Tuesday, January 26, 2016
"သက်သေအမျိုးမျိုးအကြောင်း သိကောင်းစရာ"
"သက်သေအမျိုးမျိုးအကြောင်း သိကောင်းစရာ"
တရားရုံးများဟာ အမှုအခင်းတွေ စီရင်ဆုံးဖြတ်ရာမှာ
နှစ်ဘက်သက်သေ သက္ကာယများရဲ့ တင်ပြထွက်ဆိုချက်များ
အရပဲ မည်သည်က မှားသည်၊ မည်သည်က မှန်သည်ကို
စိစစ်သုံးသပ် ဆုံးဖြတ်ပေး ကြရတာ ဖြစ်လို့ စာရှုသူတို့
အနေနဲ့ သက်သေအမျိုးမျိုး အကြောင်းကို
လေ့လာထားသင့်ပါတယ်။
သက်သေအမျိုးမျိုး ရှိပါတယ်။
သက်သေခံဥပဒေနှင့် စပ်ဆိုင်ပတ်သက်တဲ့ သက်သေများ
ဖြစ်သော ကလေးသက်သေ၊ သူရူးသက်သေ၊ ဆွံ့အသက်သေ၊
လင်မယားသက်သေ၊ဆွေမျိုးသက်သေ၊ကြုံကြိုက်သက်သေများ
အကြောင်းကို ဆွေးနွေးတင်ပြပါ့မယ်။ ဒီလိုသက်သေ
အခေါ်အဝေါ်တွေ ကတော့ ပြဋ္ဌာန်းဥပဒေ ပုဒ်မများနဲ့
စီရင်ထုံးများပါ ဖော်ပြချက်များအရ ခြုံငုံမိစေရန် မှတ်သားရ
လွယ်ကူအောင် ခေါ်ဝေါ်သုံးစွဲ ပေးထားခြင်းလည်း ဖြစ်ပါတယ်။
ယင်းသက်သေများ အကြောင်းကို ဥပဒေ ပညာရှင်များရဲ့
အသုံးချဋီကာများမှ ကောက်နုတ်စုစည်းပြီး ဒီပို့စ်လေးမှာ
မျှဝေတင်ပြပေးမှာ ဖြစ်ပါတယ်။
သက်သေခံဥပဒေ ပုဒ်မ ၁၁၈ မှာ အောက်ပါအတိုင်း
ပြဋ္ဌာန်းပါရှိပါတယ်။
(ပုဒ်မ-၁၁၈)
" မည်သူမဆို သက်သေခံနိုင်ခွင့် ရှိသည်။
သို့ရာတွင် အသက်အရွယ် နုနယ်သောကြောင့်သော်
လည်းကောင်း၊ အလွန်အိုမင်း သောကြောင့် သော်
လည်းကောင်း၊ ကိုယ်၌ဖြစ်စေ၊ စိတ်၌ဖြစ်စေ ရောဂါ စွဲကပ်ခြင်း
ကြောင့် သော်လည်းကောင်း၊ အလားတူဖြစ်သော အခြား
အကြောင်း တစ်ခုခုကြောင့် သော်လည်းကောင်း မိမိအား
မေးမြန်းသည့် မေးခွန်းများကို နားမလည်နိုင်သူ၊ သို့မဟုတ်
ဆင်ခြင် တိုင်းထွာ၍ ဖြေဆိုခြင်း မပြုနိုင်သူဟု တရားရုံးက
ထင်မြင်ယူဆလျှင် ထိုသူကို သက်သေခံခွင့် မပြုရ။ "
* သက်သေခံဥပဒေ ပုဒ်မ ၁၁၈ အရ
လူတစ်ဦးဟာ မေးမြန်းတဲ့ မေးခွန်းကို နားလည်ရင်၊
ဒါမှမဟုတ် ကြောင်းကျိုး ဆီလျော်စွာ ဖြေဆိုနိုင်စွမ်း ရှိရင်
၎င်းဟာ တရားရုံးမှာ သက်သေခံနိုင်မှာ ဖြစ်ပါတယ်။
သက်သေခံနိုင်သူ တစ်ဦးကို သာမန်အားဖြင့်တော့
သက်သေခံဖို့ အတင်းအကြပ် ပြုနိုင်ပါတယ်။
* ပုဒ်မ ၁၂၁ မှ ၁၃၂ အထိပါ ပြဋ္ဌာန်းချက်များအရ
သက်သေခံ လာရောက်တဲ့သက်သေကို အချို့သော
မေးခွန်းများ မေးမြန်းခြင်း မပြုနိုင်ပါဘူး။
သက်သေခံနိုင်သူတိုင်းရဲ့ ထွက်ဆိုချက်တိုင်းဟာ
သက်သေခံ ၀င်နေတာလား ဆိုတော့ မဟုတ်ပါဘူး။
တဆင့်ကြားစကား၊ တရားခံက ရဲထံပေးတဲ့ ဖြောင့်ချက်မျိုးတွေ
ကတော့ သက်သေခံ ၀င်မှာမဟုတ်ပါဘူး။
မှတ်သားသင့်တဲ့ အချက်တစ်ခု ရှိပါတယ်။
အဲဒါက တရားခံနှစ်ဦး အနက် တစ်ဦးဟာ တရားရှင်လွတ်သွား
ခဲ့မယ်ဆိုရင် ထိုသို့ လွတ်သွားသော တရားခံဟာ အဆိုပါ
အမှုမှာပဲ သက်သေခံနိုင်ခွင့် ရှိသေးတယ် ဆိုတာကို
မှတ်သားရပါမယ်။
"ကလေးသက်သေ"
===========
အပတ် နှင့် အစိုးရ (၁၉၄၀၊ ရန်ကုန်စီရင်ထုံး၊ စာ-၁၀၄)တွင်
"ကလေးသူငယ်သက်သေ (Child Witness) တစ်ဦးကို
သက်သေအဖြစ် မစစ်ဆေးမီ မေးခွန်းများကို နားလည်နိုင်မည်
ဟုတ်၊မဟုတ်နှင့် အကြောင်းနှင့် လျော်ညီစွာ ဖြေဆိုနိုင်ခြင်း
ရှိ၊မရှိ သိရှိရန်အတွက် ၎င်းအား တရားရုံးက မေးခွန်းများ
ထုတ်၍ မေးမြန်းရမည်။ ထို့နောက် အထက်ပါ အချက်များနှင့်
ပတ်သက်၍ ကျေနပ်မှသာလျှင် အမှုတွင် သက်သေ အဖြစ်
စစ်ဆေးရမည်" ဟု ညွှန်ပြထားပါတယ်။
မောင်မြမောင် နှင့် နိုင်ငံတော်
(၁၉၆၀၊ မတစ (လွှတ်ချုပ်)၊ စာ-၂၀) တွင်
"အသက်အရွယ် နုနယ် လူမမယ်ကလေးများ၏
သက်သေခံချက်ကို အထူးသတိချပ်၍ ချိန်ဆ ဝေဖန်ရမည်။
အကြောင်းကား အသက်အရွယ် နုနယ် လူမမယ်ကလေးများ
သည် လူမသမာများ မဟုတ်မမှန် လုပ်ကြံသင်ပေးသည်ကို
ယုံလွယ်၍ မှတ်လွယ်ကြသောကြောင့် ဖြစ်သည်။
ယင်းသို့ လူမမယ်ကလေးများကို သက်သေထူသည့် အခါ၌
သက်သေအဖြစ် စစ်ဆေးခြင်းမပြုမီ သင့်တော်သော ပဏာမ
မေးခွန်းများ မေး၍ မေးသည့်မေးခွန်းကို နားလည်သလော၊
အဖြေများကို မိမိအသက် အရွယ်အလျောက် သာမန်လူများ
ကဲ့သို့ ဖြေဆိုနိုင်သလော ဟု စဉ်းစားဆုံးဖြတ် ရမည်ဖြစ်သည်။
ယင်းသို့ မေးမြန်းဆုံးဖြတ်ကြောင်းကို အမှုတွဲတွင်
ပေါ်လွင်အောင် တနည်းနည်းဖြင့် ဆောင်ရွက်သင့်သည်။
သို့မှသာလျှင် အယူခံရုံးတော်က သက်ရွယ်နုနယ်သူများကို
သက်သေခံဥပဒေ ပုဒ်မ ၁၁၈ အရ သက်သေခံနိုင်
လောက်သောသူများ ဟုတ်၊မဟုတ်ကို ချိန်ဆနိုင်မည် ဖြစ်သည်"
ဟု လမ်းညွှန်ထုံးဖွဲ့ထားပါတယ်။
(၁၂)နှစ်အောက် ကလေးသူငယ်သက်သေမှအပ အခြားကလေး
သက်သေတွေကို စစ်ဆေးတဲ့ အခါမှာ လူကြီးသက်သေများလိုပဲ
ကျမ်း၊ သို့မဟုတ် ကတိသစ္စာ ပြုစေပြီး သက်သေခံစေရပါတယ်။
"သူရူးသက်သေ"
=========
ရူးသွပ်တဲ့သက်သေနဲ့ ပတ်သက်လို့ သက်သေခံဥပဒေ
ပုဒ်မ ၁၁၈ ရဲ့ ရှင်းလင်းချက်မှာ အောက်ပါအတိုင်း
ပြဆိုထားပါတယ်။
"ရူးသွပ်သူတစ်ယောက်သည် မိမိအား မေးမြန်းသည့်
မေးခွန်းများကို နားလည်နိုင်စွမ်း မရှိ၊ ဆင်ခြင်တိုင်းထွာ၍
ဖြေဆိုနိုင်စွမ်းလည်း မရှိလောက်အောင် ရူးသွပ်နေသည့်
အခြေအနေမျိုး မဟုတ်လျှင် သက်သေခံနိုင်ခွင့် ရှိသည်။"
ရူးသွပ်သောသူဟာ ၎င်း စိတ်ကောင်းဝင်နေချိန်မှာ
မေးမြန်းတဲ့ မေးခွန်းများကို နားလည် သဘောပေါက်ပြီး
ကျိုးကြောင်းဆီလျော်စွာ ဖြေဆိုနိုင်တဲ့ အခါမျိုးမှာ ၎င်းကို
သက်သေအဖြစ် အစစ်ခံနိုင်ခွင့် ရှိကြောင်း ဒီပုဒ်မရဲ့
ရှင်းလင်းချက်မှာ ဖော်ပြထားခြင်း ဖြစ်ပါတယ်။
ဒီလို သူရူးသက်သေမျိုး အမှုမှာ ပါလာတယ် ဆိုရင်တော့
ရုံးအနေနဲ့ အထူးသတိထားကာ ချင့်ချိန်စိစစ်ပြီးမှသာ
တင်ပြလာတဲ့ သူရူးသက်သေကို သက်သေအဖြစ် လက်ခံ
စစ်ဆေးရန် သင့်၊ မသင့်ကို စဉ်းစားဆုံးဖြတ်သင့်ပါတယ်။
"ဆွံ့အသက်သေ"
=========
သက်သေခံဥပဒေ ပုဒ်မ ၁၁၉ တွင်
"စကားမပြောနိုင်သော သက်သေတစ်ဦးသည် စာရေးသား
တင်ပြခြင်း၊ သို့မဟုတ် လက်ရိပ်ခြေရိပ်ပြခြင်း ကဲ့သို့ သူတစ်ပါး
နားလည်နိုင်သော အခြားနည်း တစ်နည်းနည်းဖြင့် သက်သေ
တင်ပြနိုင်သည်။ သို့ရာတွင် ထိုကဲ့သို့ စာရေးသား တင်ပြခြင်း၊
သို့မဟုတ် လက်ရိပ်လက်ခြေပြခြင်းကို တရားရုံးတွင်
လူအများရှေ့၌ ပြုလုပ်ရမည်။ ထိုကဲ့သို့ တင်ပြသော
သက်သေခံချက်ကို နှုတ်သက်သေခံချက်ဟု မှတ်ယူရမည်။"
လို့ ပြဋ္ဌာန်းပါရှိတာကို တွေ့ရပါတယ်။
ဒီအချက်ကို ဆရာ ဦးသက်ဖေက ဝေဖန်ထားတာကတော့
စကားမပြောနိုင်တဲ့ သက်သေဟာ စာတတ်သူဖြစ်မယ်ဆိုရင်
စာရေးသား၍ သက်သေထွက်ဆိုစေခြင်းက အမူအရာ
လက်ဟန်ခြေဟန်နဲ့ တင်ပြနေခြင်းထက် ပိုမို စိတ်ချရမှာ
ဖြစ်ကြောင်း၊ စာမတတ်မှသာ အမူအရာ ပြသပြီး ထွက်ဆိုစေရမှာ
ဖြစ်ကြောင်း၊ စကားမပြောနိုင်သော သက်သေဟာ
သက်သေခံနိုင်သူလည်း ဖြစ်ရန်လိုမှာ ဖြစ်တဲ့အကြောင်း၊
ဒါပေမယ့် မေးခွန်းကို နားမလည်နိုင်သည့်၊ သို့မဟုတ်
အကြောင်းအားလျော်စွာ ဖြေဆိုခြင်းမပြုနိုင်သည့်
စကားမပြောနိုင်သူဟာ သက်သေခံခြင်း မပြုနိုင်ကြောင်း
ဝေဖန်ပြထားတာကို လေ့လာမှတ်သားရပါတယ်။
"လင်မယားသက်သေ"
============
တရားမမှုများ အားလုံးမှာ အမှုသည် နှင့်
အမှုသည်ရဲ့ ခင်ပွန်း (သို့မဟုတ်) ဇနီးဖြစ်သူဟာ သက်သေ
အဖြစ် အစစ်ခံနိုင်သူ ဖြစ်ကြောင်း၊ ရာဇ၀တ်မှုခင်းများမှာလည်း
တရားစွဲဆိုခြင်း ခံရသူရဲ့ ခင်ပွန်း (သို့မဟုတ်) ဇနီးဖြစ်သူဟာ
သက်သေအဖြစ် အစစ်ခံနိုင်သူ ဖြစ်ကြောင်း
သက်သေခံဥပဒေ ပုဒ်မ ၁၂၀ မှာ ပြဋ္ဌာန်းထားပါတယ်။
သက်သေခံဥပဒေ ပုဒ်မ ၁၂၂ မှာ လင်ယောကျာ်းနှင့် မယား
ဖြစ်သူတို့ဟာ ၎င်းတို့ လက်ထပ်ထိမ်းမြား ပေါင်းသင်း နေစဉ်
အတွင်း တစ်ဦးက တစ်ဦးကို ပြောဆိုတဲ့စကားတွေကို အမှုမှာ
သက်သေခံ တင်ပြခွင့်မရှိပါဘူး။
ခြွင်းချက်အားဖြင့်တော့
ပြောကြားသူ (သို့မဟုတ်) ၎င်း၏အကျိုးကို ဆက်ခံသူက
သဘောတူလျှင်ဖြစ်စေ၊ လင်မယားချင်း ဖြစ်ပွားသောတရားမမှုမှာ
ဖြစ်စေ၊ တစ်ဦးကတစ်ဦး အပေါ် စွဲဆိုတဲ့ ရာဇ၀တ်မှုမှာ ဖြစ်စေ
ပြောဆိုတဲ့စကားတွေကိုတော့ သက်သေခံတင်ပြခွင့် ရှိတယ်လို့
ပါရှိပါတယ်။
"ဆွေမျိုးသက်သေ"
==========
မောင်ချစ်လှ ပါ-၆ နှင့် နိုင်ငံတော်
(၁၉၆၆၊ မတစ (ရုံးချုပ်)၊ စာ-၉၇၈)၌
"ရာဇ၀တ်မှုများတွင်သက်သေများသည် စွပ်စွဲသူနှင့် ဆွေမျိုး
တော်စပ်သည့် အကြောင်းကြောင့် သက်သေတို့၏ ထွက်ချက်ကို
လက်မခံရ ဆိုသော တားမြစ်သည့် ဥပဒေ မရှိချေ။
သက်သေတစ်ဦးဦးအား ယုံကြည်သင့်၊မသင့် ဆိုသော
ပြဿနာနှင့် ပတ်သက်၍
- ထိုသက်သေသည် အမှုဖြစ်ပွားပုံကို တွေ့မြင်နိုင်ရန်
အကြောင်းရှိ၊မရှိ၊
- ကွယ်ထောင့် လိမ်လည်၍ ထွက်ဆိုရန် အကြောင်းရှိ၊မရှိ၊
- ၎င်း၏ထွက်ချက်သည် အမှုဖြစ်အကြောင်း ခြင်းရာများနှင့်
ဆီလျော်အပ်စပ်ခြင်း ရှိ၊မရှိ ဆိုသည့် အချက်အလက်များအပေါ်
မူတည်၍ အဆုံးအဖြတ် ပြုရမည် ဖြစ်သည်"ဟု စီရင်ထုံးဖွဲ့
ထားတာကိုလည်း လေ့လာမှတ်သားသင့်ပါတယ်။
"ပြစ်မှုဆိုင်ရာအမှုများနှင့်ပတ်သက်၍ သက်သေခံဥပဒေတွင်
သက်သေများသည် တရားလိုနှင့်ဆွေမျိုး တော်စပ်သည့်
အကြောင်းကြောင့် ယင်းသက်သေများ၏ထွက်ချက်ကို
လက်မခံရ ဟု တားမြစ်ထားသော ပြဌာန်းချက်မရှိချေ။"
မောင်စံလွင်(ခ)နသီး နှင့် ဆိုရှယ်လစ်
(၁၉၇၈ ၊ မတစ၊ စာ- ၂၄)
"ကြုံကြိုက်သက်သေ"
===========
ဦးလှထွန်း နှင့် ဦးထီ (၁၉၆၆၊ မတစ (ရုံးချုပ်)၊ စာ-၁၅၉၉)
စီရင်ထုံးမှာ
"ကြုံကြိုက်သက်သေများ (Chance Witness) တို့၏
ထွက်ချက်များကို သတိနှင့် လက်ခံရမည်ဖြစ်သည်။ ကြုံကြိုက်
သက်သေတိုင်း မမှန်သက်သေ ဖြစ်သည်ဟု မဆိုနိုင်သော်လည်း
ထိုသက်သေမျိုးကို အလွယ်တကူနှင့် ပြနိုင်သည့် အလျောက်
ခြွင်းချက်မရှိ လက်ခံခြင်း မပြုနိုင်ပေ" ဟူ၍လည်း မှတ်သားဖွယ်
စီရင်ဆုံးဖြတ်ထားတာကို တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။
(ထပ်မံမှတ်သားဖွယ် စီရင်ထုံး)
"အခြားထောက်ခံသက်သေမရှိဘဲ ကြုံကြိုက်သက်သေ၏
သက်သေခံချက်ကို မယုံကြည်ထိုက်ပေ။"
ဦးအောင်စိန် နှင့် ဦးခင်ဆင့် (၁၉၇၈ ၊ မတစ၊ စာ - ၁၂၇)
အထက်မှာ အမျိုးမျိုးသော သက်သေများရဲ့အကြောင်းကို
မျှဝေတင်ပြခဲ့ပြီး ပါပြီ။ ရိုးသားတဲ့ သက်သေ ဟုတ်၊မဟုတ်
ဆိုတာကို သက်သေရဲ့ အပြောအဆို၊ အမူအရာ၊ ဥပဓိ၊
အရိပ်အကဲ စတာတွေကိုကြည့်ပြီး အကဲဖြတ်နိုင်တာမျိုးလည်း
ရှိပါတယ်။
တရားရုံး ရှေ့မှောက်မှာ အချို့သော သက်သေတွေဟာ
အဖြစ်မှန်အတိုင်း တစ်ခွန်းမကျန် ပြောပြထွက်ဆိုတတ် ကြသလို၊
အချို့ကလည်း အမှန်နှင့် အမှားကို ရောထွေး တင်ပြထွက်ဆို
ကြတာမျိုးလည်း ရှိပါတယ်။
သက်သေတွေဟာ အမှတ်တမဲ့ဖြစ်ခြင်း၊ သတိမေ့ခြင်း၊ မှတ်ဥာဏ်
ချွတ်ချော်ခြင်း၊ ကာလကြာညောင်းခြင်း အကြောင်းရင်း တစ်ခုခု
ကြောင့် အလွဲအမှား တင်ပြထွက်ဆိုတတ် ကြတာမျိုး ရှိသလို၊
ထင်မြင်ချက်တွေနဲ့ ရော်ရမ်းမှန်းဆပြီး ထွက်ဆိုတတ်ကြ တာ
မျိုးလည်း ရှိတတ်ပြန်ပါတယ်။
အချို့သော သက်သေများ ကျပြန်တော့ တစ်ဦးတစ်ယောက်ရဲ့
သင်ကြားလမ်းညွှန်မှု ကြောင့် မှန်တာထက် ပို၍သော်
လည်းကောင်း၊ လျော့ပေါ့၍ သော်လည်းကောင်း ထွက်ဆိုတာ
မျိုးလည်း ရှိတတ်တာမို့ သက်သေများကို စစ်ဆေးနေစဉ်မှာ
အမှုစစ်ဆေးသူ၊ စီရင်ဆုံးဖြတ်ရသူ များအားလုံးက အထူးသတိ
ဝီရိယထား စစ်ဆေး၊ စီရင်ကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
အချိန်ကြာမြင့်သော်လည်း အသေးစိတ် အချက်အလက်များကို
အတိအကျ ဖော်ထုတ်ပြောဆိုတဲ့ သက်သေမျိုးကို သတိပြုသင့်
ပါတယ်။ သင်ထား ကျက်ထားလို့များ ဒီလောက် တိကျနေရ
တာလားလို့ ချင့်ချိန်စဉ်းစား သင့်ပါတယ်။ အချို့အချက်တွေကို
မမှတ်မိတော့ပါဘူးလို့ ပြောတဲ့သက်သေနဲ့ မှားပြီး ပြောတဲ့
သက်သေတွေကို လုံးဝ တန်ဖိုးမရှိတဲ့သက်သေလို့တော့
တရားသေ ပြောလို့မရပါဘူး။ တရားရုံးမှာ သက်သေခံတဲ့အခါမှာ
လူ့သဘာဝအရ မိမိရဲ့အမှုသည်အတွက် အကျိုးရှိမယ့်
အချက်တွေကို ချဲ့ထွင်ပြောကြ တာမျိုးတွေ ရှိတတ်ပါတယ်။
ထိခိုက်မယ့်အချက် ကျပြန်တော့ လျော့လျော့ပေါ့ပေါ့ ထွက်ဆို
တတ်ကြတာမျိုး တွေလည်း ရှိပါတယ်။ အထူးချင့်ချိန်စဉ်းစား
ကြရမှာ ဖြစ်ပါတယ်။
ဆရာ ဦးဗကြိုင် လမ်းညွှန်ပြခဲ့တာကတော့
သက်သေတစ်ဦးရဲ့ အမူအရာ၊ ပြန်လှန်မေးခွန်းအပေါ် သက်သေရဲ့
ဖြေကြားပုံ၊ သက်သေရဲ့ အခြား စာရွက်စာတမ်းများ၊ (သို့မဟုတ်)
အငြင်းပွားချက် မရှိတဲ့ အကြောင်းအချက်များနဲ့ ညီညွတ်ပုံ
(သို့မဟုတ်) ကွဲလွဲပုံ၊ သက်သေရဲ့ အဖြေဟာ သဘာဝယုတ္တိ
ရှိ မရှိ၊ ဖြစ်တန်ရာသည်၊ ဟုတ်မှန်ရာသည် (သို့မဟုတ်)
ဖြစ်နိုင်၊ မဖြစ်နိုင်၊ အခြားသက်သေခံချက်များနဲ့ စပ်ဟပ် ညီညွတ်မှု
ရှိ၊မရှိ၊ ရှေ့နောက်ညီညွတ်မှု ရှိ၊မရှိ စတဲ့ အချက်အလက်တွေကို
သေချာစွာ အစွဲအလမ်း မထားဘဲ၊ ယထာဘူတာကျကျ
ဆင်ခြင်သုံးသပ် ချင့်ချိန်ပြီး သက်သေတစ်ဦးကို မည်မျှအထိ
မည်သည့် သက်သေခံချက်နှင့် စပ်လျဉ်း၍ ယုံကြည်သင့်တယ်
ဆိုတာကို ဆုံးဖြတ်ရမယ်လို့ လမ်းညွှန်ခဲ့တာကို
မှတ်သားထားသင့်ပါတယ်။
လွှမ်းမိုးအောင် (တရားရေး)
credit - hlwan moe aung
(မှတ်ချက်)
မူရင်း ဆောင်းပါးအားအနည်းငယ် ချုံထားကြောင်း
ဝန်ခံပါသည်။
Labels:
မှတ်စု
Subscribe to:
Post Comments (Atom)
No comments:
Post a Comment