Sunday, January 31, 2016
"ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်တဲ့ ၂၀၁၆ ခုနှစ် အခွန်အကောက် ဥပဒေ နှင့် ခွင့်ပြုမိန့်မရှိပဲ အထပ်မြင့်တွေ ဆောက်နေတာ စည်ပင်က မတားနိုင်ဟုဆို"
"ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်တဲ့
၂၀၁၆ ခုနှစ် အခွန်အကောက် ဥပဒေ နှင့် ခွင့်ပြုမိန့်မရှိပဲ
အထပ်မြင့်တွေ ဆောက်နေတာ စည်ပင်က မတားနိုင်ဟုဆို"
၁။ "နှစ်တစ်နှစ်အတွင်း လစာဝင်ငွေ ကျပ် ၄၈ သိန်းအထိ
ရရှိသူဖြစ်လျှင် ၀င်ငွေခွန်ဆောင်ရန် မလိုကြောင်း ၂၀၁၆ ခုနှစ်
အခွန်အကောက် ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်း"
နှစ်တစ်နှစ်အတွင်း လစာဝင်ငွေ ကျပ် ၄၈ သိန်းအထိ ရရှိသူ
ဖြစ်လျှင် ၀င်ငွေခွန်ဆောင်ရန် မလိုကြောင်း ၂၀၁၆ ခုနှစ်
အခွန်အကောက် ဥပဒေတွင် ထည့်သွင်းကာ ပြည်ထောင်စု
လွှတ်တော်က အတည်ပြုခဲ့သည်။
ပြည်ထောင်စု လွှတ်တော်က ဇန်န၀ါရီ ၂၂ ရက်တွင် အတည်
ပြုခဲ့သည့် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်
ဥပဒေတွင်
* လစာမှ နှစ်တစ်နှစ်အတွင်း ၀င်ငွေကျပ် ၄,၈၀၀,၀၀၀
အထိ ရရှိသူဖြစ်လျှင် မည်သူ့ကိုမျှ ၀င်ငွေခွန် စည်းကြပ်ခြင်း
မပြုရ။
* သို့ရာတွင် လစာမှ နှစ်တစ်နှစ်အတွင်း ၀င်ငွေကျပ်
၎,၈၀၀,၀၀၀ အထက် ရရှိသူဖြစ်လျှင် သို့မဟုတ်
အသက်မွေးဝမ်းကျောင်း ပညာလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းနှင့်
အခြားရလမ်းများမှ ၀င်ငွေဖြစ်လျှင် မည်သူ့ကိုမဆို
စုစုပေါင်းဝင်ငွေမှ ၀င်ငွေခွန် ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များ
ခုနှိမ်ပြီးနောက် ကျန်ဝင်ငွေအပေါ် ၀င်ငွေအလွှာအလိုက်
စည်းကြပ်ရမည့် ၀င်ငွေခွန် နှုန်းထားများကို သတ်မှတ်ရမည်ဟု
ပြင်ဆင်ကာ အတည်ပြုခဲ့သည်။
ဝင်ငွေခွန်စည်းကြပ်ရန် ၀င်ငွေအလွှာအဖြစ်
- ၁ ကျပ်မှ ကျပ်သိန်း ၂၀ အထိ သုညရာခိုင်နှုန်း၊
- ကျပ် ၂,၀၀၀,၀၀၁ မှ ၅,၀၀၀,၀၀၀ အထိအား ငါးရာခိုင်နှုန်း၊
- ၅,၀၀၀,၀၀၁ ကျပ်မှ ၁၀,၀၀၀,၀၀၀ ကျပ်အထိ
၁၀ ရာခိုင်နှုန်း၊
- ၁၀,၀၀၀,၀၀၁ ကျပ်မှ ၂၀,၀၀၀,၀၀၀ ကျပ်အထိ
၁၅ ရာခိုင်နှုန်း၊
- ၂၀,၀၀၀,၀၀၁ ကျပ်မှ ၃၀,၀၀၀,၀၀၀ ကျပ်အထိ
ရာခိုင်နှုန်း ၂၀၊
- ကျပ် ၃၀,၀၀၀,၀၀၁ နှင့်အထက် ၂၅ ရာခိုင်နှုန်း သတ်မှတ်ကာ
ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည်။
ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆၊ပုဒ်မခွဲ (က)၊ပုဒ်မခွဲငယ်(၁)နှင့်(၂)အရ
* အခြေခံ သက်သာခွင့် ခွင့်ပြုငွေသည် ၀င်ငွေအမျိုးအစား
တစ်ခုစီ၏ ၂၀ ရာခိုင်နှုန်းနှင့် ညီမျှသော ငွေဖြစ်ရမည်။
* သို့ရာတွင် တစ်နှစ်အတွက် အခြေခံသက်သာခွင့် ခွင့်ပြုငွေ
စုစုပေါင်းသည် ကျပ်သိန်း ၁၀၀ ထက် မပိုစေရ။
ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၂)တွင်
* အတူနေ မိဘတစ်ဦးလျှင် ကျပ် ၁၀ သိန်းစီ၊ အိမ်ထောင်ဖက်
တစ်ဦးအတွက်သာလျှင် ကျပ် ၁၀ သိန်း၊ သားသမီး တစ်ဦးလျှင်
ကျပ်ငါးသိန်းစီ စသည်ဖြင့် နုတ်ပယ်၍ ၀င်ငွေခွန် စည်းကြပ်
ရမည်ဟု ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည်။
ဥပဒေကြမ်းပူးပေါင်း ကော်မတီတွဲဖက် အတွင်းရေးမှူး
ဒေါက်တာမြတ်ဥာဏစိုးက
“အစိုးရ၀န်ထမ်းတွေရော၊ ပုဂ္ဂလိက ၀န်ထမ်းတွေရော အခွန်
ဆောင်ရမယ်ဆိုတဲ့ ကိစ္စကတော့ တစ်လ၀င်ငွေ ငါးသိန်း
အထက်ကျမှ အခွန်ဆောင်ရတော့မယ်။ ဘာလို့လည်းဆိုတော့
တစ်နှစ်ကို ၄၈ သိန်း ထက်ကျော်မှ အခွန်ဆောင်ရမယ်လို့
ထည့်လိုက်တယ်။ တစ်နှစ်ကို ၄၈ သိန်းဆိုတော့ ပျမ်းမျှတစ်လကို
လေးသိန်းပေါ့။ သို့သော် ကိုယ့်ဝင်ငွေရဲ့ ၂၀ ရာခိုင်နှုန်းအထိက
အခွန်မဆောင်ရဘူး။ ငါးသိန်းရဲ့ ရာခိုင်နှုန်း ၂၀ ဆိုတော့
တစ်သိန်းပေါ့။ အဲဒါပြန်နုတ်ပြီးတော့ ၄၈ သိန်းဆိုပြီး
ပြင်ထားတာပေါ့။ ဒါကြောင့် ငါးသိန်းအထက် ၀င်ငွေရတဲ့ သူတွေ
ကတော့ အခွန်ဆောင်ဖို့ ပြဋ္ဌာန်းထားခြင်း ဖြစ်ပါတယ်” ဟု
ပြောကြားသည်။
ထို့ပြင်
*** ၀င်ငွေရလမ်း ဖော်ပြနိုင်ခြင်း မရှိသည့် ၀င်ငွေများအတွက်
- တစ်ကျပ်မှ သိန်းသုံးရာအထိ ၁၅ ရာခိုင်နှုန်း၊
- သိန်းသုံးရာ့ တစ်ကျပ်မှ သိန်းတစ်ထောင်ထိ ရာခိုင်နှုန်း ၂၀၊
- သိန်းတစ်ထောင့် တစ်ကျပ်နှင့်အထက် ၀င်ငွေများအတွက်
ရာခိုင်နှုန်း ၃၀ ၀င်ငွေ ခွန်စည်းကြပ် ကောက်ခံသွားမည်ဖြစ်ကြောင်း
ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည့် အခွန်အကောက်
ဥပဒေအရ သိရသည်။ ***
(လက်ရှိ အသက်ဝင်နေသေးတဲ့ အခွန်အကောက် ဥပဒေ
မှာတော့ -
- ၁ ကျပ်မှ သိန်း ၁၀၀၀ အထိ ၃ ရာခိုင်နှုန်း၊
- သိန်း ၁၀၀၀ မှ ၅၀၀၀ အထိကို ငါးရာခိုင်နှုန်း၊
- သိန်း ၅၀၀၀ မှ ၁၀၀၀၀ကို ၁၀ ရာခိုင်နှုန်း၊
- သိန်း ၁၀၀၀၀ မှ ၁၅၀၀၀ အထိကို ၂၀ ရာခိုင်နှုန်းနဲ့
- သိန်း ၁၅၀၀၀ အထက်ကို ၃၀ ရာခိုင်နှုန်း ဆိုပြီး
သတ်မှတ်ထားပါတယ်။
“အိမ်ခြံမြေ လမ်းဆုံ”)
“အခွန်ထမ်းဆောင်တဲ့ ယဉ်ကျေးမှု ထွန်းကားဖို့ လိုနေပြီ။
ဒါပေမဲ့လည်း အဲဒီအခွန်က ဖိစီးတဲ့အခွန် မဖြစ်ဖို့တော့ လိုတယ်။
သတ်မှတ်ပြဋ္ဌာန်းလိုက်တဲ့ အခွန်ဟာ မျှတမှုရှိဖို့အတွက်
အစည်းအဝေးပေါင်း များစွာနဲ့ ဆောင်ရွက်ခဲ့ပါတယ်။
ဒီမိုကရေစီခေတ်မှာ ရှုံးနေတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေကို
ရပ်ပစ်ပြီးတော့ အခွန်ထမ်းတွေ ဆီကရတဲ့ အခွန်တွေနဲ့
တည်ဆောက်ရမှာ ဖြစ်ပါတယ်။ အခွန်နှုန်းကတော့ မျှတတဲ့
အခွန်နှုန်းဖြစ်ရမယ်။ အခွန်အကောက်နဲ့ ရပ်တည်ရမယ်
ဆိုပြီးတော့ အခွန်နှုန်းကို တိုးမြှင့်ပြီး ကောက်လိုက်မယ်ဆိုရင်
အခွန်ရှောင်တဲ့သူတွေ ပေါ်လာမယ်။ မသမာမှုတွေ များလာမယ်။
အဲဒီတော့ အခွန်ရဲ့ စနစ်ကြီး တစ်ခုလုံးကိုလည်း ပြောင်းနေတယ်။
အခုဟာကတော့ ကိုယ်ဘယ်လောက် ၀င်တယ်ဆိုတာ ကြေညာ။
ပြီးရင် အခွန်ဆောင်ပေါ့။ မှန်မှန်ကန်ကန် တင်ပြဖို့တော့
လိုတာပေါ့။ မမှန်ကန်လို့ စစ်လို့ပေါ်ရင်တော့ ဒဏ်ကြေးတွေ
ပါလာမှာပေါ့။ မသမာမှုလုပ်လို့ ဆိုပြီးတော့ပေါ့။ အဲဒီလို
ဆိုရင်တော့ အခွန်ထမ်းနဲ့ အခွန်ရုံးကြားမှာ လာဘ်ပေးလာဘ်ယူမှု
နည်းပြီး ပပျောက်သွားမယ်။ လူတိုင်းအခွန်ထမ်း သင့်ပါတယ်။
ဒီအခွန်တွေထဲကမှ ပညာရေး၊ ကျန်းမာရေး စသည်ဖြင့်
တိုးချဲ့လုပ်ကိုင် လာနိုင်မှာပါ” ဟု ဒေါက်တာမြတ်ဥာဏစိုးက
ပြောကြားသည်။
(စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း၊ မျိုးမင်းထက်)
***
၂။ "ခွင့်ပြုမိန့်မရှိပဲ အထပ်မြင့်တွေ ဆောက်နေတာ စည်ပင်က
မတားနိုင်"
ရန်ကုန်မြို့မှာ အထပ်မြင့်အဆောက်အအုံတွေ ဆောက်လုပ်
နေတာဟာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့
ဆောက်လုပ်နေကြတာဖြစ်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီက ကန့်သတ်ပိုင်ခွင့် မရှိကြောင်း စည်ပင်ကော်မတီ
အဖွဲ့ဝင် ဦးခင်လှိုင်က ပြောကြားလိုက်ပါတယ်။
ရန်ကုန်မြို့တော် စည်ပင်နယ်နိမိတ်အတွင်းမှာ ခွင့်ပြုချက်မရှိပဲ
အထပ်မြင့်အဆောက်အဦးတွေ ဆောက်လုပ်နေ တာနဲ့
ပတ်သက်ပြီး မြို့တော်စည်ပင်သာယာရေးကော်မတီဝင်
ဦးခင်လှိုင်က ရန်ကုန်မြို့ မြို့တော်ခန်းမမှာ ကျင်းပတဲ့ သတင်းစာ
ရှင်းလင်းပွဲမှာ ပြောတာဖြစ်ပါတယ်။
"ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ ဖွဲ့စည်းပုံအရ
ပြောမယ်ဆိုရင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ
ဆိုတာဟာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုအဖွဲ့ လက်ထက်တုန်းက
ဆိုရင် ရန်ကုန်မြို့ကြီးကို မြို့တော်ဝန် တိုက်ရိုက်စီမံခန့်ခွဲပြီး
ဆောင်ရွက်တာဖြစ်တဲ့အတွက် အလျင်အမြန်နဲ့ အရှိန်အဟုန်နဲ့
လုပ်နိုင်ခဲ့တာဖြစ်ပါတယ်၊
ဒါပေမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲရဲ့နောက်ပိုင်း အစိုးရသစ် ရဲ့
လက်ထက်မှာကျတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရရဲ့
လက်အောက်ကို ရောက်ရှိသွားတာဖြစ်ပါတယ်၊
အဲ့လိုဆောင်ရွက်တဲ့အခါကျတော့ ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီအနေနဲ့ ဆောင်ရွက်ရတဲ့ အချိန်မှာ
ဘာပဲလုပ်လုပ် တိုင်းဒေသကြီးက ခွင့်ပြုချက်ကို တောင်းပါတယ်။
ကျနော်တို့ သဘောနဲ့ဘာမှ လုပ်လို့မရပါဘူး၊ အဲ့ဒီလို မရတာ
ဖြစ်တဲ့အတွက် ကျနော်တို့ ဒီကနေပြီးတော့ ဘယ်လောက်ပဲ
ကန့်သတ် တိုင်းဒေသကြီးနေပြီးတော့ ခွင့်ပြုမိန့်ရှိလို့ရှိရင်
ကျနော်တို့ ဘာမှလုပ်လို့မရပါဘူး၊ ကျနော်တို့ထက်မြင့်တဲ့
အဖွဲ့အစည်းက ကိုင်ထားတာဖြစ်တဲ့အတွက် ကျနော်တို့
ဒီမှာရှိတဲ့လူတွေကလည်း ခေါင်းညှိတ်ခဲ့ရတာတွေ ပဲရှိပါတယ်၊
မလွန်ဆန်နိုင်တာတွေပဲ ရှိပါတယ်"
ရန်ကုန်စည်ပင် နယ်နိမိတ်အတွင်းမှာ အထပ်မြင့်အဆောက်အဦး
တွေ မဆောက်လုပ်သင့်တဲ့ နေရာတွေ မှာ ဆောက်လုပ်နေတာ၊
ခွင့်ပြုမိန့်မရသေးပဲ ဆောက်လုပ်နေတာတွေ ရှိနေတယ်လို့လည်း
ဦးခင်လှိုင်က ပြော ပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး အရာရှိတွေ
အပါအ၀င် ဝန်ထမ်းတွေမှာ စည်ပင်ဥပဒေနဲ့ လုပ်ထုံးလုပ်နည်း
တွေကို လိုက်နာမှု အားနည်းတာတွေ ရှိနေတယ်လို့လည်း
ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အထပ်မြင့်အဆောက်အဦး
အရေအတွက်ကို မြို့တော်စည်ပင်အနေနဲ့ အတိအကျ
ထုတ်ပြန်ပေးနိုင်ခြင်း မရှိသေးပဲ စာရင်းကောက်ယူနေတယ်လို့
သိရပါတယ်။
ဒီလဆန်းပိုင်းလောက်က ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ်
ဒေါက်တာမေဝင်းမြင့်က ရန်ကုန်မြို့မှာ ခွင့်ပြုချက်မရှိပဲ
အထပ်မြင့်အဆောက်အဦးတွေ ဆောက်လုပ်နေတာကို
ရပ်ဆိုင်းပေးဖို့ တင်ပြခဲ့ပါတယ်။
credit - Eleven Media Group & RFA
Labels:
သတင်း/ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment