စုဝန်ကြီးဒေါက်တာဦးသန်းမြင့်၊ ဗဟိုဘဏ်ဥက္ကဌ
ဦးကျော်ကျော်မောင်နှင့် အခြားဌာနဆိုင်ရာတာဝန်ရှိသူများ
က ငွေလဲလှယ်နှုန်း တည်ငြိမ်ရေးအတွက် ဆွေးနွေး
ဆောင်ရွက်ခဲ့ပြီး
- သွင်းကုန်တင်သွင်းမှုကဏ္ဍတွင်
ဇိမ်ခံပစ္စည်းများနှင့် အခြားမရှိမဖြစ် လိုအပ်ချက်ရှိသည့်
ပစ္စည်းများ တင်သွင်းမှုကို စိစစ်ခွင့်ပြုရန်၊
- ဆက်သွယ်ရေးလိုင်စင်ရ ကုမ္ပဏီများအနေဖြင့်လည်း
ပြန်လည်ရင်းနှီးမြှုပ်နှံမှုအတွက် ပြည်ပသို့ ငွေလွှဲဆောင်ရွက်
နေမှုများအားစိစစ်ရန်၊
- ပို့ကုန်တင်ပို့မှုအပေါ် သင့်တင့်သည့် အခွန်နှုန်းများအား
ဖြေလျော့ပေးရန်၊
- ဇိမ်ခံပစ္စည်းများ တင်သွင်းနေမှုအပေါ် အခွန်တိုးမြှင့်
ကောက်ခံရန်အတွက် သုံးသပ်ရန်နှင့်
- ပို့ကုန်တင်ပို့နေသော ကုမ္ပဏီများအား ဘဏ်စာရင်းများ
မှန်မှန်ကန်ကန်တင်ပြစေရန်နှင့်
- မှန်ကန်စွာတင်ပြနိုင်ခြင်း မရှိသော ကုမ္ပဏီများအား
အရေးယူဆောင်ရွက်ရန် ကိစ္စများဆွေးနွေးခဲ့ကြသည်။

ကမ္ဘာ့ငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာသည်
တဖြည်းဖြည်း ပိုမိုခိုင်မာလာနေပြီး နိုင်ငံအများစု၌လည်း
အမေရိကန်ဒေါ်လာဈေးကွက်ကောင်းမွန်၍ မြန်မာနိုင်ငံ
နည်းတူ မိမိတို့ငွေကြေးတန်ဖိုးကျဆင်းမှုများအား ကြုံတွေ့
လျက် ရှိနေသော်လည်းဒေါ်လာဈေးမြင့်တက်မှုကို
အခွင့်ကောင်းယူ လုပ်ဆောင်နေမှုများ၊ ပြည်တွင်း၌
တရားမ၀င်လမ်းကြောင်းများမှ ၀င်ရောက်လည်ပတ်နေသော
ဒေါ်လာငွေကြေးများကြောင့် ပြည်တွင်းငွေကြေးဈေးကွက်မှာ
ထိန်းချုပ်ရန် ခက်ခဲရှုပ်ထွေးမှုများ ရှိနေကြောင်း သိရသည်။

ကုန်ထုတ်လုပ်မှုတိုးမြှင့်ခြင်းနှင့် ပို့ကုန်တိုးမြှင့်ရေး အစီအစဉ်
များအား အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် လာမည့်
ကာလများတွင် နိုင်ငံခြားငွေပေးငွေယူ ရှင်းတန်းများ
အခြေအနေ ကောင်းမွန်လာပြီး နိုင်ငံခြားသုံးငွေ
ဝယ်လိုအားနှင့် ရောင်းလိုအား မျှတလာပါက ကျပ်ငွေတန်ဖိုး
ခိုင်မာလာနိုင်ကြောင်း ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက
ပြောကြားသည်။

ပြည်တွင်း၌ နိုင်ငံခြားဘဏ်များအား လွတ်လပ်စွာလုပ်ကိုင်ခွင့်
ပေး၍ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ
အား ပိုမိုအထောက်အပံ့ပေးနိုင်ပါကလည်း ငွေကြေးကဏ္ဍ
အထွေထွေ ပြဿ နာများ လျော့ပါးနိုင်ကြောင်း လုပ်ငန်းရှင်
တစ်ဦးက သုံးသပ်ပြောကြားသည်။

ယခုတပတ်အတွင်း ကမ္ဘာ့ဘဏ်မှနေ၍ မြန်မာနိုင်ငံအတွင်း
ခိုင်မာသည့် ငွေရေးကြေးရေးကဏ္ဍတစ်ခု အကောင်အထည်
ဖော်ဆောင်နိုင်ရန် ရည်ရွယ်ပြီး
- ဘဏ်လုပ်ငန်းဝန်ဆောင်မှုများတိုးချဲ့ရန်၊
- အသေးစားချေးငွေဝန်ဆောင်မှုများနှင့် အာမခံလုပ်ငန်းများ
အတွက်လည်းအထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး
ကမ္ဘာ့ဘဏ် အပြည်အပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ရန်ပုံငွေမှ
ဒေါ်လာသန်း ၁၀၀ အား နှစ်ရှည်ချေးငွေ ပေးအပ်မည်ဟု
သတင်းထုတ်ပြန်ခဲ့သည်။

- ဒေါ်လာဝယ်လိုအား သိသိသာသာ ကျဆင်းလာခြင်း၊
- သွင်းကုန်တင်သွင်းသူများမှ အ၀ယ်ရပ်ဆိုင်းထားခြင်းကြောင့်
demand ကျလာခြင်း၊
- ပြည်ပရှိ အလုပ်လုပ်ကိုင်သူများမှ ပြည်တွင်းသို့ လွှဲငွေများ
အား တရားဝင် ခွင့်ပြုရန် စီစဉ်နေခြင်း၊
- ပြည်ပပို့ကုန်များ ပိုမိုတင်ပို့လာနိုင်စေနိုင်မည့် ဈေးကွက်များ
ရှိနေခြင်းစသည်တို့ကြောင့် ဒေါ်လာဈေး ပြန်လည်ကျဆင်း
လာရန်အတွက် အလားအလာများ ရှိနေကြောင်း စီးပွားရေး
လုပ်ငန်းရှင်များက သုံးသပ်ပြောကြားလျက် ရှိသည်။

***

၃။ "ရွှေဈေးထပ်ကျမည်၊
ရွှေမဝယ်ယူသင့်သေးဟု ရွှေလုပ်ငန်းရှင်များအသင်း ပြော"

ရွှေဈေး ထပ်ကျဖို့ရှိနေလို့ ရွှေမဝယ်ယူသင့်သေးဘူးလို့
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက
ပြောပါတယ်။

ပြင်ပဒေါ်လာပေါက်ဈေးက ဆက်လက်မြင့်တက်နေပေမယ့်
ကမ္ဘာ့ရွှေဈေးက ဆက်တိုက်ကျဆင်းနေလို့ ပြည်တွင်းရွှေဈေး
က ဆက်လက်မမြင့်တက်ဘဲ ဈေးအနိမ့်ပိုင်းမှာပဲ
တည်ငြိမ်နေပါတယ်။

လက်ရှိပြည်တွင်းရွှေဈေးက ကမ္ဘာ့ရွှေဈေးနဲ့အတူ ထပ်မံ
ကျဆင်းဖို့ ရှိနေပေမယ့် ပြင်ပဒေါ်လာပေါက်ဈေးက မြင့်တက်
နေလို့သာ တည်ငြိမ်နေတာ ဖြစ်ပါတယ်။

ဒါကြောင့် ပြည်တွင်းရွှေဈေးက ထပ်ကျဖို့ရှိနေလို့ ရွှေဝယ်ယူ
သူတွေအနေနဲ့ ရွှေမဝယ်ယူသင့်သေးဘူးလို့ ရန်ကုန်တိုင်း
ဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး
ဦးဝင်းမြင့်က ပြောပါတယ်။

“ဒီဈေးက မဝယ်သင့်သေးပါဘူး။
ကမ္ဘာ့ဈေးနဲ့နှိုင်းယှဉ်ရင် ပြည်တွင်းဈေးက အမြင့်ပိုင်းမှာ
ရှိနေတာကြောင့် ရွှေ ၁ ကျပ်သားကို ၇ ထောင်၊ ၈ ထောင်
လောက် ပိုနေတဲ့အတွက်၊ ရံဖန်ရံခါလည်း ဒီက ၁ သောင်း
လောက် မြင့်နေတဲ့အတွက် နိမ့်ရာကနေ မြင့်အောင်လို့
မကြာခင် ရွှေကုန်ကြမ်းတွေ၊ ကုန်ချောတွေ ဝင်ရောက်နိုင်တဲ့
အတွက် ဝယ်ယူမယ်ဆိုရင်တော့ စောင့်ကြည့်ပြီး အနိမ့်ပိုင်း
ရောက်မှ ဝယ်ယူသင့်တယ်လို့ အကြံပေးချင်ပါတယ်။
ပြင်ပဒေါ်လာဈေးတက်နေပေမယ့် ပြည်တွင်းရွှေဈေး
ကတော့ ပြန်လည်ကျဆင်းနေတာ တွေ့ရပါတယ်။”

ရွှေဈေးနှုန်းက အရင်ထက် ပြန်လည်ကျဆင်းနေပေမယ့်
ဈေးကွက်ထဲမှာတော့ ရွှေဝယ်ယူလိုသူတွေ နည်းနေပြီး
ရောင်းချလိုသူတွေသာ များနေတာပါ။

“အခုကတော့ နည်းနည်းလေး ပြန်ကျနေတာပေါ့။
ပြီးခဲ့တဲ့ တရက်၊ နှစ်ရက်က ဒေါ်လာဈေးတွေ ပြုတ်ကျ
သွားတယ်လေ။ ကားပါမစ်ပိတ်လိုက်တယ်၊ ဘာညာဆိုပြီး
တော့။ ၁၄၃၀ ကျော်ကနေ ၁၄၀၀ အောက်ကို ရောက်သွား
တယ်။ အဲဒီမှာ ရွှေဈေးကလည်း ၈ သိန်း ၆ သောင်းကျော်
ကနေ အခု ၈ သိန်း ၅ သောင်းကျော် ပြန်ကျလာတယ်။
အရောင်းအဝယ်တွေကတော့ ခပ်ပါးပါးပဲ။
သိပ်တော့မကောင်းသေးဘူး”  လို့ ရွှေဆိုင်ပိုင်ရှင်
ဦးဇော်အောင်က ပြောပါတယ်။

ရွှေဈေးနှုန်းက ကျပ် ၈ သိန်းဝန်းကျင်ကို ပြန်ရောက်မှသာ
အရောင်းအဝယ်ဈေးကွက်က ပြန်ကောင်းလာနိုင်တယ်လို့
ဈေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

credit - Eleven Media Group / Property Media Team
& DVB

(မှတ်ချက်)

* မူရင်းသတင်း အချို့အား အနည်းငယ် ချုံ့ထားကြောင်း
ဝန်ခံပါသည်။
* အိမ်ခြံမြေ အကြောင်းအရာများနှင့် 
တိုက်ရိုက်မသက်ဆိုင်သော်လည်း သွယ်ဝိုက်ပတ်သက်မှု့
ရှိသည့် စီးပွါးရေးဈေးကွက်ဆိုင်ရာ သတင်းများ
ဖြစ်နေပါသဖြင့် မိတ်ဆွေများ လေ့လာနိုင်ရန်
တင်ခဲ့ခြင်းဖြစ်ပါသည်။

“အိမ်ခြံမြေ လမ်းဆုံ”

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0

No comments:

Post a Comment