Wednesday, January 6, 2016

“၂၀၁၅၏အိမ်ခြံမြေဈေးကွက်အား ဝေဖန်သုံးသပ်ကြခြင်း”


“၂၀၁၅၏အိမ်ခြံမြေဈေးကွက်အား ဝေဖန်သုံးသပ်ကြခြင်း”

၁။ "အိမ်ခြံမြေဈေးကွက် ပူဖောင်းပေါက်သွားသည့် ၂၀၁၅"

၂၀၁၅ ခုနှစ် အိမ်ခြံမြေဈေးကွက် အခြေအနေကို
လေ့လာကြည့်ပါက အရောင်း ဈေးကွက်သည် လည်းကောင်း၊
အငှားဈေးကွက်သည် လည်းကောင်း ကျဆင်းနေသည်ကို
တွေ့ရသည်။

အမှန်တွင် ၂၀၁၃-၂၀၁၄ ခုနှစ်သည် အိမ်ခြံမြေဈေး အမြင့်ဆုံးသို့
ရောက်ရှိခဲ့သည့် နှစ်ဖြစ်ပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာလ
နောက်ပိုင်း တဖြည်းဖြည်း ပြန်လည် ကျဆင်းလာသည့် အတွက်
၂၀၁၅ ခုနှစ်တွင် ယင်းကဲ့သို့ အိမ်ခြံမြေဈေးကွက် သိသိသာသာ
ကျဆင်းလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့
* အိမ်ခြံမြေ ဈေးကွက်ကျ ဆင်းသွားခြင်း အကြောင်းရင်းမှာ
မြန်မာ့စီးပွားရေး ကျဆင်းသွားခြင်းနှင့် သက်ဆိုင်ကြောင်း
သုံးသပ်မှုများ ရှိသကဲ့သို့ အိမ်ခြံမြေ ဈေးကွက်
ကျဆင်းသွားသည့်အတွက် ဈေးကွက်အတွင်း
လည်ပတ်နေသောငွေများ ငွေသေဖြစ်သွားကာ
စီးပွားရေး တိုးတက်မှုကို
အတားအဆီး ဖြစ်စေသော၊ အတားအဆီး တစ်ခုဖြစ်လာသည်
ဆိုသော မတူညီသည့် အမြင်များလည်း ရှိနေကြသည်။ *

ယင်းကဲ့သို့ အိမ်ခြံမြေ ဈေးကျဆင်းလာခြင်းမှာ
- ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ကျရောက်ခဲ့သော
ရွေးကောက်ပွဲကြောင့် ဈေးကွက် အခြေအနေကိုေ
စာင့်ကြည့်ရာမှ အေးစက်ခြင်း ဖြစ်သည်ဟု သုံးသပ်ကြသကဲ့သို့
- အမြင့်ဆုံးဈေးသို့ ရောက်ရှိခဲ့သောကြောင့်
ထပ်မတက်နိုင်တော့ဘဲ ကျဆင်းလာခဲ့ခြင်း ဖြစ်ကြောင်း၊
- မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက် နှုန်းထားများသည်
ကမ္ဘာပေါ်တွင် အမြင့်ဆုံး ဈေးနှုန်းများဖြစ်သော
တိုကျို အိမ်ခြံမြေ ဈေးကွက်၊ စင်ကာပူ အိမ်ခြံမြေဈေးကွက်နှင့်
နယူးယော့၊ မင်ဟက်တန် ဈေးကွက်များနောက်တွင်
ရှိနေကြောင်း၊
- ၂၀၁၄ ခုနှစ် အိမ်ခြံမြေ ဈေးကွက် အနေအထားကို
လေ့လာကြည့်ပါက မြန်မာ့အိမ်ခြံမြေ ဈေးကွက်သည်
ကမ္ဘာပေါ်ရှိ
အမြင့်ဆုံး အိမ်ခြံမြေ ဈေးနှုန်းများဖြင့် လည်ပတ်နေသော
ဈေးကွက်တွင် နံပါတ် ၆ ရှိနေပြီး ဘာစီလိုနာနှင့် တစ်တန်းတည်း
ဖြစ်နေကြောင်း သိရသည်။

ယင်းကဲ့သို့သော အခြေအနေမှ
- ၂၀၁၅ ခုနှစ်တွင် တိုက်ခန်း အရောင်းအ၀ယ်တို့
၁၅ ရာခိုင်နှုန်းခန့် ဈေးလျှော့ ရောင်းလာသည်ကို တွေ့ရကြောင်း၊
- အလားတူ မြို့စွန်မှ မြေကွက်များ ငွေဖော်ရန်အတွက်
ချရောင်းလာရသည့် အတွက် ၃၅ ရာခိုင်နှုန်းခန့်အထိ
ကျဆင်းသွားသည်လည်း ရှိကြောင်း၊
- အလားတူ ယင်းကဲ့သို့ အရောင်းအ၀ယ် ကျဆင်းသွားခြင်းမှာ
ကြိုပွိုင့် ဈေးကွက်များပေါ်တွင် ယုံကြည်မှု ကျဆင်းသွားခြင်း
မှာလည်း အကြောင်းရင်း တစ်ခုဖြစ်ကြောင်း သိရသည်။
၂၀၁၅ ခု နိုဝင်ဘာ ရွေးကောက်ပွဲအပြီးတွင် အိမ်ခြံမြေ ဈေးနှုန်း
ပြန်လည် ကောင်းလာနိုင်သည်ဟူသော မျှော်လင့်ချက်များ
ရှိနေသော်လည်း လက်ရှိ အချိန်အထိ အေးစက်နေဆဲပင်
ဖြစ်ကြောင်း၊ အလားတူ ရင်းနှီးမြှုပ်နှံသူများ ဒေါ်လာဘက်သို့
ဦးလှည့်နေခြင်း၊ ရန်ကုန်စတော့ ရှယ်ယာဈေးကွက် စတင်
ဖွင့်လှစ်လိုက်ခြင်းကြောင့် အိမ်ခြံမြေ ဈေးကွက်တွင် လည်ပတ်
နေသော ငွေကြေးများ၊ စတော့မားကက်ဘက်သို့ ရွေ့လျား
သွားနိုင်သည်ဟူသော သုံးသပ်မှုများ ရှိနေကြောင်း သိရသည်။
- ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး
ဦးစီးဌာနမှ တန်ဖိုးနည်း အိမ်ရာများ အကောင်အထည်
ဖော်ပေးနေမှု ရှိသော်လည်း လုံလောက်မှု မရှိသေးကြောင်း၊
- တရားဝင် ရရှိထားသော ကိန်းဂဏန်းများအရ ၂၀၁၄-၂၀၁၅
ဘဏ္ဍာနှစ်အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်
ဆောက်လုပ်ဆဲ တန်ဖိုးနည်း စီမံကိန်းနှင့် တန်ဖိုးသင့် စီမံကိန်း
၁၉ ခုရှိကြောင်း၊
- ယင်းစီမံကိန်းမှ အိမ်ခန်းပေါင်း ၁၈၀၀၀ ကျော်
ထုတ်ပေးနိုင်မည် ဖြစ်ကြောင်း ၊
- အဆိုပါ တန်ဖိုးနည်းနှင့် တန်ဖိုးသင့် အိမ်ရာစီမံကိန်း ၁၉ ခုမှာ
ရန်ကုန်တိုင်း ဒေသကြီးတွင် ၁၅ ခု၊ မန္တလေးတိုင်း ဒေသကြီးတွင်
တစ်ခု၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် နှစ်ခုနှင့် မကွေးတိုင်း
ဒေသကြီးတွင် တစ်ခုဖြစ်ကြောင်း သိရသည်။

ရန်ကုန် အိမ်ခြံမြေဈေးကွက် ကျဆင်းသွားသည့်
အကြောင်းရင်းတွင်
- ကန်ထရိုက် အများစုမှာ ကြိုပွိုင့် ရောင်းရငွေနှင့် ဘဏ်ချေးငွေ
အပေါ်တွင် တည်၍ ဆောက်ထားခြင်းများ ဖြစ်ကြောင်း၊
- နောက်ပိုင်းကာလ ကြိုပွိုင့်ဝယ်ယူမှု မရှိသလောက်
နည်းသွားသည့်အတွက် ကြိုပွိုင့် အတော်များများ
ဒုက္ခရောက်နေကြကြောင်း၊
- အလားတူ မြေရှင်နှင့် သဘာတူပြီးသား အစီအစဉ်ကို
ပြန်ဖျက်ရသည့် အခြေအနေများပင် ရှိကြောင်း သိရှိရသည်။
ယင်းစီမံကိန်း အများစုမှာ ၂၀၁၃ နှစ်ကုန်ပိုင်းနှင့်
၂၀၁၄ နှစ်ဆန်းပိုင်းတွင် စခဲ့ကြခြင်း ဖြစ်ပြီး လက်ရှိအချိန်တွင်
အခန်းများ ရောင်းမကုန်ဘဲ ကျန်နေဆဲဖြစ်ကြောင်း သိရသည်။
အချုပ်ဆိုရသော် အများအပြားကို လက်ဝယ်
ကိုင်ဆောင်ထားနိုင်သော လက်ကြီးသမားများမှ လွဲ၍
အိမ်ခြံမြေတွင် မြှုပ်နှံထားသည့် အသေးစား မြှုပ်နှံမှုများမှာ
ဈေးချ၍ ရောင်းချခဲ့ရကြောင်း၊ စင်စစ် ၂၀၁၅ ခုနှစ်သည်
အိမ်ခြံမြေဈေးကွက် အရှိန်အဟုန် မြင့်တက်နေရာမှ ပြန်လည်
ကျဆင်းလာခဲ့သည့် နှစ်တစ်နှစ် ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။

(အငယ်ထွေး)

***

၂။ "အိမ်ခြံမြေဈေးကွက် အငြိမ်သက်ဆုံး နှစ်ဖြစ်ခဲ့သည့် ၂၀၁၅"

လွန်ခဲ့သည့်နှစ်နှစ်တာအတွင်း အိမ်ခြံမြေအရောင်းအ၀ယ်နှင့်
ဈေးနှုန်းများ အမြင့်ဆုံး စံချိန်သို့ ရောက်ရှိခဲ့သည်အထိ
ဈေးကွက်ကောင်းမွန်ခဲ့သော်လည်း ၂၀၁၅ ခုနှစ်တွင်
အိမ်ခြံမြေအရောင်းအ၀ယ် ဈေးကွက် သိသိသာသာ
လျော့ကျခဲ့ပြီး၊ ယမန်နှစ်များနှင့် နှိုင်းယှဉ်ပါက
ဈေးကွက်အငြိမ်သက်ဆုံးနှစ်လည်းဖြစ်သည်။

၂၀၁၅ ခုနှစ်အတွင်း ရန်ကုန်မြို့ အိမ်ခြံမြေ ဈေးကွက်မှာ
အရောင်းအ၀ယ်ထက်အငှား ဈေးကွက်ပိုမိုဖြစ်ထွန်းခဲ့ပြီး၊
ရန်ကုန်အိမ်ခြံမြေ အငှားလုပ်ငန်းများ ၆၀ ရာခိုင်နှုန်းထိဖြစ်ခဲ့ကာ
အရောင်းအ၀ယ်ဈေးကွက်မှာမူ ၄၀ ရာခိုင် နှုန်းခန့်သာ ရှိခဲ့သည်ဟု
အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်း လုပ်ကိုင်သူများကပြောသည်။

"၂၀၁၅ ထဲမှာတော့ အရောင်းအ၀ယ်ထက်စာရင်
အငှားဈေးကွက်က ပိုများတယ်။ ရာခိုင်နှုန်းနဲ့တွက်ရင်
ဈေးကွက်ထဲမှာ အရောင်းအငှားဖြစ်တဲ့ပမာဏက အငှားက
၆၀ ရာခိုင်နှုန်းလောက်ရှိပြီးအရောင်းက ၄၀ ရာခိုင်နှုန်းလောက်ပဲ
ရှိတဲ့အတွက် အငှား လုပ်ငန်းက ပိုများတယ်လို့ သတ်မှတ်လို့
ရပါတယ်။ ၂၀၁၅ မှာ အားလုံးက အရောင်းအ၀ယ်ကို
စောင့်ကြည့်နေတဲ့ အနေအထားတွေရှိတယ်။
တကယ် မဖြစ်မနေ၀ယ်မယ့်ရောင်းမယ့် သူတွေလောက်ပဲ
အရောင်းအ၀ယ် လုပ်ကြတယ်။အငှားဈေးကွက်က တော့
အရင်နှစ်တွေလိုပဲ ပုံမှန်ပဲသွားနေပါတယ်" ဟု စိုင်းခွန်နောင်
အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းက ဦးဟိန်းဇံက ပြောသည်။

အိမ်ခြံမြေဈေးနှုန်းများ အမြင့်ဆုံးဖြစ်ပေါ် ခဲ့သည့် ၂၀၁၃ နှင့်
၂၀၁၄ ခုနှစ်များနှင့် နှိုင်းယှဉ်ပါက၂၀၁၅ ခုနှစ် အိမ်ခြံမြေ
အရောင်း အ၀ယ်ဈေးနှုန်းသည် ၂၀ ရာခိုင်နှုန်းအထိ
ကျဆင်းခဲ့သည်ဟုလည်း ၎င်းကပြောသည်။

၂၀၁၅ ခုနှစ်တွင်အိမ်ခြံမြေ အငှား ဈေးကွက်
ပုံမှန်အနေအထားတွင် ရှိနေသော်လည်း အငှားဈေးနှုန်း
အနေအထားမှာ နှစ်စဉ် နှစ်တိုင်း မြင့်တက်သည့် အစဉ်အလာ
အတိုင်း ယခုနှစ်တွင်လည်းငါးရာခိုင်နှုန်းမှ ၁၀ ရာခိုင် နှုန်းခန့်ထိ
မြင့်တက်လာခဲ့သည်။

"အငှားဈေးနှုန်းက အကျသိပ်မရှိဘူး။ ပုံမှန် အတိုင်းဆို
အငှားဈေးနှုန်းက စီးပွားရေးလုပ်ကွက်ကောင်းတဲ့ နေရာမျိုးဆို
တစ်နှစ် တစ်နှစ်ကို ငါးရာခိုင်နှုန်းလောက်ကနေ ၁၀
ရာခိုင်နှုန်းလောက်ထိကို တက်နေကျဆိုတော့ ဒီနှစ်ကလည်း
အငှားဈေးကွက်က အရောင်းထက်ပိုကောင်းသလို ဈေးနှုန်းက
လျော့သွား တယ်ဆိုတာက တက်နေတာပဲ ရှိတယ်" ဟု
ဦးဟိန်းဇံက ပြောသည်။

အိမ်ခြံမြေ အငှားဈေးနှုန်းများသည် အရောင်းအ၀ယ် ဈေးနှုန်းများ
ကဲ့သို့ တစ်ရှိန် ထိုး အတက်အကျမဖြစ်ပေါ်ဘဲ
ပုံမှန်အနေ အထားဖြင့် လူနေအခန်းနှင့်ရုံးခန်းအငှား များမှာ
တစ်နှစ်ကို ၁၀ ရာခိုင်နှုန်းခန့် ပျမ်းမျှ မြင့်တက်နေသည်ဟုလည်း
အိမ်ခြံမြေ အကျိုး ဆောင်များက ပြောသည်။

၂၀၁၅ ခုနှစ်၏ အိမ်ခြံမြေဈေးကွက်သည် အိမ်ခြံမြေ ငှားရမ်းမှု
နှုန်းကောင်းမွန်သည့်အတွက်ငှားရမ်းမှုနှုန်းများထဲတွင် ရုံးခန်း၊
ဆိုင်ခန်း၊ စားသောက်ဆိုင် နှင့် ဘားဆိုင်များ ဖွင့်လှစ်ရန်အတွက်
မြေ၊ အဆောက်အအုံနှင့်တိုက်ခန်း ငှားရမ်းမှုနှုန်း မှာ ယခုနှစ်တွင်
မြင့်လာခဲ့သည်။

၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းခန့်မှ စတင်၍ အိမ်ခြံမြေဈေးကွက်
အေးလာခဲ့ပြီး၊ ၂၀၁၅ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော ရွေးကောက်ပွဲ
အခြေအနေများကြောင့်လည်း ဈေးကွက်ငြိမ်သက်မှုကို
ပိုမိုဖြစ်ပေါ်စေခဲ့သည်။

* ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက်သည် ၂၀၁၅ နှစ်ကုန်သည့်
ဒီဇင်ဘာ နောက်ဆုံး ပတ်ထိပင် ရင်းနှီးမြှုပ်နှံသူများမှာ
အရောင်းအ၀ယ်လုပ်ငန်းများအတွက် စောင့်ကြည့်ဆဲ
အနေအထားဖြင့်သာ ပြီးဆုံးခဲ့ပြီး အစိုးရ အပြောင်းအလဲ
ကာလတွင် အိမ်ခြံမြေများ အပေါ် (မရွှေ့ပြောင်းနိုင်သည့်ပစ္စည်း)
ဝယ်ယူ ရင်းနှီးမြှုပ်နှံမှုမှာယခင်ကထက် လျော့နည်းလာကြောင်း
အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူ များက ပြောသည်။ *

"အရင်က အရောင်းအ၀ယ်လုပ်နေတာ တွေက ၀ယ်ပြီးရင်
ပြန်ရောင်းတဲ့အခါ အချိန်သိပ်စောင့်ဆိုင်းစရာမလိုပဲ ကိုယ်လိုချင်တဲ့
ဈေးသတ်မှတ်ချက်အတိုင်း အကျိုးအမြတ် တစ်ခုပြန်ရတယ်။
ဒါပေမဲ့အခုက ရောင်းချင် တဲ့သူတွေကတော့ များပါတယ်။
ဝယ်မယ့်သူ တွေကလည်း ဒီနှစ်က အပြောင်းအလဲတွေ
ဖြစ်လာနိုင်မှာများတော့ စောင့်ကြည့်ကြ တယ်။ ပြီးတော့
အရင်လိုအရောင်းအ၀ယ်မသွက်ဘူး စောင့်ရတယ်။
အဲဒီတော့ လူတွေက ငွေပြန်မဖော်နိုင်မှာကိုစိုးရိမ်ပြီး
အရင်း အနှီးများတဲ့ ဒီအိမ်ခြံမြေကို ၀ယ်ဖို့က အရင်က ထက်
တုံ့ဆိုင်းလာတာကြောင့်ဒီနှစ်ဈေးကွက် က အေးသွားတာပါ"
အိမ်ခြံမြေလုပ်ငန်း လုပ် ကိုင်သူတစ်ဦးက ပြောသည်။

၂၀၁၅ ခုနှစ်တွင် အစိုးရ၏ စီမံကိန်း အသစ်များ
အကောင်အထည်ဖော်ရန် ပေါ်ပေါက်ခဲ့သော်လည်း
၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်များကဲ့သို့
စီမံကိန်းနေရာ များရှိ အိမ်ခြံမြေအရောင်းအ၀ယ်များမှာ
လှုပ်ခတ်မှုမရှိခဲ့ပေ။

လက်ရှိ နှစ်ကုန်ပိုင်း ဈေးကွက်အခြေအနေသည် သိန်းရာချီ
တန်သည့် ခြံ၊မြေကွက်များနှင့် သိန်း သောင်းချီသည့်
အကွက်ကြီးများ၏ အရောင်းအ၀ယ်များမှာ အနည်းငယ်
ဖြစ် ပေါ်ခဲ့သော်လည်း ဈေးကွက်အတွင်း တွင် လက်ချိုး
ရေတွက်နိုင်သည့် အနေအထားလောက်သာ ဖြစ်ခဲ့သည်။

* လာမည့် ၂၀၁၆ ခုနှစ်တွင်မူ ရန်ကုန်မြို့၏
အိမ်ခြံမြေဈေးကွက်မှာ
ပြန်လည် ဦးမော့လာနိုင်မည်ဖြစ်သည့်အပြင်
အစိုးရ သစ်လက်ထက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
များမှာလည်း ပြန်လည်ဝင်ရောက်လာနိုင်မည်ဖြစ်သည့်အတွက်
အရောင်းအ၀ယ် များမှာ ရာနှုန်းပြည့် ပြန်လည်ကောင်းမွန်
လာနိုင်သည် * ဟု မြန်မာနိုင်ငံအိမ်ခြံမြေ ၀န်ဆောင်မှုအသင်း
အထွေထွေအတွင်းရေးမှူးဒေါ်မို့မို့အောင်က ပြောသည်။

"၂၀၁၆ အိမ်ခြံမြေကတော့ ပြန်ကောင်း လာမယ့်
အနေအထားရှိပါတယ်။ ဒါပေမဲ့ သေချာတာကတော့
နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေကတော့ အားလုံး အပြောင်းအလဲ
ဖြစ်ပြီးသွားတဲ့အချိန် နောက်ပိုင်းမှာ ပိုဝင်လာမယ်။
အဲဒီနောက်ပိုင်းဆို အခုကျနေတဲ့ ဈေးကွက်က ရာနှုန်းပြည့်
ပြန်ကောင်း လာမယ့် အခြေအနေမှာရှိပါတယ်။
ဒါပေမဲ့ဈေးနှုန်းတွေကတော့ အရင်းတုန်းကလို
အဆမတန်တက်တာတွေတော့ မရှိလောက်တော့ဘူး၊
ဈေးကွက်ကတော့ ပြန်ကောင်း လာမယ့် သဘောမှာရှိပါတယ်။
၂၀၁၆ကတော့ သေချာပေါက် အိမ်ခြံမြေ ပြန်ကောင်းလာမှာပါ"
ဟု ၎င်းကပြောသည်။

(မြတ်ငြိမ်းအေး)

credit - Eleven Media Group & The Myanmar Times

(မှတ်ချက်)
မူရင်း သတင်းဆောင်းပါးများအား အနည်းငယ်
ချုံထားကြောင်း ၀န်ခံပါသည်။

No comments:

Post a Comment