Sunday, January 31, 2016
"ပြစ်မှု နဲ့ တရားမ"
"ပြစ်မှု နဲ့ တရားမ"
ရပ်ကွက်ထဲမှာ လှည့်လည်သွားလာရင်းဖြစ်စေ၊
လက်ဖက်ရည်ဆိုင်မှာမိတ်ဆွေအပေါင်းအသင်းများနဲ့ ထိုင်ရင်း
ဖြစ်စေ ကျွန်တော်က ဥပဒေသမားမှန်း သိကြတော့ မကြာခဏ
မေးမြန်းကြတဲ့ အကြောင်းအရာလေးတွေရှိပါတယ်။
အဲဒီအကြောင်းအရာလေးကတော့ ပြစ်မှုဆိုတာ ဘာလဲ၊
တရားမမှုဆိုတာဘာလဲ၊ အဲဒီအမျိုးအစားနှစ်ခုက ဘယ်လို
ကွာသလဲ ဆိုတာပါပဲ။
ပြစ်မှု နဲ့ တရားမမှုဆိုတာ ဘယ်လိုအမှုတွေလဲဆိုတာ ရှင်းလင်း
တင်ပြပါ့မယ် ။
တရားစီရင်ရေးနယ်ပယ်မှာ
ပြစ်မှု တရားစီရင်ရေးနဲ့ တရားမတရားစီရင်ရေးဆိုတာ
နှစ်မျိုးနှစ်စားရှိပါတယ်။
ဟိုးယခင်ကတော့ ပြစ်မှု တရားသူကြီး၊ တရားမ တရားသူကြီး
ဆိုပြီး နှစ်မျိုးခွဲခြားထားခဲ့ပါသေးတယ်။ ပြစ်မှုတရားသူကြီးက
ပြစ်မှုဆိုင်ရာအမှုတွေကိုစစ်ဆေးစီရင် ဆုံးဖြတ်ကြရသလို
တရားမ တရားသူကြီးကလည်း တရားမမှုတွေကို စစ်ဆေးစီရင်
ဆုံးဖြတ်ခဲ့ကြရပါတယ်။အခုတော့ အဲဒီလို ခွဲခြားထားမှု
မရှိတော့ပါဘူး။
ပြစ်မှုဆိုတာ လူတစ်ဦးချင်းရဲ့ အသက်အိုးအိမ်ပစ္စည်းဥစ္စာများကို
ထိပါးစေတဲ့အမှုမျိုးတွေ၊ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ထိခိုက်
စေတဲ့ ထိပါးကျူးလွန်မှုမျိုးတွေကို ပြစ်မှုလို့ ခေါ်ပါတယ်။
လူတစ်ဦးချင်း တစ်ဦးချင်းကို ထိခိုက်လာစေတဲ့ပြစ်မှုမျိုးတွေ
များပြားလာတော့ လူ့အဖွဲ့အစည်းတစ်ရပ်လုံးကိုပါ ထိခိုက်စေတဲ့
အပြုအမူလုပ်ရပ်တွေ ဖြစ်လာကြတော့တာပေါ့။
တစ်နည်းအားဖြင့် လူ့အဖွဲ့အစည်းတစ်ရပ်လုံးရဲ့ စားဝတ်နေမှု၊
လုံခြုံမှုတို့ကိုပါ တာဝန်ယူထားတဲ့သက်ဆိုင် ရာ နိုင်ငံတော်
အစိုးရကိုပါ ထိခိုက်လာစေတဲ့ အမှုမျိုးတွေကို ဆိုလိုတာပါ။
သက်ဆိုင်ရာနိုင်ငံတော်အစိုးရတွေဟာသူတာဝန်ယူအုပ်ချုပ်
နေရတဲ့တိုင်းပြည်ထဲကတိုင်းသူပြည်သားတွေရဲ့အိပ်ကောင်းခြင်း
အိပ်ရဖို့တွေ၊စားကောင်းခြင်းစားရဖို့တွေ၊ခရီးသွားလာတဲ့အခါ
မှာလည်းလုံခြုံ ချောမွေ့စွာသွားလာနိုင် မှုတွေအတွက်
တာဝန်ယူကြရပါတယ်။
လူတစ်ယောက် အိပ်ကောင်းခြင်း မအိပ်ရခြင်း၊ စားကောင်းခြင်း
မစားရခြင်း၊သွားကောင်းခြင်း မသွားမလာနိုင်ခြင်းတို့ အစစဟာ
သက်ဆိုင်ရာ အစိုးရမင်းများမှာ တာဝန်ရှိပါတယ်။
ရပ်ကွက်တွေထဲမှာ သူခိုးတွေ သောင်းကျန်းလို့ ကောင်းစွာ
မအိပ်ရခြင်းဟာလူတစ်ဦးခြင်းရဲ့ ထိခိုက်မှု ဖြစ်သော်လည်း
အစိုးရမှာ တာဝန်ရှိနေပါတယ်။
အဲဒီလိုပဲ အိမ်ရှင်မ တစ်ယောက်ဝယ်လာတဲ့ စားသောက်ကုန်
တစ်ခုခုမှာအဆိပ်အတောက်ပါလာပြီး စားသုံးသူမှာ
အဆိပ်အတောက်ဖြစ်လို့ ဆေးရုံရောက်သွားခြင်းဟာလည်း
အစိုးရမှာပဲ တာဝန်ရှိပါတယ်။
ထို့အတူ ခရီးသွားရင်း
ခရီးသည်တင် ကားကို လမ်းက ဖြတ်ပြီး ဓါးပြတိုက်
လုယက်တာခံရခြင်းဟာလည်း အစိုးရမင်းများမှာပဲ
တာဝန်ရှိမှာဖြစ်ပါတယ်။
လူတစ်ဦးချင်းမှာ ဖြစ်ပေါ်တဲ့ ကိုယ့်အိမ်ပေါ်မှာတက် ပစ္စည်း
အခိုးခံရမှု၊ ကိုယ့်ကို ဓါးနဲ့အထိုးခံရမှု၊တုတ်နဲ့ အရိုက်ခံရမှုတွေက
အစ ရပ်ကွက်ထဲဈေးထဲမှာ ရန်ဖြစ်ကြ၊ သတ်ပုတ်ကြတဲ့အမှုမျိုး
တွေမှာပါ မခံမရပ်နိုင် ဖြစ်ကြလို့ ကိုယ်က သွားအမှုဖွင့်တာ
ဖြစ်ပေမယ့် တကယ့်တကယ်ကျတော့အဲဒီအမှုတွေဟာ
နိုင်ငံတော်ကပဲ အမြဲတမ်း တရားလိုအဖြစ်ဆောင်ရွက်ပါတယ်။
* ကိုယ့်ကို တုတ်နဲ့ အရိုက်ခံရတဲ့အမှု၊ ဓါးနဲ့ အထိုးခံရတဲ့
အမှုမျိုးတွေမှာ ကိုယ်က တရားလိုလုပ်ပြီး ရဲစခန်းမှာ အမှုဖွင့်
ခဲ့ပေမယ့် တရားရုံးရောက် တဲ့အခါ ကိုယ်က ရှေ့နေငှားစရာ
မလိုပဲ ကိုယ့်အတွက် ဥပဒေအရာရှိတစ်ဦးက အမှုလိုက်ပါ
ဆောင်ရွက်ပေးနေခြင်းဟာ ကိုယ့်ကို နိုင်ငံတော်က အခမဲ့
အမှုလိုက်ပါဆောင် ရွက်ပေးနေတာပဲ ဖြစ်ပါတယ်။ *
ခြွင်းချက်ရှိတဲ့ အမှုအမျိုးအစားအချို့ကလွဲပြီး အမှုအများအပြား
မှာတော့ထိခိုက်နစ်နာသူကိုယ်စား နိုင်ငံတော်ကပဲ တရားလို
ပြုလုပ်ပြီး အမှုများကိုတရားစွဲဆိုလေ့ ရှိကြပါတယ်။
ပြစ်မှု တွေမှာလည်းရဲအရေးပိုင်တဲ့အမှုမျိုးနဲ့ရဲ
အရေးမပိုင်တဲ့အမှုအမျိုးအစားဆိုပြီး နှစ်မျိုးခွဲခြား
ထားပါသေးတယ်။
* ရဲအရေးပိုင် တဲ့အမှုတွေမှာတော့ နို င်ငံတော်ကသာ
တရားလိုပြုလုပ်ပြီး အမှုစွဲဆိုပေးလေ့ ရှိပေမယ့်
ရဲအရေးမပိုင်တဲ့ အမှုတွေမှာတော့ မိမိဘာသာ တရားရုံးမှာ
ဦးတိုက် လျှောက်ထားကြရပါတယ်။ *
(ရဲစခန်းသွားတိုင်တဲ့အခါ ပထမသတင်းပေးတိုင်ချက်
မဖွင့်တော့ပဲ (က)၊(ခ)ပုံစံဆိုတာနဲ့ လျှောက်လွှာ နှစ်စောင်
ရေးပေးပြီး တရားရုံးကို ဆက်သွားပါလို့ ညွှန်လိုက်တဲ့
အမှုများဖြစ်ကြပါတယ်။)
* ရဲအရေးပိုင် အမှုဆိုတာက ရဲက တရားရုံးရဲ့ ဖမ်းဝရမ်းမလိုပဲ
တရားခံတစ်ယောက်ကို ဖမ်းဆီးနိုင် တဲ့ အမှုမျိုးကို ခေါ်ပြီး
ရဲအရေးမပိုင် အမှုဆိုတာကတော့ တရားရုံးရဲ့ အမိန့်ဝရမ်းစာပါမှ
တရားခံတစ်ဦးကိုရဲကဖမ်းဆီးနိုင် တဲ့ အမှုမျိုးကို ခေါ်တယ်လို့
အကြမ်းဖျင်း မှတ်သားထားလို့ ရပါတယ်။ *
ရဲအရေးမပိုင်အမှုဆိုတာ တစ်နည်းအားဖြင့် တရားမမှုဆန်ဆန်
အမှုတွေပါ။ တရားရုံးမှာ ကိုယ်တိုင် ဦးတိုက် လျှောက်ထား
ခဲ့ပေမယ့် တစ်ဖက်က အတိုင်ခံရသူ ရုံးကို ရောက်ပြီး ကိုယ့်ကို
တောင်းပန်တဲ့အခါ ကိုယ်ကလည်းစိတ်ပြေသွားတဲ့အခါမှာ
ကိုယ့်ဆန္ဒနဲ့ကိုယ် အမှုကို ပြန်ပြီး ကြေအေးနိုင် တဲ့အမှု
အမျိုးအစား များဖြစ်ကြပါတယ်။
ဥပမာအားဖြင့် အတည်တကျလက်ထပ်ယူပါမယ်ဆိုပြီး
မိန်းကလေးတစ်ဦးဆီက ကာမလိမ်လည်ရယူမှု၊ လိမ်လည်မှု
(ပြစ်မှုပုဒ်မ-၄၁၇)၊ မယားခိုးမှုစတာမျိုးတွေပါ။
ရဲအရေးပိုင်မှုတွေမှာ တော့ အစိုးရက သဘောတူမှ အမှုကို
ပြန်လည် ရုပ်သိမ်းခွင့် ကြေအေးခွင့် ရှိပါမယ်။
ဒါကြောင့် အချို့သော မုဒိမ်းမှုတွေမှာ အပြုကျင့်ခံရတဲ့
မိန်းကလေးဟာ တရားခံက ခြိမ်းခြောက်တာ ခံရလို့ပဲဖြစ်စေ၊
ရှက်ကြောက်လို့ပဲဖြစ်စေ အချင်းဖြစ်ပြီးပြီးချင်း
အချင်းဖြစ်ကိစ္စကို လူကြီးမိဘများကိုဖွင့် မပြောပဲ
လူကြီးမိဘတွေက ချော့မော့မေးမြန်းတော့မှ
အဖြစ်မှန်ကို ဖွင့်ပြောလို့ ရဲစခန်းသွားတိုင်တဲ့အခါ
အချို့သော ရဲစခန်းများက အမှုဖွင့်ပေးကြပေမယ့်အချို့သော
ရဲစခန်းများက အချင်းဖြစ်ပြီး ကြာမြင့်တော့မှ တိုင် ကြား
လာတာကြောင့် သက်သေခံချက်တွေ မရနိုင်တော့တာတို့ ၊
တရားလို မိန်းကလေးကို လိုအပ်တဲ့ ဆေးစစ်ချက်တွေ
ပြုလုပ်ရာမှာ ရက်ကြာသွားတဲ့အတွက် လိုအပ်တဲ့
သက်သေခံချက်များ မရရှိနိုင်တော့တာတို့ကြောင့်
ပထမသတင်းပေး တိုင်ချက်ဖွင့် မပေးတော့ပဲ
ရဲပုံစံ(က)(ခ)နဲ့ ဦးတိုက်လျှောက်လွှာကိုသာရေးပေးပြီး
ရုံးမှာ အမှုဖွင့်ဖို့ပဲ စေလွှတ်တတ်ပါတယ်။
ရုံးက အမှုဖွင့်ပေးပြီးတဲ့နောက်ပိုင်းကျမှ တစ်ခါ တရားခံဖက်က
ကျေနပ်လောက်အောင် တောင်းပန်လို့ အမှုကို ပြန်ရုပ်သိမ်းချင်
လာတဲ့အခါမှာတော့ ကိုယ့်သဘောနဲ့ကိုယ်အမှုကို ရုပ်သိမ်းလို့
မရတော့ပါဘူး။ ရဲအရေးပိုင် ဖြစ်နေလို့ ရဲအရေးပိုင်မှုများ
ရုပ်သိမ်းခွင့် ပြုလုပ်ရာမှာ လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းများ
အတိုင်း လုပ်ကြရပါတော့ တယ်။ ဒါကို အချို့က ဦးတိုက်
လျှောက်ထားတဲ့အမှုမှာ ဥပဒေအရာရှိနဲ့ ရဲတပ်ဖွဲ့အဆင့်ဆင့်ရဲ့
သဘောထား လိုလို့လားလို့ မေးတတ်ကြပါတယ်။
ဒါဟာ ရဲအရေးပိုင်မှုဖြစ်နေတဲ့အတွက် နိုင်ငံတော် ကိုယ်စား
လိုက်ပါဆောင်ရွက်ကြရတဲ့ ဥပဒေအရာရှိ၊ ရဲတပ်ဖွဲ့တို့ရဲ့
အခန်းကဏ္ဍပါလာခြင်း ဖြစ်ပါတယ်။
ပြစ်မှုဆိုင်ရာ အမှုတွေမှာ တစ်ခါထပ်ပြီး ခွဲခြမ်းတဲ့အခါ
ပြစ်မှုဆိုင်ရာ အမှုကြီးနဲ့ ပြစ်မှုဆိုင် ရာ အထွေထွေမှုဆိုပြီး
ရှိပါသေးတယ်။
- ပြစ်မှုကြီးဆိုတာကတော့ လူတစ်ယောက်ဟာ ပြစ်မှုဆိုင်ရာ
ဥပဒေမှာ ပြဌာန်းထားတဲ့ စည်းကမ်းချက်များကို ချိုးဖေါက်
တာကြောင့်စွဲဆိုစစ်ဆေးပြီးအပြစ်ရှိရင်အပြစ်ဒဏ်
(ထောင်ဒဏ်၊ ငွေဒဏ်စသည်တစ်ခုခုဖြစ်စေ၊ နှစ်ခုလုံးဖြစ်စေ)
ချမှတ်နိုင်တဲ့ ပြစ်မှုတွေနဲ့ စွဲဆိုတဲ့ အမှုတွေကို ခေါ်ပါတယ်။
- ပြစ်မှုဆိုင်ရာ အထွေထွေမှုဆိုတာကတော့ မယားစရိတ်၊
ကလေးစရိတ်တောင်းခံတဲ့ အမှုမျိုး၊ တရားခံပြေး များကို
စွဲတဲ့အမှုမျိုး၊ ရဲစခန်းမှာဖြစ်စေ၊တရားရုံးမှာဖြစ်စေ အာမခံ
ပြုလုပ်ထားတဲ့ ခံဝန်ချုပ်ကို ဖေါက်ဖျက်လို့ စွဲဆိုတဲ့အမှုမျိုးတွေ၊
တရားခံတစ်ဦးထံက ဖြောင့်ချက်ရယူတဲ့အမှုမျိုး၊
မျက်မြင်သက်သေတစ်ဦးဦးထံကနောင် ပြောင်းလဲ
ထွက်ဆိုခြင်း မပြုနိုင် အောင်ကြိုတင်ရယူလေ့ရှိတဲ့ ကြိုတင်
ထွက်ဆိုချက်ရယူခြင်း စတဲ့ အမှုမျိုးတွေကိုခေါ်ပါတယ်။
(တစ်နည်းအားဖြင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ အရ
ဆောင်ရွက်ကြလေ့ ရှိတဲ့ အမှုမျိုးတွေကို ပြစ်မှုဆိုင် ရာ
အထွေထွေမှုများအဖြစ် ဖွင့်လှစ်တယ်ဆိုတာ မှတ်သားထား
နိုင်ပါတယ်။)
* ပြစ်မှုဆိုင် ရာ ဥပဒေအရ စွဲဆိုမှုတွေကို ပြစ်မှုကြီး
သို့မဟုတ် ပြစ်မှုဆိုင်ရာမူလမှုလို့ ခေါ်ဆိုကြပြီး
ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ စွဲဆိုမှုမှန်သမျှကိုတော့
ပြစ်မှုဆိုင်ရာ အထွေထွေမှုလို့ ခေါ်ဆိုကြပါတယ်။ *
* ပြစ်မှုဆိုင်ရာ ဥပဒေအရ စွဲဆိုခံရတဲ့ စွပ်စွဲခံရသူတစ်ဦးရဲ့
အမှုမှ တရားလိုပြသက်သေများကို စစ်ဆေးပြီး ပြစ်မှု
ကျူးလွန်ကြောင်း မတွေ့ရတဲ့အခါစွဲချက်မတင်မီလွှတ်ခြင်း
(အရပ်အခေါ် တရားရှင် လွှတ်ခြင်း)နဲ့
စွဲချက်တင်ပြီး တရားခံနဲ့ သူပြသတဲ့ သက်သေများကို စစ်ဆေး
ပြီးမှ အပြစ် မရှိကြောင်းပေါ်ပေါက်လို့လွှတ်ရင်တော့
အပြီးအပြတ်လွှတ်ခြင်း(အရပ်အခေါ်တရားသေလွှတ်ခြင်း)လို့
ခေါ်ကြပါတယ်။ *
ဒီလောက်ဆိုရင် တော့ ပြစ်မှုဆိုတဲ့အပိုင်းကို
အခြေခံအားဖြင့်တော့ သိရှိကြပြီလို့ ယူဆပါတယ်။
ပြစ်မှုမှာလည်း ပညာရှင် အများအပြားရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊
သက်ဆိုင်တိုင်း နိုင်ငံအလိုက် ပြစ်မှု အမျိုးအစားသတ်မှတ်ပုံ
ကွဲပြားမှုများ ရှိနိုင်ကြသေးပေမယ့် နောင် အခွင့်သင့်မှပဲ
ဆက်လက်တင် ပြပါမယ်။
ဆက်လက်ပြီး တရားမမှုများအကြောင်းကို တင်ပြပါမယ်။
တရားမမှု ဆိုတာကတော့-
လူတစ်ဦးတစ်ယောက်ကိုသာ ထိခိုက် နစ်နာစေတဲ့ အမှုမျိုး
ဖြစ်ပါတယ်။လူ့အဖွဲ့အစည်း တစ်ရပ်လုံးကို ထိခိုက်နစ်နာ
စေသော အမှုမျိုးတော့ မဟုတ်ပါဘူး။
တရားမမှု အမျိုးအစားမှာတော့ နစ်နာသူကိုယ်တိုင်က
တရားလိုလုပ်ပြီးသက်ဆိုင်ရာ စီရင်ပိုင်ခွင့်ရှိတဲ့ တရားရုံးမှာ
တရားစွဲဆိုကြရပါတယ်။အစိုးရအနေနဲ့ဝင်ရောက်စွက်ဖက်ခြင်း
မပြုပါဘူး။
(သို့သော် ခြွင်းချက်အားဖြင့်
ကျွန်တော်တို့နိုင်ငံမှာကုန်လွန်ခဲ့တဲ့စစ်အစိုးရအုပ်ချုပ်စဉ်
ကာလတုန်းကတော့ တရားမမှုတွေမှာလည်း သက်ဆိုင်ရာ
အုပ်ချုပ် ရေးအာဏာပိုင်များဟာအရှက်အကြောက်တရား
ကင်းမဲ့စွာနဲ့ တရားရုံးများနဲ့တရားသူကြီး များကို
တရားစီရင်ရေးမှာဝင်စွက်တာမဟုတ်ပါဘူးလို့
လူကြားကောင်းအောင်ပြောဆိုပြီး လက်သိပ်ထိုးဖိအား
ပေးကာဝင်စွက်ဖက်တာမျိုးလေးတွေတော့ရှိခဲ့ကြပါတယ်။)
သာမန်အားဖြင့် အစိုးရအဖွဲ့အစည်းကို ထိခိုက်နစ်နာစေတဲ့
ကိစ္စမျိုးဆိုလို့ ရှိရင် တော့အစိုးရကတရားလိုပြုလုပ်ပြီး စွဲဆိုတဲ့
တရားမမှုမျိုး ရှိနိုင်ပါတယ်။
ပြစ်မှုဆိုင်ရာ အမှုတွေမှာ ပြစ်မှုကျူးလွန်တဲ့တရားခံကို
ငွေဒဏ်၊ ထောင်ဒဏ်၊ကျွန်းဒဏ်၊ သေဒဏ်ဆိုသလို
အပြစ်ဒဏ်များ ပေးနိုင်သလို တရားခံရဲ့ ပြုလုပ်မှုကြောင့်
ထိခိုက်နစ်နာမှုဖြစ်ခဲ့ရတဲ့တရားလိုရဲ့ ဆေးရုံတက်
ရောက် ကုသခံခဲ့ရမှုကြောင့် ငွေကြေးနစ်နာမှုမျိုးဖြစ်ပေါ်ခဲ့တဲ့
အမှုမျိုးတွေမှာတော့ တရားရုံးတော်ရဲ့ ဆင်ခြင်တုံတရားအရ
တရားခံပေးဆောင် စေခဲ့တဲ့ ဒဏ်ငွေအနက်ကနေ
အချို့အ၀က်ကိုထိခိုက်နစ်နာသူ တရားလိုကိုလျော်ကြေးပေးစေ
တဲ့ အမိန့်မျိုးလည်း ချမှတ်တာမျိုးတွေ့ရှိနိုင် ပါတယ်။
တရားမမှုတွေရဲ့ အဓိက ရည်ရွယ်ချက်ကတော့
နစ်နာသူ တရားလိုအား၎င်းဆုံးရှုံးခံခဲ့ရမှုကို အစားထိုးပြန် ရစေရန်
သို့မဟုတ် လျော်ကြေးပြန်ပေးစေရန်တို့ဖြစ်ပါတယ်။
ပြစ်မှုတွေမှာ တရားလို တရားခံလို့ သုံးနှုန်းခေါ်ဝေါ်ကြပေမယ့်
တရားမမှုတွေမှာတော့ တရားလို တရားပြိုင် လို့ ခေါ်ဝေါ်
ကြပါတယ် ။
ပြစ်မှုများမှာ ရဲစခန်းကိုသွားပြီး အမှုဖွင့်တဲ့အခါ ရုံးခွန်တော်
တံဆိပ်ခေါင်းထမ်းဆောင်စရာ မလိုပေမယ့်
တရားမမှုများမှာတော့ မိမိတောင်းဆိုတဲ့ သက်သာခွင့်အပေါ်
မူတည်ပြီး ရုံးခွန်တော်ခေါင်း ထမ်းဆောင်ကြရပါတယ်။
အဲဒီရုံးခွန်တော်ခေါင်းနဲ့ တရားစရိတ်တို့ကိုတော့ သက်ဆိုင်ရာ
အမှုသည်များက ကျခံရမှာ ဖြစ်ပါတယ်။
ဒီလောက်ဆိုရင် တော့ ပြစ်မှုနဲ့ တရားမတို့ရဲ့ ကွဲပြားမှုများကို
အကြမ်းဖျင်းသိရှိ နိုင်ကြလောက်ပြီလို့ ယူဆပါတယ်။
(Aung Soe - Pyay)
credit - ဥပဒေ ရေးရာ လေ့လာစရာ
(မှတ်ချက်)
မူရင်း ဆောင်းပါးအားအနည်းငယ် ချုံထားကြောင်း
ဝန်ခံပါသည်။
Labels:
မှတ်စု
Subscribe to:
Post Comments (Atom)
No comments:
Post a Comment