Thursday, January 21, 2016

"ရန်ကုန်မြို့တော်စီမံကိန်းကို လုပ်ချင်သလို လုပ်နေကြ ဟု ဒေါ်အောင်ဆန်းစုကြည်ပြောဆိုမှု့နှင့် ယင်းပြောဆိုချက်ကို ထင်ဟပ်စေသည့် သရော်စာ ဆောင်းပါး"

"ရန်ကုန်မြို့တော်စီမံကိန်းကို လုပ်ချင်သလို လုပ်နေကြ ဟု
ဒေါ်အောင်ဆန်းစုကြည်ပြောဆိုမှု့နှင့် ယင်းပြောဆိုချက်ကို
ထင်ဟပ်စေသည့် သရော်စာ ဆောင်းပါး"


၁။ "နိုင်ငံခြားအဖွဲ့နှင့် ရေးဆွဲထားပြီးသော ရန်ကုန်မြို့တော်
စီမံကိန်းကို စက္ကူပေါ်တွင်သာထားရစ်ခဲ့ပြီး လုပ်ချင်သလို
လုပ်နေကြဟု ဒေါ်အောင်ဆန်းစုကြည်ဆို"

ရန်ကုန်မြို့တစ်မြို့လုံးသည် စီမံကိန်းဖြင့် လုပ်ရမည့်အလုပ်ဖြစ်ပြီး
အစိုးရကလည်းလွန်ခဲ့သည့် နှစ်နှစ်ကျော် ကာလကတည်းက
နိုင်ငံခြားအဖွဲ့တစ်ခုကိုရန်ကုန်မြို့တော် စီမံကိန်း
ရေးဆွဲခိုင်းထားမှုများ ရှိသော်လည်း လုပ်ချင်တာလုပ်နေကြခြင်း
ကြောင့် ဆက်စပ်မှုမရှိဟု ဒေါ်အောင်ဆန်းစုကြည်က
"ဒီမိုကရေစီခရီးကြမ်းနှင့်ဒေါ်အောင်ဆန်းစုကြည်" အစီအစဉ်တွင်
ပြောဆိုလိုက်သည်။

RFA သတင်းဌာနက
“မင်္ဂလာဈေး မီးလောင်တာနဲ့ ပတ်သက်ပြီး စည်ပင်သာယာအဖွဲ့
အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၀ မှာ အဲ့ဒီဈေးကို ပထမအကြိမ်မီးလောင်လို့
ပြုပြင်တည်ဆောက်ခဲ့စဉ်တုန်းက စနစ်တကျ မရှိဘူးလို့
ပြောကြတယ်ခင်ဗျ။ ...... ဆောက်လုပ်ရေး လုပ်ငန်းတွေကို
အစ်မတို့အစိုးရလက်ထက်မှာ ဘယ်လို ကိုင်တွယ်
ဆောက်ရွက်မလဲခင်ဗျာ” ဟုမေးမြန်းခဲ့မှုကို
ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်း
ဖြစ်သည်။

*** ရန်ကုန်မြို့တော် စီမံကိန်းဟုဆိုကာ ရေးဆွဲခိုင်းခဲ့ရာ
ဆွဲထားသည့် အဖွဲ့ကကောင်းကောင်းမွန်မွန်
ရေးဆွဲထားသော်လည်း စီမံကိန်းသည် စက္ကူပေါ်တွင်ဆွဲခိုင်း
ထားခြင်းဖြစ်၍ ပြန်လှည့်ကြည့်သည့်ပုံမရှိဘဲ
လုပ်ချင်သလို လုပ်နေကြသည့်အတွက် စနစ်မရှိ စည်းမရှိ ***
ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

ထို့အတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင်
ဆောက်လုပ်ရေးလုပ်ငန်းကို ပထမဦးဆုံး တရားဥပဒေ
စိုးမိုးရေးနှင့် ကိုင်တွယ်ရမည်ဟုလည်း ၎င်းကဆိုသည်။

“ရှိနေတဲ့ စည်းမျဉ်းစည်းကမ်း၊ ဥပဒေတွေနဲ့ မကိုက်ညီဘဲနဲ့
လုပ်နေတဲ့ကိစ္စ၊
စည်းမျဉ်းစည်းကမ်း ဥပဒေတွေ မရှိတာမဟုတ်ဘူး၊ ရှိတယ်။
ဒီလို မလုပ်သင့်တဲ့ကိစ္စတွေ မလုပ်အောင်၊
မဆောက်သင့်တဲ့ နေရာတွေ မဆောက်အောင်၊
မဆောက်သင့်တဲ့ အဆောက်အအုံလိုမျိုး မဆောက်ဖို့ ၊
ဒါတွေဟာ စည်းမျဉ်းစည်းကမ်း ဥပဒေတွေ ရှိပြီးသား၊
အဲ့ဒါတွေကို မလိုက်နာတာတွေက တော်တော်ပြဿနာ
တက်တယ်။ နောက်ပြီးတော့လည်း စည်းမျဉ်းစည်းကမ်း၊
ဥပဒေအသစ်တွေလည်း လိုတာတွေလည်း ထပ်ပြဋ္ဌာန်း
ရမှာပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

ထို့အတူ
“ရန်ကုန်မှာက အခု အဆောက်အအုံတွေ၊ ရုံးတွေမှာ အာမခံ
ထားတာကလည်း အကုန်လုံး မဟုတ်ဘူးလို့ ကျွန်တော်ကြားတယ်
ခင်ဗျ။....... အခုမီးလောင်ရင် တစ်ခါတည်းဘဝပျက်သွားကြရော၊
တချို့ပေါ့နော်။ အဲ့ဒါမျိုးကို အစ်မဘယ်လို ကိုင်တွယ်မလဲ” ဟု
RFA သတင်းဌာန၏ မေးမြန်းမှုကို

ဒေါ်အောင်ဆန်းစုကြည်က
* အဆောက်အအုံများ၊ကားများကို အာမခံထားရှိရေးကိစ္စနှင့်
ပတ်သက်၍ ဥပဒေအရ လုပ်ဆောင်ရမည့်ကိစ္စဖြစ်ပြီး စီးပွားရေး
အခြေအနေနှင့်လည်း ဆိုင်သည်၊ အဆင့်အတန်းမီသည့်
အဆောက်အအုံများ ၊ အန္တရာယ်ကင်းသည့် အဆောက်အအုံများ
ဆောက်ဖို့သတ်မှတ်ချက်များ အတိုင်း လုပ်ဆောင်ရန်လိုသည်၊
သတ်မှတ်ချက်များ အတိုင်းလုပ်ဆောင်ဖို့ ဆိုရာတွင်
တရားဥပဒေ စိုးမိုးရေးနှင့်လည်း သက်ဆိုင်ပြီး
စက္ကူပေါ်တွင်သာ ဥပဒေထားပြီး သက်ရောက်မှု မရှိပါက
အလကားပင်ဖြစ်သည် * ဟု
ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့သည်။

(သတင်း - ဇော်မင်းထွန်း)

***

၂။ "မဟာပထ၀ီမြေကြီး တုန်ဟည်းသည်ရှိသော်"
(သရော်စာ ဆောင်းပါး)

................................................................ ။
ပြီးခဲ့တဲ့ ငလျင်က လက်ခုပ်ကုန်းကမ်းခြေတစ်ဝိုက် ကို ဗဟိုပြု
လှုပ်ခတ်တယ်ကြား တော့ အနှီကိုယ်တွေ့အဖြစ်အ ပျက်လေးကို
သွားသတိရပါသဗျ။ ဒီတစ်ချီလည်း ကျုပ်တို့ရွာတွေနဲ့ နီး လွန်း
ပါရဲ့လေ။ သတိတော့ ထားရမယ်ဗျ။ မတော်ဆူနာမီတွေ
ဘာ တွေအထိ ဖြစ်ရင် ဘယ့်နှယ်လုပ် ရပါ့ဗျာ။ နောက်ပြီး
လက်ခုပ်ကုန်း ဆိုတာ ရန်ကုန်နဲ့က ဘာဝေးတာ မှတ်လိုက်လို့။
ငလျင်တွေ ဘာတွေဆိုရင် ရွာတွေမှာက တော်သေး တယ်။
ပြိုစရာ ပြုစရာအဆောက် အအုံ မည်မည်ရရရှိတာ မဟုတ်ဘူး။
ရှိတောင်မှ ငလျင်လှုပ်ပြီဆို တာနဲ့ မြေကြီးပေါ်စွေ့ခနဲ ခုန်ချ
လိုက်လို့ရသဗျာ။

ကဲ ဒါဖြင့်ရင် ကျုပ်တို့အခု နေနေတဲ့ ရန်ကုန်လိုဟာမျိုးကျ
ဘယ့်နှယ်လုပ်မတုံး။ အများစုက တိုက်ကြီး တာကြီးတွေ။
တိုက်တွေက အခုဖွံ့ဖြိုးလာတယ်ဆိုပြီး တစ် နှစ်၊ ၂ နှစ်အတွင်း
ဆောက်လာကြတဲ့ အထပ်မြင့်တွေဆိုတာက လည်း
နည်းရောလား။ ဒီကြားထဲ ကားတွေကလည်း ကျပ်လိုက်ပါ
ဘိသနဲ့။ ပြောချင်တာက ထွက် ပေါက်မရှိဘူးဗျ။ ဒါက
ရန်ကုန်မြို့ လယ်ကောင်ပါ။ ကျန်တဲ့ ဆင်ခြေဖုံးနေရာတွေ
ကတော့ဖြင့် သို့ကလို မဟုတ်ပါဘူး တွေးစရာပေါ့။
မ ထင်နဲ့ဗျာတို့ရေ။

ဟောဒီ ဘစီတို့လည်း မြို့ထဲ နဲ့ နည်းနည်းလှမ်းတဲ့ ဆင်ခြေဖုံးမှာ
နေတာပါဗျ။ လူနေရပ်ကွက်တွေ ပေါ့လေ။ ကိုယ့်ခြံလေးဝင်းလေး
တွေနဲ့။ အိမ်ဆိုတာမျိုးလည်း အ လွန်ဆုံး မြင့်လှမှ နှစ်ထပ်၊
သုံးထပ်ပေါ့။ မတော်တဆ ငလျင်တွေ ဘာတွေလှုပ်ရင်
အိမ်ပေါ်က ခုန်ချလို့ ရသဗျာ။ ပြီးတော့ တစ်ခါ
သစ်သားအိမ်လေးတွေက အများစု ကိုး။ ဖြစ်ချင်းဖြစ်ရင်တောင်မှ
အထိအခိုက်နည်းနိုင်တာပေါ့။

နို့ပေတဲ့ အခုတော့ အဲသလို မဟုတ်တော့ဘူးဗျ။
ပြောခဲ့သလို ဒီဘက် တစ်နှစ်၊ ၂ နှစ်အတွင်း ကန်ထရိုက်တိုက်
ဆိုတာတွေကလည်း ကျုပ်တို့ရပ်ကွက်တွေထဲ အတော်ပဲ
ခေတ်စားလာတယ်။ အထူးသဖြင့်တော့ ဘိုးစဉ်ဘောင်ဆက်ကနေ
လာလို့ အိုဟောင်းနေ ပြီဖြစ်တဲ့ အိမ်ကြီးရှင်တွေက
ကန်ထရိုက်တိုက်ခန်းဆောက်တဲ့ ကိစ္စ မှာ အင်မတန်မှ
မျက်စိကျလာသ ဗျာ။ သူတို့အတွေးနဲ့ သူတို့က လည်း
ဟုတ်နေတာပဲ။ အိမ်ကြီးကအိုလှပြီ။ ပြန်ပြင်ဆောက်ဖို့ကလည်း
ဒီခေတ်ထဲ ရတဲ့ဝင်ငွေနဲ့က တော်ရုံဖြစ်နိုင်တာမျိုး မဟုတ်ဘူး။
နေထိုး မိုးယိုနဲ့ သည်းခံပြီးနေလာ ရတာ ကြာပြီ။

အခု ကန်ထရိုက်က ကမ်း လှမ်းလာတုန်းမှာ အခွင့်အရေးကို
အမိအရယူမှ။ ယူရင်လည်း အရှုံး မရှိပါဘူး။ အရင်ဆုံး
ပြောင်းရွှေ့ ကြေး ဘယ်ရွေ့ဘယ်မျှရမယ်ဗျာ။ ကဲ...အဲဒါလေးနဲ့
တိုက်ခန်း ဆောက်မပြီးခင် တစ်နေရာရာမှာ လအနည်းငယ်
ငှားနေမယ်ဗျာ။ ပြောင်းရွှေ့ကြေးက အနည်းဆုံး
ကျပ်သိန်း သုံး၊ လေးဆယ်ကနေ တစ်ရာကြားလောက်အစားစား
ရ ကြဆိုပဲ။ ဒီတော့ ငွေက ပိုဦးမှာ။ ရင်းနှီးစားလို့ ရသဗျာ။
တိုက်ခန်း ဆောက်ပြီးသွားရင်လည်း ကိုယ့် အတွက်
ဆယ်ခန်းဆောက်ရင် ငါးခန်းရမယ်။ တစ်ခန်းကိုယ်နေမယ်။
ကျန်တဲ့ တိုက်ခန်းရောင်းစားမယ်။ကဲ မနိပ်လား။

အနှာလို စဉ်းစားပြီး ကန်ထ ရိုက်တွေ ဆောက်လိုက်တာဟာလေ
အခုဆိုရင် ဘစီတို့နေတဲ့ ဆင်ခြေဖုံးလို့ ခေါ်လို့ရတဲ့ နေရာတွေမှာ
ပွလို့ ထလို့ပါပဲဗျာ။ အများစုကလည်း စီးပွားရေးကလည်းတယ်ပြီး
မပြေလည်ကြတော့ လည်း ခုနင်က ပြောခဲ့တဲ့
စဉ်းစားနည်းကားအတိုင်း လိုက်ကြတာပါ ပဲ။
အင်း... ကျုပ်စကားတွေ ချော် တောငေါ့နေပြီလား အယ်ဒီတာ။
ပြောချင်တာက ဒီလိုဗျာ။

ကန်ထရိုက်တိုက်တွေ ကျုပ် တို့ ရပ်ကွက်တွေထဲ အရိုးစုတွေလို
ထိုးထိုးထောင်ထောင်နဲ့ ပေါ်လာ တာ သူ့သဘောသူဆောင်ပြီး
ဖြစ်လာတာ။ အဲဒါ ခုနင်က ပြောလာ တဲ့ ငလျင်ကိစ္စနဲ့
ဘာဆိုင်သလဲ။ ဆိုင်ပါပြီကောလားဗျာ။ အခု ရန်ကုန်မှာ
ဆောက်နေတဲ့ ကန်ထ ရိုက်တိုက်ဆိုတာတွေက
ဘယ် လောက်များဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေ စံနှုန်းတွေနဲ့
ညီသ လဲ။ လူတွေနေလို့ ထိုင်လို့ ဆီ လျော်တဲ့ အခန်းပမာဏ
အကျယ် အ၀န်းရှိတာ မရှိတာ ခဏထား လိုက်ပါဦး။
တိုက်ခန်းတွေက စာ ကလေးအိမ်နဲ့ နင်လားငါလား
အရွယ်လောက်ပဲရှိတာတွေက ဖြစ်သင့်လား မဖြစ်သင့်လား
ဆို တာတွေ နောက်မှစဉ်းစား။ အရင် ဆုံး မေးစရာက ဒီနေ့
အုံနဲ့ ကျင်းနဲ့ ဆောက်နေကြတဲ့ အထပ်မြင့်ဆို တဲ့
အဆောက်အအုံတွေဟာ ငလျင်ဘယ်လောက် ရစ်ခ်ျတာ
စကေးလှုပ်ခတ်တာအထိ ခံနိုင်ရည်ရှိမှာလဲ၊ ရှိကြပါသလဲဗျာ။

ကန်ထရိုက်တိုက်တွေများ ဆောက်လိုက်ကြတာ။
ဟိုနေရာ တစ်ခု၊ ဒီနေရာတစ်ခု။ ပြီးတော့ လူတွေတက်နေ
ကြတာလည်း အ ပြည့်ပဲ။ ဒါပေတဲ့ ကြံ့ခိုင်မှု ဘယ် လောက်ရှိ
သလဲ။ ဒီတိုက်ကတော့ ဖြင့် ငလျင်ဒဏ် ဘယ်ရွေ့ ဘယ်မျှအထိ
ခံနိုင်ပါတယ်ဆိုတဲ့ ဆိုင်ရာကျွမ်းကျင်သူ စစ်ဆေးရေးအရာရှိ
စတာတွေရဲ့ အသိအမှတ်ပြု လက်မှတ်ရှိလား၊ ဘယ်တိုက်ခန်း
အဆောက်အအုံတွေရဲ့ အ၀င်ဝမှာများ အဲသလို
ရေးထားသလဲဗျာ။

ကျုပ်တို့ နေထိုင်သူတွေကလည်း အဲဒါတွေ မေးမနေအားပေါင်။
ကျောတစ်ခင်းစာလေးရဖို့ အရေး အခန်းပွဲစား၊ အိမ်ပွဲစားကို
မျက်နှာချိုသွေးနေရတာနဲ့ ကိုယ် နေမယ့် တိုက်တာ အခန်းက
ဘယ်သင်းရှိတယ်ဆိုတာ သိသော်မှ စစ်ဆေးရေးလုပ်
မနေနိုင်ဘူးဗျို့။

လုပ်စရာလည်း မလိုဘူး လေ။ ဒါဟာ ဆိုင်ရာမြို့ရွာ အိုး အိမ်
အဆောက်အအုံနဲ့ ပတ်သက်တဲ့ ဌာနများရဲ့ တာဝန်ပဲဟာ။
သူတို့က စိစစ်ကြပ်မတ်ရမှာခင်ဗျ။ အခု အဲသလို
ကြပ်မတ်ရဲ့လား။ တာဝန်အရ သွားတော့ကြည့်ပါ ရဲ့။
လူနေထိုင်ခွင့်လက်မှတ်တို့ ဘာတို့တော့ဖြင့် ချပေးပါရဲ့။
တကယ်ပဲ ရန်ကုန်မှာ အခုဆောက်တဲ့ တိုက်တာ
အဆောက်အအုံတွေ ဟာ လူတွေ ငလျင်ဘာညာအစရှိ တဲ့
သဘာဝဘေးတွေ ကြုံရသော် မှ လုံခြုံစိတ်ချရတဲ့ နေရာ
ဟုတ်ပါ့ မလား။ အကျင့်ပျက်ခြစားမှုတွေ နှစ်ပေါင်းများစွာ
ဆိုးဆိုးရွားရွား ဖြစ်လာတဲ့ ရွှေပြည်ကြီးမှာ ကျုပ် တော့ဖြင့်
ထင်သဗျာ။ လူနေတိုက်တာ အဆောက်အအုံတော်တော်
များများ ငလျင်တစ်ချက်သာ ခပ်ပြင်းပြင်းလှုပ်၊
ကမ်းခြေက သဲပုံ လေးတွေလို လျှောခနဲနေမှာ။

အယ်ဒီတာရေ။ ကျုပ်က ပါးစပ်ပုပ်ကြီးနဲ့ မကောင်းတဲ့ နိမိတ်
စကားပြောနေတာ မဟုတ်ဘူး နော်။ ငလျင်ဆိုတာ ဘယ်အချိန်
ဖြစ်မယ် မှန်းမရဘူးဆိုမှတော့ ကျုပ်တို့ လူသားတွေဘက်က
တတ်နိုင်တာ ကြိုတင်ပြင်ဆင် ထားရုံရှိတာပဲ။ နို့ပြီး ဒီရက်ထဲ
မှာတင် ဒေါ်အောင်ဆန်းစုကြည်က လည်း ပြောလာတယ်။
အဆောက်အအုံတွေကို ဆောက်ကြတဲ့ နေ ရာမှာ
- မဆောက်သင့်တဲ့ နေရာ တွေမှာ မဆောက်ဖို့၊
- အန္တရာယ် မကင်းတဲ့ အဆောက်အအုံမျိုး တွေ မဆောက်ဖို့၊
- အဆင့်အတန်း မီတဲ့ အဆောက်အအုံတွေ ဆောက်ဖို့ကို
စည်းမျဉ်းစည်းကမ်းတွေရှိ ပေတဲ့ မလိုက်နာကြလို့မို့
တရား ဥပဒေစိုးမိုးရေးကို ထိထိရောက် ရောက်လုပ်ရမယ်မယ်တဲ့၊
ကိုင် တွယ်ရမယ်တဲ့။

သိပ်မှန်ပါသဗျ။
ဒါပေတဲ့ တရားဥပဒေမစိုးမိုးခင် ဒီ့အရင်က ဆောက်ခဲ့တဲ့
အဆောက်အအုံ တွေက များမှများ။ ပညာရှင်များ ပြောစကား
အရဆို စစ်ကိုင်းက ငလျင်ပြတ်ရွေ့ကြောပေါ် ရန်ကုန်က လူတွေ
ဖင်ခုပြီး ထိုင်ထားတာ။အခုတင် အချက်က လှုပ်ခတ်ပြီး ပြနေတာ။
မတော် ရန်ကုန်ရွှေမြို့ တော်ကြီးကို ဗဟိုပြုပြီး လှုပ်ခတ်
လို့ကတော့ မလွယ်ဘူးဗျို့။ သဟာကြောင့် ငလျင်တိုင်းတာစက်
တွေ လည်း အခုထက်များများ တပ် ထားသင့်တယ်ဆိုလည်း
မြန်မြန် သာ တပ်ကြပါခင်ဗျာ။

လုပ်သား ပြည်သူများလည်း သွားတဲ့အခါ၊ လာတဲ့အခါ၊
အိမ်မှာနေတဲ့အခါ သတိကပ်ထားပါခင်ဗျာ။ အောင် မလေးဟဲ့၊
ကြောက်တတ်ရန် ကော မိုးပြိုရင်လည်း အများပဲဆိုပြီးသကာလ
မြန်မာပီပီပေါ့ပေါ့မ တွေးကြနဲ့ဗျာတို့။ ဒါမျိုးဆိုတာ အဖော်ညှိလို့
ကောင်းတာ မဟုတ် ဘူး။ တော်သေးပြီ။ 

(ဘစီ)

credit - The Ladies News Journal & 7day daily

(မှတ်ချက်)
မူရင်း ဆောင်းပါးအားအနည်းငယ် ချုံထားကြောင်း
ဝန်ခံပါသည်။

No comments:

Post a Comment