Tuesday, January 26, 2016

"ရန်ကုန်မြို့တွင် ဆောက်လုပ်မည့် အဆောက်အအုံများ အတွက် ကားပါကင်သတ်မှတ်ချက် တိုးမြှင့်လိုက်ခြင်းနှင့် ကားပါကင်နေရာ ဦးထားမှုများကို တရားစွဲမည် ဆိုသော သတင်းများ"


"ရန်ကုန်မြို့တွင် ဆောက်လုပ်မည့် အဆောက်အအုံများ
အတွက် ကားပါကင်သတ်မှတ်ချက် တိုးမြှင့်လိုက်ခြင်းနှင့်
ကားပါကင်နေရာ ဦးထားမှုများကို တရားစွဲမည် ဆိုသော
သတင်းများ"


၁။ "ရန်ကုန်မြို့တွင် ဆောက်လုပ်မည့် အထပ်မြင့်ရုံးခန်းများ၊
စီးပွားရေး အဆောက်အအုံများအတွက် ကားပါကင်
သတ်မှတ်ချက် ယခင်ထက် နှစ်ဆတိုးမြှင့်"

ရန်ကုန်မြို့တွင် အသစ်ဆောက်လုပ်မည့် အထပ်မြင့်ရုံးခန်း၊
စီးပွားရေး အဆောက်အအုံ နေရာများအတွက် ကားပါကင်
သတ်မှတ်ချက်ကို ယခင်ထက် နှစ်ဆတိုးမြှင့် သတ်မှတ်
လိုက်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်မှုဆိုင်ရာ
စံချိန်စံညွှန်းများ စစ်ဆေးရေး ကော်မတီမှ တာဝန်ရှိသူ
တစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တွင် ဆောက်လုပ်သည့် အထပ်မြင့်
အဆောက်အအုံများ၏ ကားပါကင် သတ်မှတ်ချက်ကို
စင်ကာပူနိုင်ငံတွင် ကျင့်သုံးနေသည့် စနစ်ကိုယူ၍
လုပ်ဆောင်စေခြင်းဖြစ်ပြီး
- ပြီးခဲ့သည့်နှစ်အထိ ရုံးခန်း၊ စီးပွားရေးဆိုင်ရာ
အဆောက်အအုံများ ထားရှိရမည့် ကားပါကင်
သတ်မှတ်ချက်ကို အဆောက်အအုံ အကျယ်အ၀န်း၏
၂၀၀ စတုရန်းမီတာလျှင် တစ်စီးနှုန်းဖြင့် ထားရှိခဲ့ရာမှ
- ယခု ၁၀၀ စတုရန်းမီတာ (၁၀၇၆ စတုရန်းပေ) လျှင်
တစ်စီးနှုန်းဖြင့် ထားရှိရန် ပြောင်းလဲသတ်မှတ် လိုက်ခြင်း
ဖြစ်ကြောင်း သိရသည်။
- ထို့ပြင် အဆိုပါ အဆောက်အအုံများအတွက်
အဆောက်အအုံနေရာ၏ ရာခိုင်နှုန်း ၂၀ ကိုလည်း ကားပါကင်
နေရာအဖြစ် အပိုထပ်ဆောင်း ထားရှိရန်လည်း
သတ်မှတ်ထားသည်။

“ကားပါကင်သတ်မှတ်ချက်ကို စင်ကာပူနိုင်ငံက Code
အတိုင်းယူခဲ့တယ်။ ပြီးခဲ့တဲ့ တစ်နှစ်အထိကို ရုံးခန်းစီးပွားရေး
အဆောက်အအုံ နေရာတွေအတွက် ကားပါကင်
သတ်မှတ်ချက်က နည်းတယ်။ အဲဒါကို အခုနှစ်ဆ တိုးမြှင့်ပြီး
သတ်မှတ်ခဲ့ပါတယ်။ အဓိကတော့ ကားပါကင်
အခက်အခဲကြောင့် ဒီလိုပြောင်းလဲ သတ်မှတ်လိုက်တာပါ။
ဒါ့အပြင် ဘယ်အဆောက်အအုံမဆို ဆောက်မယ့်နေရာ
အကျယ်အ၀န်းရဲ့ ရာခိုင်နှုန်း ၂၀ ကို ကားပါကင်အတွက်
အပိုထပ်ဆောင်း ထားရှိပေးရပါမယ်” ဟု ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ အထပ်မြင့် အဆောက်အအုံများ
ဆောက်လုပ်မှုဆိုင်ရာ စံချိန်စံညွှန်းများ စစ်ဆေးရေးကော်မတီမှ
တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တွင် တိုးပွားလာသည့် ယာဉ်အစီးရေနှင့် ကားပါကင်
အခက်အခဲကြောင့် ယင်းသို့ ပြောင်းလဲသတ်မှတ် လိုက်ခြင်း
ဖြစ်ပြီး  အခြားလူနေအိမ်ခြေနှင့် ဆက်စက်သော နေရာများ၊
ဈေးဆိုင်ခန်းများ၊ စားသောက်ဆိုင်များ၊ ဟိုတယ်များ၊
ရုပ်ရှင်ရုံများ၊ ပြဇာတ်ရုံများ၊ ဂိုဒေါင်၊ စက်ရုံ၊ ရေကူးကန် စသည့်
နေရာများ အတွက် ကားပါကင် သတ်မှတ်ချက်များမှာမူ
အပြောင်းအလဲ မရှိကြောင်း သိရသည်။ လူနေအိမ်ခြေနှင့်
ဆက်စပ်သော အဆောက်အအုံများအတွက်
အခန်းတစ်ခန်းလျှင် ကားတစ်စီးနှုန်းဖြင့် ကားပါကင်နေရာ
ထားရှိရန် သတ်မှတ်ထားသည်။

လက်ရှိ ရန်ကုန်မြို့တော်တွင် ဆောက်လုပ်နေသည့်အထပ်မြင့်
အဆောက်အအုံများအား ယင်းသတ်မှတ်ချက် များနှင့်အညီ
စိစစ်ခွင့်ပြုခြင်းဖြစ်ပြီး အဆိုပါ ကားပါကင် သတ်မှတ်ချက်နှင့်
မညီသော အဆောက်အအုံများ အတွက် ခွင့်ပြုမည် မဟုတ်ဘဲ
သတ်မှတ်ချက် မပြည့်မချင်း ပုံစံပြောင်းလဲ ရေးဆွဲစေပြီးမှ
ခွင့်ပြုခြင်း ဖြစ်ကြောင်း၊ အဆောက်အအုံဆောက်လုပ်
ပြီးစီးသည့် အခါတွင်လည်း ကားပါကင် သတ်မှတ်ချက်အတိုင်း
ပါရှိခြင်း ရှိမရှိ စစ်ဆေး အတည်ပြုပြီးမှသာ
ယင်းအဆောက်အအုံအား အဆောက်အအုံ ဆောက်လုပ်
ပြီးစီးကြောင်း သက်သေခံလက်မှတ် (BCC) ထုတ်ပေးခြင်း
ဖြစ်ကြောင်းနှင့် ယင်းသို့ လုပ်ဆောင်ထားခြင်း မရှိပါက
BCC ထုတ်ပေးမည် မဟုတ်ကြောင်း သိရသည်။       

ရန်ကုန်မြို့တွင် အထပ်မြင့် အထပ်နိမ့် အဆောက်အအုံ
စုစုပေါင်း တစ်လလျှင် အလုံး ၆၀၀ ခန့် ဆောက်လုပ်ခွင့်ပြုနေပြီး
မြို့တွင်းမြို့နယ်များတွင် အကျယ်အ၀န်းပေ ၅၀ နှင့်အထက်
ရှိသော မြေကွက်များတွင် အဆောက်အအုံ ဆောက်လုပ်ပါက
တစ်ခန်းလျှင် ကားတစ်စီးနှုန်းဖြင့် ထားရှိရမည်ဟု
သတ်မှတ်ထားသည်။

ထို့ပြင် နေအိမ်ရှေ့၊ ဆိုင်ရှေ့များတွင် ယာဉ်မရပ်ရဟူ၍
ကားပါကင်နေရာ ဦးထားမှုများလည်း ရှိနေရာ ယင်းသို့နေရာ
ဦးထားမှုများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီက လိုက်လံဖမ်းဆီးနေပြီး တရားစွဲမည်ဟု
ထုတ်ပြန်ထားသည်။
     
(ကျော်ထင်)

***

၂။ "ရန်ကုန်မြို့ရှိ နေအိမ်ရှေ့၊ ဆိုင်ရှေ့တို့တွင် ဆိုင်းဘုတ်များ
ချကာ ကားပါကင်နေရာ ဦးထားမှုများကို
၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှစ၍ တရားစွဲမည်ဟုဆို"

(12/25/2015 က EMG မှ တင်ခဲ့သောသတင်းပါ။)

ရန်ကုန်မြို့ရှိ နေအိမ်ရှေ့၊ ဆိုင်ရှေ့များ စသည်တို့တွင်
ဆိုင်းဘုတ်များ၊ တုံးများချကာ ကားပါကင်နေရာ ဦးထားခြင်း
များကို ၂၀၁၆ ဇန်န၀ါရီ ၁ ရက်မှ စတင်ကာ တရားစွဲမည်
ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊
စီမံရေးရာဌာနမှ သိရသည်။

ယင်းသို့ ဆိုင်းဘုတ်များချကာ ကားပါကင်နေရာ ဦးထားခြင်းကို
အောက်တိုဘာလမှ စတင်၍ ဒီဇင်ဘာလကုန်အထိ
ပညာပေးကာလ သုံးလသတ်မှတ်၍ လုပ်ဆောင်နေပြီး
လက်ရှိတွင် ယာဉ်မရပ်ရဟူ၍ နေရာဦးထားသော ဆိုင်းဘုတ်များ၊
တုံးများကို လိုက်လံသိမ်းဆည်း နေကြောင်း သိရသည်။

“ကားတာရာတွေ၊ ပုံးတွေချပြီး ကားပါကင်နေရာ ဦးထားတယ်။
အဲဒါတွေကို အခုသိမ်းနေတယ်။ အခုတော့ ပညာပေးကာလပေါ့။
၂၀၁၆ ဇန်န၀ါရီ ၁ ရက်ကစပြီး အဲလိုကားပါကင်နေရာ
ဦးထားတာတွေကို တရားစွဲတော့မှာ ဖြစ်တယ်။ တရားရုံးကို
တင်ပို့ပြီး တရားရုံးက ဒဏ်ရိုက်မှာပါ” ဟု ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ၊ စီမံရေးရာဌာနမှ တာဝန်ရှိသူ
တစ်ဦးက ပြောကြားသည်။

လက်ရှိ ကားပါကင် နေရာဦးထားသော ဆိုင်းဘုတ်များ၊
တုံးများကို နေ့စဉ်ပုံမှန် စစ်ဆေးနေပြီး အဓိကအားဖြင့်
ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်နှင့် တာမွေ၊ မင်္ဂလာတောင်ညွန့်၊
စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင် စသော မြို့နယ်များကို
အရေးကြီး နေရာများအဖြစ် သတ်မှတ်ကာ လိုက်လံစစ်ဆေး
နေသည်ဟု သိရသည်။

“ကားပါကင် နေရာဦးထား တာတွေကို လိုက်စစ်တော့
လမ်းမကြီးတွေပေါ်က ဘဏ်တွေရှေ့မှာ နေရာဦးထားတာတွေကို
တွေ့ရတယ်။ လမ်းကြားထဲတွေမှာတော့ သိပ်မဦးရဲကြတော့ဘူး”
ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊
စီမံရေးရာဌာနမှ တာဝန်ရှိသူက ဆိုသည်။

ရန်ကုန်မြို့တွင် ယခင်က မြေညီထပ်များ၊ ဆိုင်များမှ တစ်ဦးပိုင်
ပုဂ္ဂလိက ကားပါကင် လျှောက်ထားမှုများကို သတ်မှတ်နှုန်းထား
ပေးဆောင်စေပြီး ခွင့်ပြုခဲ့ရာမှ ကားတင်သွင်းမှု မူဝါဒများ
ပြောင်းလဲပြီး ကားအများအပြား ၀င်ရောက်လာချိန်တွင်
ဖြစ်ပေါ်လာသည့် ကားပါကင် အခက်အခဲများကြောင့် ယင်းသို့
ပုဂ္ဂလိက ကားပါကင် ချပေးသည့် စနစ်ကို ၂၀၁၃ ခုနှစ်
ဧပြီ ၁ ရက်မှစတင်ကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီက ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

ထိုသို့ရပ်ဆိုင်း ခဲ့ခြင်းကြောင့် စည်ပင်သာယာပိုင် လမ်းများ
ပေါ်တွင် မည်သူမဆို ကားဝင် ရပ်နားခွင့်ရှိပြီး
မြေညီထပ်အိမ်ရှေ့၊ ဆိုင်ရှေ့များတွင် ကားပါကင်နေရာ
ဦးခွင့်မရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီက ထုတ်ပြန်ထားသည်။

သို့သော် နေရာဦးထားမှုများ ဆက်လက် ရှိနေဆဲဖြစ်ပြီး
လက်ရှိရန်ကုန်မြို့၏ ကားပါကင် အခက်အခဲကြောင့်
ယခုကဲ့သို့ တရားစွဲရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း
သိရသည်။

“ကားတင်သွင်းမှု မူဝါဒပြောင်းပြီး နောက်ပိုင်း ဒီပြဿနာ
ဖြစ်လာတာ။ ဒါကြောင့် အရင်ပုဂ္ဂလိက ကားပါကင် ပေးခဲ့တာ။
အဲဒီမှာမြေညီထပ်က အပေါ်ထပ်က ကားတွေကို ပေးမရပ်၊
အဲဒါနဲ့ ပြဿနာတွေဖြစ်လို့ ရပ်ဆိုင်းခဲ့ရတာပါ” ဟု
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊
စီမံရေးရာဌာနမှ တာဝန်ရှိသူတစ်ဦးက ဆက်လက်
ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် သြဂုတ် ၃၁ ရက်အထိ စာရင်းများအရ
ရန်ကုန်မြို့တွင် ယာဉ်အစီးရေ ၂၁၄၆၄၉ စီးရှိခဲ့ရာမှ
ယခု ၂၀၁၅ ခုနှစ် အောက်တိုဘာ ၃၀ ရက်တွင် ယာဉ်အစီးရေ
၅၀၀၃၈၂ စီးအထိ ရှိလာကြောင်း ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့က ထုတ်ပြန်ထားပြီး ယင်း၏နောက်ဆက်တွဲအဖြစ်
ကားပါကင် ပြဿနာများကို ဆိုးရွားစွာ ခံစားနေရပြီး
အဆင့်မြင့် ကားပါကင်များ လုပ်ဆောင်ခဲ့သော်လည်း
ယာဉ်ရပ်နားမှု နည်းပါးသည့် နေရာများ၌ ဖြစ်နေခြင်းကြောင့်
ထိရောက်မှု မရှိခဲ့ပေ။

ယင်းသို့ ကားပါကင် နေရာလုသည့် ကိစ္စဖြင့်
ဒီဇင်ဘာ ၁၆ ရက်ည ၇ နာရီခွဲခန့်က လမ်းမတော်မြို့နယ်၊
လှည်းတန်းလမ်းတွင် စကားများရန်ဖြစ်ကာ ဓားဖြင့်ထိုးသဖြင့်
လူတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့သည်။
 
(ကျော်ထင်)

credit - Eleven Media Group

No comments:

Post a Comment