Tuesday, January 12, 2016

“ရန်ကုန်မြို့သစ်စီမံကိန်း နောက်ဆုံးရသတင်းနှင့် ဝေဖန်သုံးသပ်မှုများ”


“ရန်ကုန်မြို့သစ်စီမံကိန်း နောက်ဆုံးရသတင်းနှင့်
ဝေဖန်သုံးသပ်မှုများ”


(နောက်ဆုံးရသတင်း)
============
၁။ "ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ခွင့်
တင်ဒါများစိစစ်မှု နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး
မကြာမီ ထုတ်ပြန်နိုင်တော့မည်ဟု ဆို"

ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ခွင့်
တင်ဒါများအား စိစစ်မှုနောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး
မကြာမီ ထုတ်ပြန်နိုင်တော့မည်ဖြစ်ကြောင်း
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

ရန်ကုန်မြို့သစ် စီမံကိန်းကို လက်ရှိ ရန်ကုန်မြို့၏
အနောက်ဘက် ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်းအကြား၊
လှိုင်မြစ်နှင့် လှိုင်သာယာ-တွံတေး ကားလမ်းအကြား
မြေနေရာများကို လျာထားပြီး ကြည့်မြင်တိုင် တစ်ဖက်ကမ်း
တွံတေးမြို့နယ်ရှိ မြေနေရာများ ပါဝင်ကြောင်း သိရသည်။

ယင်းစီမံကိန်းအတွက် တင်ဒါများကို ၂၀၁၅ ခုနှစ်
ဇူလိုင် ၁၂ ရက်မှ စတင်၍ ခေါ်ယူခဲ့ရာ တင်ဒါ လျှောက်လွှာ
ဝယ်ယူခဲ့သည့် ကုမ္ပဏီ ၅၀ ကျော်အနက် ကုမ္ပဏီသုံးခုက
တင်ဒါ တင်သွင်းခဲ့ကြခြင်းဖြစ်သည်။

တင်ဒါ တင်သွင်းခဲ့သည့် ကုမ္ပဏီသုံးခုမှာ
- ရန်ကုန် အနောက်တောင်ဒေသ ဖွံ့ဖြိုးရေး အများနှင့်
သက်ဆိုင်သောကုမ္ပဏီ၊
- Business Capital City Developmentနှင့်
- ရွှေသံလွင်ကုမ္ပဏီ၏ ကုမ္ပဏီခွဲဖြစ်သည့်
ရွှေပုပ္ပါး အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေး ကုမ္ပဏီ
လီမိတက်တို့ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါကုမ္ပဏီများအနက် လုပ်ကိုင်နိုင်သည့် 
ကုမ္ပဏီကို လုပ်ကိုင်ခွင့် ချပေးရန် စိစစ်နေမှုမှာ
နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး မကြာမီ ထုတ်ပြန်
ပေးနိုင်တော့မည်ဟု ဆိုသည်။

"ဒီစီမံကိန်းကို အားလုံးစိတ်ဝင်တစား စောင့်ကြည့်နေပါတယ်။
အခု တင်ဒါစိစစ်မှု နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီ
ဖြစ်ပါတယ်။ မကြာမီ ထုတ်ပြန်ပေးနိုင်မှာပါ"ဟု
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက
ပြောကြားသည်။

ရန်ကုန်မြို့သစ် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှုအနေဖြင့်
- ရန်ကုန် အနောက်တောင်ဒေသ ဖွံ့ဖြိုးရေး အများနှင့်
သက်ဆိုင်သောကုမ္ပဏီက အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ၊
- Business Capitay City Development Ltd မှ ပြည်တွင်း
ပြည်ပဘဏ်များမှ ချေးငွေရယူခြင်းနှင့် ရှယ်ယာခေါ်ယူခြင်း၊
ဒါရိုက်တာများ ပိုင်ဆိုင်သည့် ရင်းနှီးမြှုပ်နှံမှုများဖြင့်
လုပ်ဆောင်မည်ဖြစ်ကြောင်း၊
- ရွှေသံလွင်ကုမ္ပဏီ၏ ကုမ္ပဏီခွဲဖြစ်သည့် ရွှေပုပ္ပါး
အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေး ကုမ္ပဏီလိမိတက်က
ကျပ်ငွေ ၅၀၀ ဘီလျံနှင့် ပြည်တွင်းပြည်ပဘဏ် များမှ
ချေးငွေ ရယူမည်ဖြစ်ကြောင်း တင်ပြထားသည်။

ရန်ကုန်မြို့သစ် စီမံကိန်းတွင် မြစ်ကူးတံတားများ၊ တန်ဖိုးနည်း၊
တန်ဖိုးသင့်၊ အငှားအိမ်ရာ စီမံကိန်းများ၊ ဘိုးဘွားရိပ်သာ၊
အဝေးပြေး ယာဉ်ရပ်နားစခန်း၊ စာကြည့်တိုက်၊ ပြတိုက်များ၊
လေယာဉ်ကွင်းအပြင် သာသနာ့ တက္ကသိုလ်များလည်း
ပါဝင်မည်ဖြစ်ပြီး ဒေသခံ ပြည်သူများအတွက်
အလုပ်အကိုင်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့သစ် စီမံကိန်းအား ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်
စက်တင်ဘာ ၂၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော်က တရားဝင် ရုပ်သိမ်းခဲ့ပြီး ဖြစ်သော်လည်း 
၂၀၁၅ ခုနှစ် ဇွန်လအတွင်း ပြုလုပ်ခဲ့သည့်
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အထူးအစည်းအဝေးတွင်
ကြည့်မြင်တိုင်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်
ဦးမြင့်လွင်က
"ရန်ကုန်မြို့သစ်စီမံကိန်းအမြန်အကောင်အထည် ဖော်ပေးရေး"
အဆိုကို ပြန်လည်တင်သွင်းလာမှုကို ရန်ကုန်တိုင်း ဒေသကြီး
လွှတ်တော်ကိုယ်စားလှယ်အချို့က ကန့်ကွက်သော်လည်း
ထောက်ခံသူ များပြားခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော်က အတည်ပြုခဲ့၍ တစ်ကျော့ပြန်
အကောင်အထည်ဖော်ရန် ဖြစ်လာခဲ့သည်။

သို့ဖြစ်ရာ ရန်ကုန်မြို့သစ် စီမံကိန်းအား အစိုးရ၏
ကျန်ရှိသက်တမ်း လအနည်းငယ်အတွင်း
မည်သည့်အတွက်ကြောင့် အလျင်စလို
အကောင်အထည် ဖော်လိုသနည်းဟု ရန်ကုန်တိုင်း ဒေသကြီး
လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက
မေးခွန်းထုတ်မှုများလည်း ရှိခဲ့သည်။

ယင်းစီမံကိန်းတွင် တရားမ၀င် ငွေမည်းများ စီးဝင်နိုင်ကြောင်း
သုံးသပ်မှုများလည်း ရှိနေပြီး ရင်းနှီးမြှုပ်နှံမည့်ငွေကြေးများနှင့်
ပတ်သက်၍ တရားဝင်ငွေကြေးများ ဟုတ်မဟုတ်
သက်ဆိုင်ရာဌာနများက ဥပဒေနှင့်အညီ စိစစ်သွားမည်
ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က
ပြောကြားထားသည်။  
                                     
(ကျော်ထင်)

***

(ဝေဖန်သုံးသပ်မှုများ)
============
၂။ "မြို့သစ်စီမံကိန်းခုနစ်ခုအနက် အနောက်တောင်မြို့သစ်
စီမံကိန်းကိုသာ လုပ်ဆောင်နိုင်မည့် အခြေအနေရှိနေ"

ရန်ကုန်မြို့တော်၏ မဟာဗျူဟာစီမံကိန်း ၂၀၄၀ တွင်
တစ်ခုအပါအ၀င်ဖြစ်သည့် မြို့သစ်များ ဖော်ဆောင်ရေးအတွက်
ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်က မြို့သစ်ခုနှစ်ခု
အကောင်အထည်ဖော်ရန် ယခုနှစ်အတွင်း အတည်ပြုဆုံးဖြတ်ခဲ့
ပြီးနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က
ဆက်လက်ဆောင် ရွက်လျက်ရှိသည်။

ပြီးခဲ့သည့် နှစ်အတွင်း ဝေဖန်မှုများစွာ ဖြစ်ပေါ်ခဲ့သည့်
ကြည့်မြင် တိုင် မြစ်တစ်ဖက်ကမ်းရှိမြို့သစ်စီမံကိန်း ကို
အကန့်အသတ်မရှိ ဆိုင်းငံ့ထားခဲ့သော်လည်း
တိုင်းဒေသကြီးလွှတ်တော်ကအတည် ပြုခဲ့သည့်
မြို့သစ်စီမံကိန်းခုနှစ်ခုအနက်
အနောက်တောင်မြို့သစ်စီမံကိန်းအဖြစ်
ပြန်လည်ပါဝင်ခဲ့သည်။

အဆိုပါ အနောက်တောင်မြို့သစ်စီမံကိန်း အတွက် ပြီးခဲ့သည့်
စက်တင်ဘာလတွင်လုပ်ငန်းလုပ်ကိုင်ရန် တင်ဒါများခေါ်ယူခဲ့ရာ
တင်ဒါလျှောက်သူ ကုမ္ပဏီသုံးခုရှိခဲ့ပြီး၊ယင်း မြို့သစ်စီမံကိန်းမှာ
ဆက်လက်လုပ်ဆောင်နိုင်သည့်အခြေအနေရှိသော်လည်း
မြို့သစ်စီမံကိန်းခုနှစ်ခုစလုံးအတွက် လက်ရှိအစိုးရ သက်တမ်း
အနည်းငယ်အတွင်းအကောင်အထည်ဖော်ရန် အခြေအနေမှာ
နည်းပါးကြောင်း အကြံပြုလွှာရေးဆွဲပေးခဲ့သည့်
မြို့ပြပညာရှင်များက ပြောသည်။

"ဒီစီမံကိန်းခုနှစ်ခုစလုံးတော့ ဒီအစိုးရ သက်တမ်းကာလမှာ
အကောင်အထည်ဖော်ဖို့ မဖြစ်လောက်တော့ဘူး။ ဒါပေမဲ့ အခု
တိုင်း ဒေသကြီးအစိုးရက အနောက်တောင်မြို့သစ်စီမံကိန်းကို
အကောင်အထည်ဖော်ဖို့ တင်ဒါ ခေါ်နေတာတွေရှိတယ်။
တင်ဒါခေါ်ထားတာဆိုတော့ ဒီအစိုးရက ပြီးပြတ်အောင်
လုပ်သွားလောက်တဲ့ အခြေအနေတော့ ရှိနိုင်တယ်"ဟု
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက
မြို့ပြစီမံကိန်းအရာရှိ ဦးတိုးအောင်ကပြောသည်။

ထိုမြို့သစ်စီမံကိန်းကို ယခုအစိုးရလက်ထက်တွင်
အကောင်အထည်မဖော်ဖြစ်ပါကနောက်ထပ်အစိုးရသစ်
လက်ထက်တွင် ဆက် လက် အကောင်အထည်ဖော်ရန်
အဆိုပြုသွားမည်ဖြစ်သည်။

"မြို့သစ်စီမံကိန်းအတွက် စီမံကိန်းအသေးစိတ်ကို
ဇွန်လကတည်းက ရေးပြီးသွားပါပြီ။အကောင်အထည်ဖော်တာ
ကတော့ တိုင်းဒေသကြီးအစိုးရအပိုင်းပါ။ မြို့သစ်စီမံကိန်းက
လိုအပ်တဲ့စီမံကိန်းတစ်ခု ဖြစ်လို့ နောက်အစိုးရအသစ်
လက်ထက်မှာ လည်း အကောင်အထည်ဖော်ဖို့
ပညာရှင်အနေနဲ့
ကျွန်တော်တို့က အဆိုပြုသွားမှာပါ"ဟု ၎င်းကပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကမူ အနောက်တောင်မြို့သစ်
စီမံကိန်းကို စိစစ်ဆဲသာဖြစ်သည်ဟု တင်ဒါစိစစ်ရေးကော်မတီ
ဥက္ကဋ္ဌ၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဦးကျော်စိုး က ပြောသည်။

"အနောက်တောင်မြို့သစ် စီမံကိန်းက အခုချိန်ထိ စိစစ်ဆဲပါ။
စီမံကိန်း နဲ့ ပတ်သက်ပြီးဘာမှအသေးစိတ် မထုတ်ပြန်
ရသေးပါဘူး။ အချိန်တန်ရင် အားလုံးကို အသေးစိတ်
ထုတ်ပြန်ပေးသွားမှာပါ" ဟု ၎င်းကပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တင်ဒါလျှောက်ထားသည့်
ကုမ္ပဏီသုံးခုကိုဒီဇင်ဘာ ၁၀ ရက် နောက်ဆုံးထား တွေ့ဆုံခဲ့ပြီး
အစိုးရအဖွဲ့က တာဝန်ရှိသူများ၊ပညာရှင် များက ကုမ္ပဏီများ၏
အဆိုပြုလွှာအသီးသီး ကို အသေးစိတ်ကို ရှင်းပြကြောင်း
ရန်ကုန်မြို့ အနောက်တောင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့်
အများပိုင်ကုမ္ပဏီက ပြောရေးဆိုခွင့်ရှိသူ ဦးတင်စိန်က
ပြောသည်။

"အစိုးရအဖွဲ့က ကျွန်တော်တို့ကို ပညာရှင် တွေနဲ့အတူ
ခေါ်တွေ့ပါတယ်။ ပြီးတော့ တင်ဒါလျှောက်ထားတဲ့ ကုမ္ပဏီ
သုံးခုစလုံးကို အဆို ပြုလွှာမှာပါတဲ့ လုပ်ငန်းတွေရဲ့ စီမံချက်ရော
တည်ဆောက်မှုအပိုင်းပါ အသေးစိတ်ကို ပြန်တင်ပြခိုင်းပါတယ်။
သူတို့က ကျွန်တော်တို့ရဲ့အသေးစိတ်တင်ပြချက်တွေကို
ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရယ် ပြည်ထောင်စု
လွှတ်တော်ကိုပါ တင်ပြမယ်လို့ ပြောပါတယ်" ဟု
၎င်းကပြောသည်။

အဆိုပါ အနောက်တောင်မြို့သစ်စီမံကိန်း သည် လက်ရှိအစိုးရ
လက်ထက်တွင် တင်ဒါခေါ်ယူပြီးသည့် အခြေအနေ ဖြစ်သည့်
အတွက် စီမံကိန်း စတင်ဆောင်ရွက်နိုင်ခြင်းကို လက်ရှိ
အစိုးရလက်ထက်တွင် မစတင်နိုင်ပါက အစိုးရသစ်သို့
လွှဲပြောင်းကာ ဆက်လက်လုပ်ဆောင်သင့်သည့် အခြေအနေသာ
ဖြစ်ကြောင်း လည်း ဦးတင်စိန်က ပြောသည်။

"တင်ဒါကခေါ်လို့လျှောက်တဲ့သူတွေက လည်း လျှောက်ပြီးသွားပြီ။
အဲဒီအတွက် စီမံကိန်းကလည်း ရှိပြီးသားဖြစ်နေပြီ၊
ဘတ်ဂျက် ကလည်း ရှိပြီးသားဖြစ်တဲ့အတွက် ဒီအစိုးရ
လက်ထက်မှာမစနိုင်ခဲ့ရင်တောင် နောက် အစိုးရကို လွှဲပြောင်းပြီး
ဆက်လုပ်သင့်ပါ တယ်။ အဲဒီလိုမဟုတ်ဘဲ သူတို့လုပ်သွားတဲ့ ကိစ္စ
ငါတို့မလုပ်ဘူးဆိုတာမျိုးက အဆင်မပြေပါဘူး။ ဒါကအစိုးရအဖွဲ့က
လုပ်ခဲ့တာဖြစ်တဲ့အတွက် ဘယ်အစိုးရအဖွဲ့ပဲလာလာ
ဆက် လုပ်ရမယ့်ကိစ္စပါ" ဟု၎င်းကပြောသည်။

ထို့ပြင် တင်ဒါလျှောက်ထားသူများမှာ တင်ဒါ စတင်
လျှောက်ထားသည့်အချိန်ကစ၍ အာမခံငွေ(Deposit) ငွေကျပ်
ငါးဘီလျံ ပေးဆောင်ရသည့်အပြင် စီမံကိန်းလုပ်ငန်းမှာ
ကြီးမားသည့်အတွက် ယင်းစီမံကိန်းကို အစိုးရ သစ်
တက်လာသည့်အချိန်တွင် ဆက်လက်လုပ်ဆောင်ရန် လွှဲပြောင်း
ပေးသွားမည်ဟု မျှော်လင့်ကြောင်း ဦးတင်စိန်က ပြောသည်။

အသစ်တက်လာမည့်အစိုးရသည် လက်ရှိ အစိုးရ
ဖော်ဆောင်ခဲ့သည့် စီမံကိန်းအားလုံး ကို သဘောတူလက်ခံတာ
ဆက်လက်ဆောင် ရွက်နိုင်မည်မဟုတ်ဘဲ လုပ်သင့်
လုပ်ထိုက်သည့် စီမံကိန်းများကိုသာ အကောင်အထည်ဖော်
ဆောင်ရွက်သွားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊
ဗဟန်းမြို့နယ်ကတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဒေါ်ညိုညိုသင်းက ပြောသည်။

"ရှေ့အစိုးရလက်ထက်က ဆောင်ရွက်ခဲ့ သမျှ၊ ချမှတ်ခဲ့သမျှ
စီမံကိန်းအားလုံးကိုတော့နောက်အစိုးရလက်ထက်က သဘောတူ
လက်ခံပြီး ဆောင်ရွက်မယ်လို့တော့ မထင်ပါဘူး။
အစိုးရသစ်ကလည်း သူတို့အတွေး အခေါ်နဲ့ သူတို့ ပညာရှင်တွေနဲ့
တိုင်ပင်ပြီး တော့မှလုပ်သင့်လုပ်ထိုက်တာတွေကိုပဲ လုပ်မယ်လို့
ထင်တယ်။ နောက်အစိုးကတော့ ပြည်သူတွေရဲ့အသံ၊
ပညာရှင်တွေရဲ့ အသံကို နားထောင်ပြီး စီမံကိန်းတွေကို
အကောင်အထည်ဖော်ဆောင်ရွက်မယ်လို့ မျှော်လင့်ပါတယ်" ဟု
၎င်းကပြောသည်။

အနောက်တောင်မြို့သစ်စီမံကိန်းမှာ မူ မြေယာပိုင်ဆိုင်မှုများ
ရှုပ်ထွေးသည့် အနေ အထားရှိသည့်အတွက်ယင်းစီမံကိန်းကို
ဆက်လက် အကောင်အထည်ဖော်ရန်မှာ မျှော်မှန်းသည်ထက်
မလွယ်ကူနိုင်ကြောင်း လည်း ဒေါ်ညိုညိုသင်းက ပြောသည်။

"ဒီစီမံကိန်းက ပြောသလောက်တော့ လွယ်မယ်မထင်ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ ဒီအနောက်တောင်ပိုင်းမြို့သစ်စီမံကိန်းမှာ
မြေပိုင်ဆိုင်မှုတွေက အရမ်းရှုပ်ထွေးပါတယ်။
မေးခွန်းထုတ်စရာတွေလည်း အများကြီးရှိပါ တယ်။
အဲဒီမှာ မြေယာတွေကို ဒီစီမံကိန်းကိုမပိုင် ခင်ကတည်းက
ပိုင်တဲ့သူတွေရှိတယ်။ ၀ယ်ထား တဲ့သူတွေရှိတယ်။ အဲဒီတော့
နောက်အစိုးရ လက်ထက်မှာ ဒီစီမံကိန်းကို ဥပဒေနဲ့မညီတာတွေ
အားလုံးကိုဆက်လက်ပြီးတော့ စီစဉ်
ဆောင်ရွက်သွားလိမ့်မယ်လို့တော့ ယုံကြည်ထားတာပါပဲ" ဟု
၎င်းက ပြောသည်။

(မြတ်ငြိမ်းအေးနှင့်တင်ရတနာထွန်း)

credit - Eleven Media Group & The Myanmar Times

No comments:

Post a Comment