"တရားရုံး အဆင့်ဆင့်"
ဤပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို
တိုင်းဒေသကြီး (၇)ခု၊ ပြည်နယ်(၇)ခုတို့နဲ့
ပြည်ထောင်စုဖွဲ့စည်းထားတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ်တိုင်းမှာ
ဝန်ကြီးချုပ်တစ်ဦးစီ၊
တရားသူကြီးချုပ်တစ်ဦးစီ၊
ဥပဒေချုပ်တစ်ဦးစီ၊
စာရင်းစစ်ချုပ်တစ်ဦးစီ ရှိပါတယ်။
ဒီနေ့တော့ သာမန်ပြည်သူတွေ သိထားသင့်တဲ့
တရားရုံးအမျိုးမျိုး၊ တရားသူကြီးအမျိုးမျိုး၊
သူတို့ရဲ့ ပြစ်မှုစီရင်ခွင့်အာဏာ၊
တရားမမှုစီရင်ခွင့်အာဏာအကြောင်း
ပြောပြပါမယ်။
ဒီနိုင်ငံမှာ တရားရုံး(၄)မျိုးရှိပါတယ်။
(က) မြို့နယ်တရားရုံး
(ခ) ခရိုင်တရားရုံး
(ဂ) တိုင်းဒေသကြီး၊ ပြည်နယ်တရားလွှတ်တော်
(ဃ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်
(က) မြို့နယ်တရားရုံး
============
မြို့နယ်ပေါင်း (၃ဝဝ)ကျော်မှာ မြို့နယ်တရားရုံးဆိုတာ
တည်ထောင်ထားပါတယ်။
ဒီရုံးတွေမှာ တရားသူကြီး(၃)မျိုး ရုံး ထိုင်ပါတယ်။
(၁) မြို့နယ်တရားသူကြီး
(ခ) တွဲဖက်မြို့နယ်တရားသူကြီး
(ဂ) ဒုတိယမြို့နယ်တရားသူကြီးတို့ ဖြစ်ပါတယ်။
(၁) မြို့နယ်တရားသူကြီး
မြို့နယ်တရားသူကြီး တရားမမှု ငွေကြေးတန်ဖိုး စီရင်ခွင့်
အာဏာဟာ ကျပ်သိန်း(၁ဝဝ)တန်ဖိုးထိ စီရင်နိုင်ပါတယ်။
(၂) တွဲဖက်မြို့နယ်တရားသူကြီး
တွဲဖက်မြို့နယ်တရားသူကြီးလည်း အလားတူ တရားမမှု
ငွေကြေးတန်ဖိုးသိန်း(၁ဝဝ)တန်ဖိုးအထိ စီရင်နိုင်ပါတယ်။
(၃) ဒုတိယမြို့နယ်တရားသူကြီး
ဒုတိယမြို့နယ်တရားသူကြီးကတော့ သိန်း(၃ဝ)တန်
တရားမမှုများကို စီရင်နိုင်ပါတယ်။
မြို့နယ်တရားရုံးတွေမှာ ရုံးထိုင်တဲ့ တရားသူကြီးတွေရဲ့
ပြစ်မှုစီရင်ပိုင်ခွင့်အာဏာကတော့ -
- တတိယတန်းအာဏာအရ တရားသူကြီးဟာ
ထောင်(၁)လထိ လည်းကောင်း၊
- ဒုတိယတန်းအာဏာရ တရားသူကြီးဟာ
ထောင်(၆)လထိလည်းကောင်း၊
- ပထမတန်းအာဏာရတရားသူကြီးဟာ
ထောင်(၂)နှစ်ထိလည်းကောင်း၊
- အထူးအာဏာရတရား သူကြီးက
ထောင်(၇)နှစ်ထိလည်းကောင်း ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။
(ခ) ခရိုင်တရားရုံး
=========
မြို့နယ်တရားသူကြီးများရဲ့ အထက်မှာ ခရိုင်တရားရုံး
ဆိုတာရှိတယ်။
ခရိုင်တရားရုံးမှာလည်း တရားသူကြီး(၃)မျိုး ရုံး ထိုင်တယ်။
(၁) ခရိုင်တရားသူကြီး
(၂) တွဲဖက်ခရိုင်တရားသူကြီး
(၃) ဒုတိယခရိုင်တရားကြီးတို့ ဖြစ်ပါတယ်။
ခရိုင်တရားသူကြီး၊ တွဲဖက်ခရိုင်တရားသူကြီးနဲ့
အာဏာတိုးမြှင့်အပ်နှင်းထားတဲ့
ဒုတိယခရိုင်တရားသူကြီးတို့ဟာ
ငွေကြေးတန်ဖိုး သိန်း(၅ဝဝဝ)ရှိတဲ့ တရားမမှုများကို
စီရင်ဆုံးဖြတ်နိုင်တယ်။
ဒုတိယခရိုင်တရားသူကြီးများကတော့ သာမန်အားဖြင့်
ကျပ်သိန်း (၁ဝဝဝ)ထိ တန်ဖိုးရှိတဲ့ တရားမမှုများကို
စီရင်ဆုံး ဖြတ်နိုင်တယ်။
ခရိုင်အဆင့် တရားသူကြီးတွေရဲ့
ပြစ်မှုစီရင်ပိုင်ခွင့်အာဏာကတော့ သေဒဏ်၊
ထောင်ဒဏ်တစ်သက်ထိ ချမှတ်နိုင်တဲ့ ပြစ်မှု၊ ပြစ်ဒဏ်များကို
စစ်ဆေးစီရင်နိုင်ပါတယ်။
ခရိုင်တရားရုံးမှာ တရားမလျှောက်ထားမှုတွေဖြစ်တဲ့
- အမွေဆက်ခံခွင့်လက်မှတ်၊
- သေတမ်းစာ အတည်ပြုလက်မှတ်နဲ့
- အုပ်ထိန်းသူလက်မှတ်များ စီရင်ခွင့်အတွက်
လျှောက်ထားရပါတယ်။
(ဂ) တိုင်းဒေသကြီး ပြည်နယ်တရားလွှတ်တော်
=========================
မြို့နယ်တရားရုံးများနဲ့ ခရိုင်တရားရုံးများအထက်မှာတော့
မိမိရဲ့သက်ဆိုင်ရာ တိုင်းဒေသကြီး တရားလွှတ်တော်
(သို့မ ဟုတ်) ပြည်နယ်တရားလွှတ်တော်ရှိပါတယ်။
ဤနိုင်ငံမှာ တိုင်းဒေသကြီး တရားလွှတ်တော်(၇)ရပ်နဲ့
ပြည်နယ်တရားလွှတ်တော် (၇)ရပ်၊
စုစုပေါင်း တရားလွှတ်တော် (၁၄)ရပ် ရှိပါတယ်။
တရားလွှတ်တော်တိုင်းမှာ တရားသူကြီးချုပ်တစ်ဦးနဲ့
တရားသူကြီးများ ရှိပါတယ်။
- တိုင်းဒေသကြီး တရားလွှတ်တော်၊
ပြည်နယ်တရားလွှတ်တော်က
တရားသူကြီးများဟာ တရားမမှုများကို ငွေကြေးတန် ဖိုး
အကန့်အသတ်မရှိ စစ်ဆေးဆုံးဖြတ်နိုင်ပါတယ်။
- ခရိုင်တရားရုံးရဲ့ အမိန့်စီရင်ချက်များအပေါ် တင်သွင်းလာတဲ့
အယူခံမှု၊ ပြင်ဆင်မှုများကို ကြားနာဆုံးဖြတ်နိုင်ပါတယ်။
- တရားသေလွှတ်မိန့်အပေါ် အယူခံမှု၊ အမှုချေဖျက်ပေး
စေလိုမှု စတဲ့အမှုများကိုလည်း ကြားနာဆုံးဖြတ်နိုင်ပါတယ်။
(ဃ) ပြည်ထောင်စု တရားလွှတ်တော်ချုပ်
======================
ဤရုံးဟာ နေပြည်တော်မှာ တည်ရှိပြီး
တရားသူကြီးချုပ်တစ်ဦး၊ တရားသူကြီး(၆)ဦးတို့နဲ့
ဖွဲ့စည်းထားတယ်။
အယူခံမှု၊ ပြင်ဆင်မှု၊ အထူးအယူခံမှု၊ စာချွန်တော်
လျှောက်ထားမှုများကို ကြားနာဆုံးဖြတ်ပါတယ်။
ဒါ့အပြင် နိုင်ငံတော်အတွင်းရှိ တရားရုံး အားလုံးကို
ကြီးကြပ်ကွပ်ကဲပါတယ်။
အယူခံ/ပြင်ဆင်မှုကာလစည်းကမ်းသတ်
=====================
(က) မြို့နယ်တရားရုံးရဲ့ အမိန့်(ပြစ်မှု/တရားမ)စီရင်ချက်အပေါ်
ခရိုင်တရားရုံးကို အယူခံမှု၊ လျှောက်ထားမှု တင်သွင်းချင်ရင်
အမိန့်ချတဲ့နေ့ကစပြီး ရက်ပေါင်း (၃ဝ)အတွင်း
တင်သွင်းရပါတယ်။
(ခ) ခရိုင်တရားရုံးအမိန့်အပေါ်
တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်ကို အယူခံမှု၊ ပြင်ဆင်မှု၊
လျှောက်ထားမှု တင်သွင်းချင် ရင် ခရိုင်တရားရုံးက
အမိန့်ချတဲ့နေ့ကစပြီး ပြစ်မှုဆိုရင် ရက်ပေါင်း (၆ဝ)အတွင်း၊
တရားမအယူခံမှုဆိုရင် ရက်ပေါင်း(၆ဝ)အတွင်း
တင်သွင်းရပါတယ်။
(ဂ) တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်က
ချမှတ်တဲ့အမိန့်၊ စီရင်ချက်အပေါ်
နေပြည်တော် ပြည်ထောင်စုတရား လွှတ်တော်ချုပ်ကို အယူခံမှု၊
ပြင်ဆင်မှု၊ လျှောက်ထားမှု တင်သွင်းချင်ရင် အမိန့်ချတဲ့နေ့ကစပြီး
ရက်ပေါင်း(၉ဝ)အတွင်း တင်သွင်း ရပါတယ်။
စာချွန်တော်လျှောက်ထားမှု၊ အထူးအယူခံဝင်ခွင့်
လျှောက်ထားမှုတွေကိုလည်း ရက်ပေါင်း(၉ဝ)အတွင်း
လျှောက်ထားရပါတယ်။
ရုံးခွန်တော်တံဆိပ်ခေါင်း ထမ်းဆောင်ရခြင်း
=======================
(က) မြို့နယ်တရားရုံးမှာ တင်သွင်းတဲ့လျှောက်လွှာတွေကို
ကျပ် ၅၀ (၁.၄.၂၀၁၄မှစ၍ ပြင်ဆင်ချက်)
(ခ) ခရိုင်တရားရုံးမှာ တင်သွင်းတဲ့လျှောက်လွှာတွေကို
ကျပ် ၁ဝဝ
(ဂ) တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်မှာ
တင်သွင်းတဲ့လျှောက်လွှာတွေကို ကျပ် ၂ဝဝ
(ဃ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ တင်သွင်းတဲ့
လျှောက်လွှာတွေကို ကျပ် ၅ဝဝ
ရုံးခွန်ထမ်းဆောင်ကြရပါတယ်။
အခွန်တော်တံဆိပ်ခေါင်းအကြောင်း
===================
စာချုပ်စာတမ်းတွေ ချုပ်ဆိုတဲ့အခါမှာ တရားဝင်အောင်လို့
ချုပ်ဆိုတဲ့လူတွေ ထမ်းဆောင်ရမယ့် အခွန်တော်တံဆိပ်ခေါင်း
အကြောင်း နည်းနည်း တင်ပြပါမယ်။
- တရားရုံးမှာ ကျမ်းကျိန်ချက်၊ လက်ထပ်စာချုပ်ကို
ကျပ် ၁၅ဝ (၁.၄.၂၀၁၄မှစ၍ ပြင်ဆင်ချက်)
- တရားရုံးမှာ ကျမ်းကျိန်ဆိုပြီး ကွာရှင်းပြတ်စဲချင်ရင်
ကျပ် ၂၅ဝ
- အထွေထွေကိုယ်စားလှယ်လွှဲစာ
ကျပ် ၁ဝဝဝ
- အထူးကိစ္စတစ်ခုအတွက် အထူးကိုယ်စားလှယ်လွှဲစာ
ကျပ် ၃ဝဝ
- ကတိစာချုပ်အမျိုးမျိုး ကျပ် ၃ဝဝ
ထမ်းဆောင်မှသာ တရားရုံးများက ထိုစာချုပ်များကို
တရားဝင်တယ်လို့ လက်ခံစဉ်းစားပေးပါတယ်။
ကိုဖြူ ။ ။ ဆရာရေးတဲ့ ဆောင်းပါးတွေက ပါဠိလိုလည်း မပါ၊
အင်္ဂလိပ်လိုလည်း မပါ၊ လက်တင်လိုလည်း မပါ၊
ဥပဒေသမားသာ နားလည်တဲ့ ခက်ခဲတဲ့ ဝေါဟာရတွေ မပါတော့
ဖတ်ရတာ နားလည်လွယ်တယ်။
ဥပဒေ ပညာရှင်တွေအတွက် ကလေးကလားဆန်တဲ့စာတွေများ
ဖြစ်နေမလား။
ရှေ့နေ ။ ။ ဟုတ်ကဲ့။ ကျွန်တော့်ဆောင်းပါးတွေရဲ့
စာဖတ်ပရိသတ်က သာမန်ပြည်သူတွေပါ။
ကျွန်တော့်ရဲ့ အနှစ် လေးဆယ် တရားရုံး အတွေ့အကြုံကို
“ပြည်သူ့ထံသို့ အစီရင်ခံစာ” တင်ပြနေသလိုမျိုး ရေးတာပါ။
အဓိက ကတော့ ပြည်သူ တွေဖတ်လို့ နားလည်ပြီး
ဥပဒေဗဟုသုတ ရသွားရင် ပြီးတာပါပဲ။
UTK (မဟာဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ)
credit - Lawyer U Tun Kyi

No comments:
Post a Comment