Sunday, January 3, 2016
“အိမ်ရာစီမံကိန်းသတင်းများနှင့် အဆောက်အအုံ တိုက်ခန်းများ ဆောက်လုပ်မှု အခြေအနေ”
“အိမ်ရာစီမံကိန်းသတင်းများနှင့် အဆောက်အအုံ
တိုက်ခန်းများ ဆောက်လုပ်မှု အခြေအနေ”
၁။ "ရန်ကုန်မြို့၌ အထပ်မြင့်၊ အထပ်နိမ့် အဆောက်အအုံ
ဆောက်လုပ်မှု တစ်လလျှင် ပျမ်းမျှအလုံး ၂၀၀ ခန့်
လျော့ကျသွားဟု သိရ"
ပြီးခဲ့သည့် နိုဝင်ဘာနှင့် လက်ရှိ ဒီဇင်ဘာလအတွင်း
ရန်ကုန်မြို့၌ အထပ်မြင့်၊ အထပ်နိမ့် အဆောက်အအုံ
ဆောက်လုပ်မှု အရေအတွက် လျော့ကျသွားပြီး ယခင်ထက်
တစ်လလျှင် ပျမ်းမျှအလုံး ၂၀၀ ခန့် လျော့ကျသွားကြောင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ
အဆောက်အအုံဌာနမှ တာဝန်ရှိသူ တစ်ဦးက
ပြောကြားသည်။
ရန်ကုန်မြို့၌ ယခုနှစ်အတွင်း အဆောက်အအုံ ဆောက်လုပ်မှု
တစ်လလျှင် ပျမ်းမျှ အလုံး ၆၀၀ ခန့် ဆောက်လုပ်ခဲ့ရာမှ
အလုံးရေ ၄၀၀ ကျော်အထိ လျော့ကျသွားခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။
“ဒီနှစ်လအတွင်းမှာ အဆောက်အအုံ ဆောက်လုပ်မှု
လျော့သွားတယ်။ ပုံမှန်အလုံး ၆၀၀ လောက်ခွင့် ပြုရာကနေ
ဒီလတွေအတွင်း လျော့သွားတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာက
၄၀၀ လောက်ပဲ ဆောက်လုပ်ခွင့် ပြုခဲ့တယ်” ဟု
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊
အဆောက်အအုံဌာနမှ တာဝန်ရှိသူ တစ်ဦးက
ပြောကြားသည်။
“ဘာအကြောင်းကြောင့် ကျသွားလဲတော့ သေချာမသိဘူး။
ဒါပေမဲ့ ကျတာတော့ ကျသွားတယ်” ဟု ယင်းတာဝန်ရှိသူက
ဆိုသည်။
ယခုနှစ်အတွင်း ဆောက်လက်စ တိုက်ခန်းအရောင်းအ၀ယ်
ဈေးကွက်မှာ သိသာစွာ ကျဆင်းခဲ့ပြီး ၀ယ်ယူမည့်သူပင်
မရှိတော့သည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရကြောင်း
ဆောက်လုပ်ရေးလုပ်ငန်း အသိုင်းအ၀ိုင်းမှ သိရသည်။
ထိုကဲ့သို့ အထပ်မြင့် အထပ်နိမ့် ဆောက်လုပ်မှု
လျော့ကျသွားခြင်းမှာ
- ဈေးကွက်အတွင်း တိုက်ခန်းအ၀ယ် အေးနေခြင်းနှင့်
သက်ဆိုင်နေကြောင်း၊
- စီမံကိန်းအသစ်များ ထပ်မံဆောက်လုပ်ခြင်းကို ထိန်းနေ
ရကြောင်း ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦး
ဖြစ်သူ ကိုမျိုးမြင့်က ပြောကြားသည်။
“တိုက်ခန်းဈေးကွက် တော်တော်ကို အေးနေပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့ အနေနဲ့ကတော့ ဆောက်နေတာပဲ။
ထိန်းတော့ ထိန်းရတာပေါ့။ အရင်လို ၀ုန်းဒိုင်းကြဲ
မဆောက်ရဲတော့ဘူး။ အခုက ဆောက်လုပ်ရေးထဲကို
ပေါ်ပင်ဝင်လာတဲ့ သူတွေကတော့ ဈေးကွက် အနေအထား
အရ စီမံကိန်းအသစ်တွေ ထပ်မဆောက်တော့ဘူး။
နောက်တစ်နှစ်ခွဲလောက် ဆိုရင်တော့ အစိုးရ အပြောင်းအလဲနဲ့
ပြည်ပကလည်း ၀င်လာမယ်ဆိုရင် လိုအပ်ချက်မြင့်မားပြီး
ဈေးကွက်ပြန်ကောင်း လာမယ်လို့ မျှော်လင့်ထားပါတယ်” ဟု
ကိုမျိုးမြင့်က သုံးသပ်ပြောကြားသည်။
ဈေးကွက်အေးနေမှုနှင့်အတူ တိုက်ခန်းဈေးများလည်း
ကျဆင်းနေကြောင်း၊ သို့သော် သိသိသာသာ ကျဆင်းမှုမျိုး
မဟုတ်ကြောင်း ကိုမျိုးမြင့်က ဆက်လက်ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီမှ သြဂုတ်လကုန်အထိ
ရန်ကုန်မြို့၌ အထပ်မြင့် အထပ်နိမ့် အဆောက်အအုံ
အရေအတွက် ၄၃၂၉ လုံး ဆောက်လုပ်ခွင့်ပြုခဲ့ရာမှ
ယခု ၂၁၁၅ ခုနှစ် ဇန်န၀ါရီလမှ သြဂုတ်လကုန်အထိ
အထပ်မြင့် အထပ်နိမ့် အဆောက်အအုံ စုစုပေါင်း ၄၈၅၃ လုံး
ဆောက်လုပ်ခွင့် ပြုခဲ့ခြင်းကြောင့် အဆောက်အအုံ
ဆောက်လုပ်မှု လျော့ကျသွားခြင်း မရှိခဲ့ကြောင်း စည်ပင်က
ထုတ်ပြန်ထားခဲ့သော်လည်း လက်ရှိနှစ်ကုန်ပိုင်းမှ
ဆောက်လုပ်မှုများ ကျဆင်းသွားခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။
တိုက်ခန်းဈေးကွက် အေးနေခြင်းကြောင့် ခွင့်ပြုချက်မဲ့
ကန်ထရိုက်တိုက်များလည်း ဆောက်လုပ်မှု ကျဆင်းသွား
ခဲ့ကြောင်း၊ အလားတူ အချို့တိုက်ခန်းများ ပြီးစီးအောင်
ဆောက်လုပ်ခြင်းမရှိဘဲ ကန်ထရိုက် ထွက်ပြေးသွားမှုများလည်း
ရှိနေပြီး ယင်းသို့ ထွက်ပြေးသွားသည့် ကန်ထရိုက်များအား
စတင်တရား စွဲဆိုနေကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဌာနမှ
သိရသည်။
***
၂။ "တိုက်ခန်းများ အရောင်းအဝယ်ပါးသဖြင့်
တရားမဝင်ဆောက်လုပ်မှု လျော့နည်းသွား"
တိုက်ခန်းအရောင်း အဝယ်များ ကျဆင်းသွားသဖြင့်
ခွင့်ပြုချက်မဲ့ တည်ဆောက်သည့် တရားမဝင်အထပ်မြင့်
အဆောက် အအုံများ ဆောက်လုပ်မှု လျော့ နည်းသွားကြောင်း
ရန်ကုန်မြို့တော်စည်ပင် (အင်ဂျင်နီယာနှင့်အဆောက်အအုံဌာန)
မှ သတင်းရရှိသည်။
'‘အခန်းတွေက ထင်သလောက် ရောင်းမထွက်တော့
မဆောက်ရဲကြတော့ဘူး။ ဒဏ် ကြေးတွေကလည်း တိုးလိုက်တဲ့
အတွက်ကြောင့် အခုလိုလျော့ လာတာ’’ဟု အဆိုပါဌာနမှ
တာ ဝန်ရှိသူတစ်ဦးကပြောသည်။
၂၀၁၅ သြဂုတ်အထိ စာရင်း များအရ လိုင်စင်မဲ့
ကန်ထရိုက်တာများ တည်ဆောက်သည့် ခွင့်ပြုချက်မဲ့
အဆောက်အအုံ နှစ် ထောင့်ငါးရာခန့် ရှိသော်လည်း ဒီဇင်ဘာ
ပထမပတ်တွင် အဆောက်အအုံ သုံးထောင်ခန့်သာရှိ၍
ထင်သလောက် မြင့်တက်လာခြင်း မရှိကြောင်း သိရသည်။
၂၀၁၅ အတွင်း တိုက်ခန်း အရောင်းအဝယ်များ ကျဆင်း
ခြင်းကြောင့် ရပ်ကွက်များအတွင်း တရားမဝင် တည်ဆောက်သည့်
ကန်ထရိုက်တာများအထိ ရိုက် ခတ်ပြီး အခန်းဈေးနှုန်းများ
ကျဆင်းလာခြင်း၊ အရောင်းအဝယ်လုပ် မည့်သူနည်းပါးလာခြင်း
တို့ကြောင့်ဆောက်လုပ်မှု လျော့ကျသွားခြင်းဖြစ်သည်။
ခွင့်ပြုချက်မဲ့ အဆောက်အအုံများ ဆောက်လုပ်ခြင်းကို
တစ်ရက်လျှင် ဒဏ်ကြေးငွေ ကျပ်တစ်သောင်းမှ ငါးသောင်းသို့
တိုးမြှင့်လိုက်ပြီး ခွင့်ပြုသည့် ဧရိယာထက် ပိုမိုဆောက်လုပ်ပါက
တစ်သောင်းမှ တစ်သောင်းခွဲအထိ တိုးမြှင့်လိုက်သဖြင့်
ဆောက်လုပ်သူ လျော့ကျလာခြင်းဖြစ်ကြောင်း
လမင်းဧရာဆောက်လုပ်ရေးကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ
ဦးစိုးမြင့်ကပြောသည်။
ခွင့်ပြုချက်မဲ့ အဆောက်အအုံများ တည်ဆောက်မှု လျော့နည်း
လာသကဲ့သို့ အဆောက်အအုံ ဆောက်လုပ်ခွင့် တရားဝင်
တောင်းခံနှုန်းမှာလည်း ယခင်နှစ်ကထက် ထက်ဝက်
လျော့ကျလာ ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေး
ကော်မတီက သတင်းထုတ်ပြန်ထားသည်။
တရားမဝင် ဆောက်လုပ်မှု များ လျော့နည်းစေရန်
ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေး ရေး ကော်ပိုရေးရှင်းနှင့်
ပူးပေါင်းကာ လျှပ်စစ်မီးမရရှိအောင်ပြုလုပ်သည်အထိ
တားမြစ်ထားသည်။
ခွင့်ပြုချက်မဲ့ အဆောက်အအုံအများစုကို
သင်္ဃန်းကျွန်း၊ သာကေတ၊ တောင်ဥက္ကလာပ၊ မရမ်းကုန်းနှင့်
လှိုင်မြို့နယ်များတွင် အများဆုံး တည်ဆောက်နေပြီး
ပြီးခဲ့သည့်နှစ်က ထောင်နှင့်ချီသော အဆောက်အအုံများကို
တရားစွဲဆိုခဲ့ကာ ထပ်မံတရားစွဲဆိုမည့် အဆောက်အအုံများစွာ
ရှိသေးကြောင်း သိရသည်။
(မိုးညို)
***
၃။ "တန်ဖိုးနည်းအိမ်ရာ အခန်း (၁၈၀၀)ကျော်အား
အငှားအိမ်ရာ စနစ်သို့ ပြောင်းလဲမည်"
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တန်ဖိုးနည်း အိမ်ရာများမှ
အခန်းပေါင်း (၁၈၆၄)ခန်းအား ပြည်သူ့အငှားအိမ်ရာ အခန်းသို့
ပြောင်းလဲငှားရမ်းရန် စီစဉ်နေကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး
ဦးစီးဌာနမှ သိရသည်။
“အခု ရောင်းနေတဲ့ တန်ဖိုးနည်းအိမ်ရာ အခန်းတွေမ၀ယ်နိုင်တဲ့
သူတွေ များနေသေးတဲ့အတွက် အငှားအိမ်ရာ စနစ်ကို
ပြောင်းလဲဖို့အတွက် လုပ်ဆောင်နေတာ ဖြစ်တယ်”ဟု
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး
ဦးမင်းအောင်အေးက ပြောသည်။
လက်ရှိ ရောင်းချနေသည့် တန်ဖိုးနည်း အိမ်ရာများ၊ ၀င်ငွေနည်း
ပြည်သူများ ၀ယ်ယူနိုင်ခြင်း မရှိသည့်အပြင်၊ ကြိုတင်ငွေ
(၃၀)ရာခိုင်နှုန်းကို မပေးဆောင်နိုင်သူ အများအပြားလည်း
ရှိကြောင်း သိရသည်။
ထို့ကြောင့် ရွှေလင်ပန်းအိမ်ရာ အပိုင်း(၁)မှ အကျယ်အနည်းဆုံး
(၅၂၂) စတုရန်းပေရှိသော အခန်းပေါင်း (၁၀၀၀)နှင့်
ယုဇန (၉၄)ရပ်ကွက် တန်ဖိုးနည်း အိမ်ရာမှ (၈၆၄)ခန်းကို
အငှားအိမ်ရာစနစ်သို့ ပြောင်းလဲ၍ နိုင်ငံတော် အစိုးရထံ
တင်ပြထားကြောင်း သိရသည်။
“အိမ်ခန်းပေါက်ပေမဲ့ ပထမဆုံးအရစ်ကို ပေးသွင်းဖို့ ငွေက
အခက်အခဲ ဖြစ်နေတယ်။ ဘဏ်ချေးငွေ ကျတော့လည်း နှစ်က
နည်းနေသေးတဲ့ အတွက် သိပ်အဆင်မပြေဘူး။ အဲဒါကြောင့်
သွားပြီးအကြောင်း မကြားနိုင်သေးတာ”ဟု ရွှေလင်ပန်းအိမ်ရာ
မဲပေါက်ထားသူ ကုမ္ပဏီဝန်ထမ်း ဒေါ်ချိုချိုလတ်က ပြောသည်။
တန်ဖိုးနည်းအိမ်ရာ အခန်းများအား အငှားအိမ်ရာ
အခန်းပြောင်းလဲငှားရမ်းရန် ကျပ်သိန်း (၁၂၀)အခန်း ဖြစ်ပါက
တစ်လလျှင် (၅၀၀၀၀)ကျပ်နှင့် နှစ် (၂၀) အရင်း ကြေသည်ထိ
ပေးခြင်းစသည့် နှုန်းထားများဖြင့် ငှားရမ်းရန် စီစဉ်နေကြောင်း
မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
ယခုအခါ ရန်ကုန်တိုင်း ဒေသကြီးအတွင်း အိမ်ရာလိုအပ်ချက်များ
ဖြည့်တင်းနိုင်ရန် ဆောက်လုပ်ရေး ၀န်ကြီးဌာန လမ်းညွှန်ချက်ဖြင့်
တန်ဖိုးနည်းအိမ်ရာ (၁၀) ခုအား အကောင်အထည်ဖော်
ဆောင်ရွက်နေကြောင်း သိရသည်။
***
၎။ "ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ တန်ဖိုးသင့်
အိမ်ရာစီမံကိန်း အကျိုးတူ ဆောင်ရွက်ရန် စီစဉ်"
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ
ပျဉ်းမပင်အိမ်ရာစခန်းမြေတွင် ပါဝင်သော မြေဧရိယာ
(၃၉)ဧကတွင် တန်ဖိုးသင့် အိမ်ရာစီမံကိန်းအား အကျိုးတူ
ဆောင်ရွက်ရန် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ပြည်တွင်း
လုပ်ငန်းရှင်များအား အိတ်ဖွင့် တင်ဒါ ခေါ်ယူဆောင်ရွက်
နေကြောင်း သိရသည်။
ထိုတန်ဖိုးသင့် အိမ်ရာစီမံကိန်းသည် ဆောက်လုပ်ရေး
ဝန်ကြီးဌာန ၊ မြို့ ပြနှင့် အိမ်ရာ ဖွံ့ ဖြိုးရေး ဦးစီးဌာနပိုင် ဖြစ်သော
မင်္ဂလာဒုံမြို့နယ်၊ မြေတိုင်းရပ်ကွက် (၅၂၉/A)၊ ပျဉ်းမပင်အိမ်ရာ
စခန်းမြေတွင် ပါဝင်သော မြေဧရိယာ(၃၉)ဧကတွင် တည်ရှိပြီး
အိတ်ဖွင့် တင်ဒါစနစ်ဖြင့် အကျိုးတူ ဆောင်ရွက်သွားမည် ဖြစ်ပြီး
တင်ဒါအဆိုပြုလွှာများကို ဇန်န၀ါရီလ ၁၉ ရက် နောက်ဆုံး
ထား၍ တင်သွင်းရမည် ဖြစ်ကြောင်း သိရသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာ နှစ်အတွင်း တန်ဖိုးနည်း အိမ်ရာ၊
တန်ဖိုးသင့် အိမ်ရာ၊ တန်ဖိုးမြင့် အိမ်ရာများ နှင့် ပြည်သူ့ အငှား
အိမ်ရာ အိမ်ခန်းပေါင်း ၃၀,၀၀၀ နီးပါး တည်ဆောက် သွားမည်
ဖြစ်ပြီး အိမ်ရာ ကဏ္ဍတွင် နှစ် (၂၀) ရေရှည် ဖွံ့ဖြိုးရေး
စီမံကိန်းဖြင့်
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာရေးနှစ်
အထိ အိမ်ရာယူနစ် တစ်သန်းကို တိုင်းဒေသကြီးနှင့်
ပြည်နယ်များ၏ မြို့တော်များနှင့် ဖွံ့ဖြိုးမှု အလားအလာ ရှိသည့်
မြို့ကြီး (၈၁) မြို့၌ တည်ဆောက်ရန် ရည်မှန်းထားကြောင်း
သိရသည်။
credit - Eleven Media Group / 7day daily /
Messenger news journal & Xinhua myanmar
Labels:
သတင်း/ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment