Thursday, January 21, 2016

“ရန်ကုန်ပြင်ပ မြေဈေးလှုပ်သည်ဆိုသော ဒေသအချို့၏ သတင်းများ”

“ရန်ကုန်ပြင်ပ မြေဈေးလှုပ်သည်ဆိုသော ဒေသအချို့၏
သတင်းများ”


၁။ "မန္တလေး-ပြင်ဦးလွင် လမ်းသစ်ဖောက်မည့်သတင်းကြောင့်
စီမံကိန်းအနီး မြေကွက်များ ကျပ်သိန်းရာချီ ဈေးမြင့်တက်"

ပြင်ဦးလွင် အတက်အဆင်းသွားလာနိုင်မည့် လမ်းမသစ်တစ်ခု
စတင်ဖောက်လုပ်နေသည် ဟူသော သတင်းများထွက်ပေါ်ပြီး
ရက်ပိုင်းအတွင်း စီမံကိန်းဝန်း ကျင်တစ်လျှောက်မြေကွက်များ
ကျပ်သိန်းရာချီဈေးနှုန်းမြင့်တက် သွားပြီး အရောင်းအဝယ်
ဖြစ်နေ ကြောင်း သတင်းရရှိသည်။

မန္တလေးမြို့ ပုသိမ်ကြီးနယ် ရန်ကင်းတောင်ခြေမှ ပြင်ဦးလွင်
မြို့နယ် အနီးစခန်းအထိ ကား လမ်းမသစ်ဖောက်လုပ်
နေ ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်
လမ်းဖောက်လုပ်ခွင့်ရ ကုမ္ပဏီတို့က ပြီးခဲ့သည့်
ဒီဇင်ဘာကုန်ပိုင်းတွင် သတင်း ထုတ်ပြန်ခဲ့သည်။

ထိုသို့ လမ်းသစ်ဖောက်လုပ် နေကြောင်း အတည်ပြုပြီး
ရက်ပိုင်းအတွင်း ယခင်က ကျပ်သိန်း ဆယ်ဂဏန်းသာ
ပေါက်ဈေးရှိ သော မြေကွက်များသည် ကျပ် သိန်းရာဂဏန်း
အထိ ဈေးမြင့်တက်သွားပြီး အချို့မြေကွက်များမှာ
ကျပ်သိန်းထောင်ကျော်အထိ ဈေးမြင့်သည်ဟု မန္တလေးမြို့
အိမ်ခြံမြေအကျိုးဆောင်များနှင့် ဒေသခံများက ပြောသည်။

‘‘မြေတွေအရောင်းဝယ်ဖြစ် နေတယ်။
လမ်းသစ်ဘေးမှာက လယ်ယာမြေတွေရှိတာ။ ဧက ကွက်တွေ
အလိုက် အရောင်းအဝယ်ဖြစ်တယ်။ အဓိကကတော့မြို့ပေါ်က
လူတွေလာဝယ်ကြတာ’’ဟု အိမ်ခြံမြေအကျိုးဆောင်
လုပ်ကိုင်နေသည့် လမ်းသစ်စီမံကိန်းအနီး ပုသိမ်ကြီးမြို့နယ်
ရေကြည်ရွာမှ ဒေသခံတစ်ဦးက ပြောသည်။

လမ်းသစ်စီမံကိန်းဘေးရှိ ယခင်က ကျပ်သိန်း ၅၀၀အောက်သာ
ပေါက်ဈေးရှိခဲ့သော မြေ ကွက်များမှာ လက်ရှိတွင် တစ် ဧက
ကျပ်သိန်း ၁,၅၀၀ နှင့် ၁,၇၀၀ ကြား အရောင်းအဝယ် ဖြစ်နေပြီး
တောင်စောင်းတောင် ကုန်းများပေါ်ရှိ ယခင်က ကျပ် သိန်း ၁၀၀
အောက်သာ ပေါက် ဈေးရှိခဲ့သော မြေကွက်များသည် တစ်ဧက  
ကျပ်သိန်း ၃၀၀နှင့် ၄၀၀ ကြား အရောင်းအဝယ် ဖြစ်နေသည်ဟု
ဒေသခံအိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

လမ်းသစ်ဖောက်မည့် စီမံကိန်းသတင်း ကြိုတင်ကြားသိထားသူ
များက လွန်ခဲ့သည့် တစ်နှစ်ကျော်ကတည်းက မြေကွက်များ
ကြိုတင် ဝယ်စုထားကြကာ   ပြီးခဲ့သည့် နှစ်လခန့်မှစတင်ကာ
ဆက်တိုက် အရောင်းအဝယ်ဖြစ်ပြီး  ဈေးမြင့် တက်လာခြင်း
ဖြစ်သည်ဟု ဒေသ ခံများက ပြောသည်။

‘‘မြေကွက်လာကြည့်တဲ့လူ၊ လာမေးတဲ့လူ တစ်နေ့တစ်နေ့
၁၀ ယောက်လောက်ရှိတယ်။ သတင်း ကြားလို့ တချို့က
ကြိုဝယ်ထားကြ တာလည်း ရှိတယ်။ ဒါပေမဲ့ အခု
လမ်းဖောက်တာ သေချာပြီဆို တော့မှ လာဝယ်ကြတာတွေက
များတယ်။ ကျွန်တော်တို့ရွာက တချို့တလေကတော့
ဈေးကောင်းရတော့ ရောင်းပြီးမတ္တရာ ဘက် ရွှေ့ကုန်ကြပြီ’’ဟု
ရေကြည် ကျေးရွာမှ ဒေသခံတောင်သူတစ် ဦးက ပြောသည်။

မန္တလေး-ပြင်ဦးလွင် ကား လမ်းသစ်ကို Axion ကုမ္ပဏီက
ဖောက်လုပ်ခြင်းဖြစ်ပြီး တိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့်
နောက် ဆုံးသဘောတူစာချုပ်ချုပ်ဆိုရ ခြင်းမရှိသေးကြောင်း၊
လမ်းသစ် ဖောက်လုပ်ခြင်းကို ကုမ္ပဏီက တစ်ဦးတည်း
အကုန်ကျခံဖောက် လုပ်ခြင်းဖြစ်ပြီး တိုင်းအစိုးရအဖွဲ့က
ဘတ်ဂျက်သုံးစွဲဖောက်လုပ်ခြင်း မဟုတ်ဘဲ ကုမ္ပဏီမှ
လမ်းသစ် ဖောက်လုပ်လိုကြောင်း တင်ပြ လာမှုကြောင့်
အစိုးရအဖွဲ့က ခွင့် ပြုပေးခြင်းဖြစ်ကြောင်း မန္တလေး တိုင်း
ဒေသကြီး အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
ဦးကျော်ဆန်းက ပြောကြားသည်။

(မောင်တာ)

***

၂။ "ငပလီကမ်းခြေတွင် မြေဈေးမြင့်တက်"

ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲမြို့နယ်အတွင်းရှိ နာမည်ကျော်
ငပလီကမ်းခြေသို့ခရီးသွားများ လာရောက်မှုမြင့်တက်လာသည်
နှင့်အညီ ဟိုတယ် လုပ်ငန်းများကြောင့်မြေဈေးနှုန်းများ
အဆမတန်မြင့်တက်လျက်ရှိသည်ဟု သိရသည်။

"လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကစပြီး ကမ်းခြေ ရွာတွေရဲ့
မြေဈေးတွေက အရမ်းတက်သွား တာ။ ငပလီကို မြို့နယ်အဆင့်
သတ်မှတ် လိုက်တဲ့ နောက်ပိုင်းဈေးတွေပိုတက်လာ တယ်လို့
ပြောလို့ရတယ်။ လာဝယ်တဲ့သူတွေ လည်း များလာတယ်။
ပြီးတော့ ဟိုတယ်တွေ လာဖွင့်တာလည်း အရင်ကထက်
များလာတယ်" ဟုငပလီကမ်းခြေရှိ လင်းသာကျေးရွာ က
ဦးဖိုးခွားက ပြောသည်။

သံတွဲမြို့က လေးမိုင်ခန့်ဝေးကွာသည့် ငပလီကျေးရွာသည်
လွန်ခဲ့သည့် နှစ်နှစ်ခန့်တွင်ငပလီကို မြို့နယ်အဆင့် သတ်မှတ်ခဲ့
ပြီးနောက် ဟိုတယ်လုပ်ငန်းများလည်း ကောင်းမွန်လာကာ
ယခုအခါတွင် သံတွဲမြို့ထက်ပင် ပို၍ ဖွံ့ဖြိုးတိုးတက်လာသည်ဟု
ဆိုကြသည်။

ငပလီကမ်းခြေရှိမြေဈေးနှုန်းမှာ လက်ရှိအချိန်တွင် တစ်ဧကလျှင်
အမြင့်ဆုံး သိန်းလေးသောင်း၊ ငါးသောင်းခန့်အထိရှိသည်။
လွန်ခဲ့သည့်နှစ်နှစ်ကျော်ခန့်က ငပလီ ကမ်းခြေရှိ မြေဈေးနှုန်းမှာ
ကျပ်သိန်းထောင်ဂဏန်းသာ ရှိခဲ့သည်ဟု ငပလီဒေသခံတစ်ဦး
ဖြစ်သည့် ဦးထွန်းကျော်ကပြောသည်။

"ဈေးတွေ တက်တာကတော့ ရန်ကုန်က ဈေးတွေလောက်တော့
မကြောက်တော့ဘူး။ဟိုတယ်ဖွင့်လို့ရတဲ့ ကမ်းခြေနားက
မြေတွေဆို ရန်ကုန်က ၀င်ဒါမီယာကဈေးတွေထက်တောင်
ကြီးသေးတယ်။ ကျယ်ရင်ကျယ်သလို ဈေးကခေါင်ခိုက်နေတာ။
သိန်းကို သိန်းဂဏန်းနားအထိပဲ။ နေရာကောင်းတော်တော်
များများကလည်း ၀ယ်ပြီးတဲ့သူတွေနဲ့ ပြည့်နေတာပဲ" ဟု
၎င်းကပြောသည်။

အဆိုပါ ဒေသ၏ မြေဈေးနှုန်းများသည် လွန်ခဲ့သည့်
ဆယ်နှစ်ကျော်ခန့်နှင့် နှိုင်းယှဉ်ပါက များစွာကွာခြားသွားကာ
ဈေးနှုန်းများတစ်ဖြည်းဖြည်း မြင့်တက်လာပြီး လက်ရှိအချိန်တွင်
အမြင့်ဆုံးအတိုင်းအတာထိသို့ ရောက်ရှိနေခြင်းဖြစ်သည်။

ထို့ပြင် ယခင်က ယင်းဒေသတွင်မြေ ပိုင်ဆိုင်သူများမှာ
အုန်းပင် များစိုက်၍ ခြံ လုပ်ငန်းကို လုပ်ကိုင်ရသော်လည်း
ယခုအခါအဆိုပါ ခြံမြေများ ဈေးကောင်းရသည့်အတွက်
ပြန်လည်ရောင်းချပြီးနောက် ငွေကြေးချမ်းသာသွားသည့်
ဒေသခံများရှိ လာကြောင်း ဦးထွန်းကျော်ကပြောသည်။

"အရင်တုန်းက အုန်းပင်လေးစိုက်ပြီး အုန်းသီးရောင်းစားတဲ့
သူတွေ စီးပွားရေးအဆင်မပြေကြဘူး။ ပြီးခဲ့တဲ့ သုံးနှစ်လောက်က
မြေဈေးတွေ အရမ်းတက်သွားတော့ သူတို့ ခြံတွေလည်း
ဈေးကောင်းရပြီး သူဌေးတွေ ဖြစ်သွားကြတဲ့သူတွေ
အများကြီးပဲ။ ကမ်းခြေနားကမြေပိုင်တဲ့သူတွေက ပိုပြီးအဆင်ပြေ
သွားကြတယ်" ဟု ဦးထွန်းကျော်ကပြောသည်။

လတ်တလောတွင်လည်းငပလီမြို့နယ် အတွင်းရှိ
တောင်ကုန်း၊ တောင်ထိပ်များ ပေါ်ရှိ မြေများကိုလည်း
လိုက်လံဝယ်ယူသူ များလည်း ရှိကြောင်း ငပလီမြို့နယ်
မြပြင် ရွာတွင် နေထိုင်သူကိုအောင်မျိုးကျော်က ပြောသည်။

"အခုလည်း မြေတွေလိုက်ဝယ်နေတဲ့သူ တွေ ရှိတုန်းပါပဲ။
ဟိုတစ်လောကတော့ကမ်းခြေနားက မြေတွေ၊ လမ်းမတန်းက
မြေ တွေကို အ၀ယ်များတယ်။ အခုတစ်လောတော့
တောင်ကုန်းတွေပေါ်က မြေတွေဝယ်ဖို့ လိုက်ကြည့်နေတာတွေ
တွေ့နေရတယ်။ တောင်ကုန်း ပေါ်တွေမှာ ဟိုတယ်ဆောက်ရင်
ပင်လယ်ကိုလှမ်းမြင်ရတဲ့ မြင်ကွင်းမျိုးရတော့ တချို့က အဲဒီလို
ဟိုတယ်မျိုး ဆောက်ချင်ကြတယ်။
ဒီမှာက အဲဒီလိုဟိုတယ်မျိုး တစ်ခုပဲ ရှိသေး တယ်။ အဲဒါကြောင့်
အခုတစ်လောတောင် ကုန်းတွေပေါ်ကို လိုက်ဝယ်နေကြတာ
ထင်တယ်" ဟု ၎င်းကပြောသည်။

ငပလီကမ်းခြေသည် ယခင်က ကျေးရွာ အဆင့်သာ
ဖြစ်သော်လည်း လက်ရှိအချိန်၌ခရိုင်အဆင့်ရှိသည့်
သံတွဲမြို့ထက်ပင် မြေဈေး နှုန်းများ ကြီးမားကာ စီးပွားရေး
လုပ်ငန်းတိုးတက်မှု အနေအထားမှာလည်း ပိုမိုကောင်း မွန်
လာသည်ဟု ဒေသခံများကပြောသည်။

ငပလီရှိ မြေဈေးနှုန်းများသည် ပျမ်းမျှအားဖြင့် တစ်ဧက
ကျပ်သိန်းငါးသောင်း ခန့် ရှိနေသည့်အချိန်တွင် သံတွဲမြို့ပေါ်ရှိ
မြေဈေးနှုန်းများမှာ ကျပ်သိန်း၇၀ ၀န်းကျင်မှ သိန်း ၃၀၀ ၀န်းကျင်
အတွင်းသာရှိသည်။

မြေအရောင်းအ၀ယ်မှာလည်း သံတွဲမြို့ပေါ်တွင် မရှိသလောက်
နည်းပါးပြီး ငပလီ ကမ်းခြေတည်ရှိရာ ကျေးရွာများတွင်သာ
မြေ၀ယ်ယူရန် စောင့်ကြည့်သူများနှင့်ပြည့်နေ ကြောင်း
ကျေးရွာဒေသခံများက ပြောသည်။ ထို့ပြင် လမ်းပန်းဆက်
သွယ်ရေးများမှာ လည်း ယခင်နှစ်များထက် ပိုမိုကောင်းမွန်လာ
သည့်အတွက်ငပလီကမ်းခြေသို့ လာရောက် လည်ပတ်သူ
များမှာလည်း များပြားလာသည်ဟုအငှားကားမောင်းသူ
တစ်ဦးလည်း ဖြစ်သူ ကိုအောင်မျိုးကျော်က ပြောသည်။

"အရင်က ဒီကို နိုင်ငံခြားသား ခရီးသွား လောက်ပဲ
လာနိုင်ကြတယ်။ စရိတ်ကအရမ်း မြင့်တော့ ပြည်တွင်းက
လူတွေလာတာ နည်း တယ်။ အခုကလမ်းတွေကလည်း
ကောင်းလာ တော့ ရန်ကုန်ကနေ ကားနဲ့လာမယ်ဆိုရင်
၁၂ နာရီလောက်ပဲ ကားစီးရတော့တယ်။ အရင် ကတော့
တစ်ရက်ကြာရင်လည်း ကြာတယ်။ နှစ်ရက်ကြာရင်လည်း
ကြာနိုင်တယ်။ ဒါပေမဲ့ ဒီသုံးလေးနှစ်အတွင်းမှာ လမ်းတွေကောင်း
လာတော့ ပြည်တွင်းပြည်ပက လာလည်တဲ့သူတွေ တော်တော်
များများလာတယ်" ဟု ၎င်းက ပြောသည်။

ခရီးသွားများလာသည်နှင့်အမျှ ငပလီ တွင် ဟိုတယ်
တည်ဆောက်လာမှုမှာလည်းယခင်ကထက် များပြားလာပြီး
ဖြစ်သော်လည်း ခရီသွားရာသီအချိန်မျိုးတွင်မူဟိုတယ်ခန်း
မလုံလောက်မှုများ ရှိသေးသည့်အတွက် ဟိုတယ်
တည်ဆောက်မှုများထပ်မံရှိလာနိုင် သေးကြောင်း
၎င်းက ပြောသည်။

(မြတ်ငြိမ်းအေး)

***

၃။ "သံရုံးများဖွင့်ရန် နေပြည်တော်တွင် မြေငှားရမ်းနေ"

အစိုးရရုံးစိုက်ရာ နေပြည်တော်တွင် နိုင်ငံတစ်ကာသံရုံးများ
ဖွင့်လှစ်ရန် ဒက္ခိဏသီရိမြို့နယ်ရှိ ဟိုတယ်ဇုန်နောက်ကျောတွင်
မြေကွက်များ ငှားရမ်းနေပြီ ဟု နေပြည်တော်ကောင်စီဝင်
ဦးကံချွန်က ပြောသည်။

"သံရုံးများ မဆောက်သေးသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊
မလေးရှားနိုင်ငံတို့က စာချုပ်ချုပ်ဆို ငှားရမ်းထားပြီး ဖြစ်ပါတယ်။
တရုတ်နိုင်ငံ၊ ကာတာနိုင်ငံ၊ ဘရူနှိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့မှလည်း
ငှားရမ်းရေးနှင့် စာချုပ်ချုပ်ဆိုရေး စီစဉ်ဆောင်ရွက်ဆဲဖြစ်ပါတယ်"
ဟု ဇန်နဝါရီ ၁၁ရက်၊ အမျိုးသားလွှတ်တော်အစည်းအဝေးတွင်
ဦးကံချွန်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

နိုဝင်ဘာရွေးကောက်ပွဲရလဒ်အရ ဒေါ်အောင်ဆန်းစုကြည်
ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အစိုးရတစ်ရပ်
ပေါ်ပေါက်လာရန် နီးကပ်လာသည့်အချိန်တွင် သံရုံးများကို
နေပြည်တော်တွင်ဖွင့်လှစ်ရန် မြေငှားရမ်းလာကြခြင်းလည်း
ဖြစ်သည်။

သံရုံးများ ဆောက်လုပ်နိုင်ရန်အတွက် အစိုးရက
ဒက္ခိဏသီရိမြို့နယ်ရှိ
ဟိုတယ်ဇုန်နောက်ကျောတွင် ပေ ၅၀၀ ပတ်လည်
(၅၀၀'× ၅၀၀')အကျယ်ရှိ မြေကွက်ပေါင်း ၁၂၀ကိုလည်းကောင်း၊
စစ်သံမှူးရုံးဆောက်လုပ်ရန် ပေ ၃၀၀ ပတ်လည်(၃၀၀'× ၃၀၀')
အကျယ်ရှိ မြေကွက်ပေါင်း ၅၀ကိုလည်းကောင်း ဖော်ထုတ်ထားပြီး
ဖြစ်သည်ဟု သမ္မတဦးသိန်းစိန် တိုက်ရိုက်ခန့်အပ်ထားသည့်
နေပြည်တော်ကောင်စီဝင် ဦးကံချွန်က ပြောသည်။

ဇန်နဝါရီ ၁၁ရက်၊ အမျိုးသားလွှတ်တော်အစည်းအဝေးတွင်
ရန်ကုန်တိုင်း၊ မဲဆန္ဒနယ်အမှတ်(၅)မှ အမျိုးသားလွှတ်တော်
အမတ် ဦးဝင်းနောင်က "အုပ်ချုပ်ရေးမြို့တော် နေပြည်တော်၏
အလားအလာ"ကို သိလိုသည်ဟု မေးခွန်းထုတ်ခဲ့သည်။

ယင်းမေးခွန်းအပေါ် နေပြည်တော်ကောင်စီဝင် ဦးကံချွန်က
လာရောက်ဖြေကြားခဲ့ခြင်းဖြစ်ပြီး သံရုံးဆောက်ရန် မြေငှားရမ်းမှု
အခြေအနေများကိုပါ ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဦးကံချွန်၏ ပြောဆိုချက်အရ လက်ရှိတွင် နေပြည်တော်ရှိ
GRAND ACE Villa တွင် တရုတ်သံရုံး ရုံးခွဲဖွင့်လှစ်ထားပြီး
နိုင်ငံခြားသား ၂၆ဦး နေထိုင်လျက်ရှိသည်။

မြေဧကပေါင်း ၁,၇၄၃,၈၄၄ဧက ကျယ်ဝန်းသည့်
နေပြည်တော်တွင် လူဦးရေ တစ်သန်းကျော် နေထိုင်လျက်
ရှိသည်။ သမ္မတဦးသိန်းစိန်၏ အစိုးရသက်တမ်းသည် လာမည့်
မတ်လကုန်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။

(မင်းမင်း)

credit - 7day daily/ The Myanmar Times
& mizzima

No comments:

Post a Comment