“တာထွက်တော့မည့် Dry Port ၊ ICT City ၊ ဟံသာဝတီ
စီမံကိန်းများနှင့် ၀ယ်သူ အရမ်းများသွားတယ်ဆိုတဲ့
ငွေဆောင်အပန်းဖြေ အိမ်ရာစီမံကိန်း”
၁။ "ကုန်းတွင်းဆိပ်လုပ်ငန်း လုပ်ကိုင်ခွင့် ပြည်တွင်း
ကုမ္ပဏီနှင့် စင်ကာပူအခြေစိုက် ကုမ္ပဏီတို့ရရှိ"
မြန်မာ့မီးရထားက ရွာ သာကြီးနှင့် မြစ်ငယ်တို့တွင်
တည်ဆောက်မည့် ကုန်းတွင်းဆိပ်လုပ် ငန်းလုပ်ကိုင်ခွင့်ကို
ပြည်တွင်း ကုမ္ပဏီတစ်ခုနှင့် စင်ကာပူနိုင်ငံ အခြေစိုက်ကုမ္ပဏီ
တစ်ခုတို့ ရရှိ ကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။
အဆိုပါကုန်းတွင်းဆိပ်လုပ် ငန်းတည်ဆောက်ရန်
မြန်မာ့မီးရ ထားက ရန်ကုန်ရှိ ရွာသာကြီးဘူ တာအနီးနှင့်
မန္တလေးရှိ မြစ်ငယ် ဘူတာအနီးတို့တွင် လျာထားပြီး
လုပ်ငန်းလုပ်ကိုင်ရန် ၂၀၁၄ စက်တင်ဘာတွင်
တင်ဒါခေါ်ယူခဲ့ရာ ပဏာမရွေးထားသည့် ပြည်တွင်း၊ပြည်ပ
ကုမ္ပဏီ ငါးခုအနက် မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီ
Resources Group of Logistics
နှင့် စင်ကာပူအခြေစိုက် Kerry Logistics Net-work တို့
လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
ကုန်းတွင်းဆိပ် သယ်ယူပို့ ဆောင်ရေးတွင် ယာဉ်ကြော
သွားလာရေးနှင့် သက်ဆိုင်ပြီး ကုန်စည်ပစ္စည်းများ
သယ်ယူသည့်အခါ ယခင်က ကုန်းလမ်း၊ ရေလမ်းက
သယ်ဆောင်ခဲ့ရာ ယခု ရထား ဖြင့် အခြေပြုသယ် ယူမည့်
ဆိပ်ကမ်းတစ်ခုဖြစ်သည်။
ကွန်တိန်နာကားများဖြင့် ကုန်စည် ပစ္စည်းများ သယ်ယူ
ပို့ဆောင်ရာတွင် ယာဉ်ကြောကျပ်တည်းမှုကြောင့်
ပုံမှန်အချိန်ထက် ပိုမိုကြာမြှင့်၍ လုပ်ငန်းနှောင့်နှေးခြင်းများ
ဖြစ်ပေါ်ရာတွင် ကုန်းတွင်းဆိပ် များ တည်ဆောက်၍
ရထားဖြင့် သယ်ယူပို့ဆောင်က ယခင်ထက် ပိုမိုအဆင်ပြေ
လာနိုင်သည်ဟု မြို့ ပြပညာရှင် ဦးဝင်းမြင့်က ဆိုသည်။
ကုန်းတွင်းဆိပ်လုပ်ငန်းကို လုပ်ကိုင်ခွင့်ရရှိသည့်
ကုမ္ပဏီများသည် ရန်ကုန်နှင့် မန္တလေးတွင် ကနဦး
တည်ဆောက်မည့် ကုန်းတွင်းဆိပ်နှစ်ခုအတွက် ယခုနှစ်
ဇန်န၀ါရီမှ ၂၀၁၇ ဒီဇင်ဘာအထိ ၂ နှစ်အတွင်း တည်ဆောက်
ရမည် ဖြစ်ပြီး မြန်မာ့မီးရထားက BOT စနစ်ဖြင့် နှစ် ၅၀
မြေငှားရမ်းခွင့် ပြုပေးထားကြောင်း သိရသည်။
အဆိုပါလုပ်ငန်း တည် ဆောက်မည့် ကုမ္ပဏီများသည်
မြေအသုံးပြုခအနေဖြင့် မြန်မာ့မီး ရထားသို့ တစ်ဧကလျှင်
အမေရိ ကန်ဒေါ်လာ နှစ်သောင်းကျော် ပေးသွင်းရမည်ဖြစ်ပြီး
တစ်နှစ် မြေငှားရမ်းခတစ်ဧကလျှင် အမေရိကန်ဒေါ်လာ
ငါးထောင့်ငါးရာ ပေးသွင်းရမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ
သိရသည်။
ရန်ကုန်ရှိ ရွာသာကြီးတွင် တည်ဆောက်မည့် ကုန်းတွင်းဆိပ်
လုပ်ငန်းအတွက် Kerry LogisticsNetwork ကုမ္ပဏီက
မြေဧက ၄၀ နှင့် Resources Group of Logi-stics ကုမ္ပဏီမှ
မြေဧက ၄၀ ရရှိ ထားပြီး မန္တလေးရှိ မြစ်ငယ်ကုန်းတွင်းဆိပ်
လုပ်ငန်းအတွက် Kerry Logistics Network က
၄၂ ဧကကျော်နှင့် Resources Group of Logistics က
၃၂ ဧကကျော် အသီးသီးလုပ်ငန်းလုပ်ကိုင်ခွင့်များ
ရရှိ ထားသည်။
ရန်ကုန်နှင့် မန္တလေးမြို့ရှိ ကုန်းတွင်းဆိပ်များ တည်ဆောက်
ပြီးစီးပါက မြန်မာ့မီးရထားကဆက်လက်၍ မော်လမြိုင်၊ မုံရွာ၊
မူ ဆယ်၊ တမူး၊ ပဲခူးနှင့် ပြည်မြို့တို့ တွင်
ကုန်းတွင်းဆိပ်လုပ်ငန်းများ ကို လာမည့်ငါးနှစ်အတွင်း
အ ကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
Kerry Logistics Network ကုမ္ပဏီသည် တရုတ်နှင့် အာဆီယံ
ဒေသတစ်လွှားတွင် ကုန်အမှတ် တံဆိပ်ပေါင်း ရာကျော်ကို
ဖြတ် သန်းသယ်ယူပို့ဆောင်ဖြန့်ချိပေး နေသည့် စင်ကာပူ
အခြေစိုက် ကုမ္ပဏီကြီးဖြစ်သည်။
(ဖြူဖွေးသန့်)
***
၂။ "သန်လျင်တွင် တည်ဆောက်မည့် အိုင်စီတီစီးတီး စီမံကိန်း
လုပ်ငန်း မေလတွင်စတင်မည်"
သန်လျင်မြို့အနီးရှိ မြေဧက ၃၆၀ ပေါ်တွင် နည်းပညာ
ကုမ္ပဏီများ စုဝေးတည်ရှိမည့် အိုင်စီတီစီးတီးကို
အကောင်အထည်ဖော်ရန် လာမည့်မေလ၌ တည်ဆောက်ရေး
လုပ်ငန်းများ စတင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါအိုင်စီတီစီးတီးတည်ဆောက်မည့် မြေနေရာပေါ်တွင်
ဇုန်လေးခုပါဝင်မည်ဖြစ်ပြီး မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊
ပြည်တွင်းအများပိုင်ကုမ္ပဏီအချို့နှင့် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံသူ
အချို့တို့ မှပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်မည်
ဖြစ်ကြောင်း ကွန်ပျူတာအသင်းချုပ် အထွေထွေအတွင်းရေးမှူး
ဦးဇော်မင်းဦးကပြောသည်။
‘‘မြေဝယ်တဲ့ကိစ္စက ပြီးပြတ်သွားပြီ။ လောလောဆယ်လုပ်ငန်း
လုပ်ကိုင်ခွင့် Process ကိုလုပ်နေတယ်။ အိုင်စီတီစီးတီးကို
အကောင်အထည်ဖော်မှာက သီလ၀ါ တည်ဆောက်တဲ့
ပုံစံနဲ့နည်းနည်း ဆင်တူမယ်’’ဟု ဦးဇော်မင်းဦးက ရှင်းပြသည်။
အိုင်စီတီစီးတီး၌ ပါဝင်မည့် ဇုန်လေးခုမှာ ပြည်တွင်းနည်းပညာ
ကုမ္ပဏီများအတွက် ဇုန်၊ လူနေအိမ်ရာဇုန်၊ နိုင်ငံခြားသားများကို
နေရာငှားပေးရန် စီးပွားရေးဇုန်နှင့် ဈေးဝယ်စင်တာပါဝင်သည့်
ကွန်ဗင်းရှင်းဇုန်တို့ဖြစ်ပြီး နိုင်ငံခြားမှ အကြံပေးအဖွဲ့များကို
ငှားရမ်းလုပ်ဆောင်မည်ဖြစ်ကြောင်း အထက်ပါ
အထွေထွေအတွင်းရေးမှူးက ဆိုသည်။
အဆိုပါ အိုင်စီတီစီးတီးတည်ဆောက်ရေးလုပ်ငန်းသည်လာမည့်
၂ နှစ်အတွင်း နည်းပညာကုမ္ပဏီများအတွက် လုပ်ငန်းများ
စတင်နိုင်ရန် ဆောင်ရွက်မည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာ
အသင်းချုပ် တာဝန်ရှိသူအချို့က 7Day News အား
အတည်ပြုပြောကြားသည်။
လက်ရှိ၌ လှိုင်တက္ကသိုလ်နယ်မြေအတွင်းရှိ မြန်မာအင်ဖိုတက်ခ်
ခေါ် MICT Park ၌ ပြည်တွင်းနှင့်ပြည်ပနည်းပညာကုမ္ပဏီများ
စုဝေးနေသော်လည်း နေရာလုံလောက်မှုမရှိ၍ ၂၀၁၄ အတွင်းက
နိုင်ငံတော်သမ္မတက အိုင်စီတီစီးတီးတည်ဆောက်ရန်
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေဧက ငါးရာနေရာပေးမည်ဟု
ပြောကြားခဲ့သည်။
သို့ရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံ ကွန်ပျူတာ
အသင်းချုပ်တို့ ညှိနှိုင်းပြီး သန်လျင်မြို့အနီးရှိ မြေဧကသုံးရာ
ပေါ်တွင် အိုင်စီတီစီးတီး အကောင်အထည်ဖော်ရန်
သဘောတူညီခဲ့ခြင်းဖြစ်သည်။
လက်ရှိ မြန်မာအင်ဖိုတက်ခ်ရှိ အဆောက်အအုံများမှာ
နည်းပညာစွန့်ဦးတီထွင်မှုစတင်သူ (Start-up) များအတွက်
ဈေးနှုန်းကြီးမြင့်နေ၍ သန်လျင်တွင် အကောင်အထည်ဖော်မည့်
အိုင်စီတီစီးတီး၌ ကုမ္ပဏီရုံးခန်း ဈေးနှုန်းသက်သာရန်မှာ
အရေးကြီးဆုံးဖြစ်ကြောင်း ပြည်တွင်းလူငယ် နည်းပညာ
လုပ်ငန်းရှင်အချို့ကသုံးသပ်သည်။
(ထက်အာကာကျော်)
***
၃။ "ဟံသာဝတီလေဆိပ် တည်ဆောက်ရေး စီမံကိန်းအား
အကောင်အထည်ဖော်မည် ဖြစ်သဖြင့် ရန်ကုန်နှင့် ပဲခူးမြို့
အကြား အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးရေးအတွက်
မြန်မာနှင့် ကိုရီးယား ပူးပေါင်း၍ သုံးနှစ် စီမံကိန်းဖြင့်
ဆောင်ရွက်မည်"
ပဲခူးမြို့တွင် ဟံသာဝတီလေဆိပ် တည်ဆောက်ရေး စီမံကိန်းမှာ
မဖြစ်မနေ အကောင်အထည်ဖော်မည် ဖြစ်သဖြင့် ရန်ကုန်မြို့နှင့်
ပဲခူးမြို့တို့အကြား အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးရေး
အတွက် ဆောက်လုပ်ရေး ၀န်ကြီးဌာနနှင့် ကိုရီးယား (KOICA)
တို့ ပူးပေါင်းပြီး သုံးနှစ် စီမံကိန်းဖြင့် ဆောင်ရွက်နေကြောင်း
ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သိရသည်။
ရန်ကုန်မြို့တွင် တိုးပွားလာမည့် လူဦးရေအတွက် ရန်ကုန်မြို့ပြ
ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသကဲ့သို့ ပဲခူးမြို့
တွင်လည်း ဟံသာဝတီလေဆိပ် တည်ဆောက်ရေး စီမံကိန်းကို
လည်း အကောင်အထည်ဖော်ရန် စီစဉ်လျက် ရှိနေသည်။
ယင်းသို့သော အခြေအနေတွင်
စီးပွားရေးမြို့တော်ရန်ကုန်မြို့နှင့်
အလားအလာကောင်းများ ရှိနေသည့် ပဲခူးအကြား ဖွံ့ဖြိုးရေး
အလားအလာများနှင့် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ
စနစ်တကျ ဖြစ်ပေါ်လာစေရေးအတွက် ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း သိရသည်။
“အခုမှ စမှာပါ။ ရန်ကုန် အနောက်တောင်ပိုင်းခရိုင်
ဖွံ့ဖြိုးရေးရယ်၊ ဒလတံတား ဆောက်မယ်လေ။
Regional Development Master Plan ဆွဲမယ်။
ရန်ကုန်-ပဲခူး Corridor ဖွံ့ဖြိုးရေးအတွက် ဆောက်လုပ်ရေးနဲ့
KOICA နဲ့ ပေါင်းပြီး သုံးနှစ်စီမံကိန်းနဲ့ လုပ်နေပါတယ်” ဟု
ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက
ပြောကြားသည်။
“အခုက International Airport က လုပ်ကိုလုပ်မယ်လေ။
ဆိုတော့ အဲဒါ လုပ်ပြီဆိုရင် အဲဒီ Airport နဲ့ ရန်ကုန်ကြားထဲမှာ
မင်္ဂလာဒုံလေဆိပ်တို့၊ သီလ၀ါဆိပ်ကမ်းတို့ကို Connection
ကောင်းအောင်၊ Infrastructure ကောင်းအောင်
Road Infrastructure က လိုက်ကို လိုက်ရမှာလေ။
အဲဒီဘက်မှာ ဒီလိုမျိုး Infrastructure တွေ လုပ်ပြီဆိုရင်
မြို့ပြဖွံ့ဖြိုးရေးက တောက်လျှောက်လိုက်တာလေ။
အခုပဲ အမှတ် (၃)လမ်းမကြီးဘေးမှာ ဆိုရင်
လမ်းကောင်းလာတဲ့အခါ အဲဒီဘေးမှာ တောက်လျှောက်
ပြောင်းသွားတာပေါ့။
တစ်နှစ် နှစ်နှစ်အတွင်း အလိုလို ပြောင်းလာတာ။
အဲဒီ သဘောမျိုးပဲ သူ့အလိုလို ဈေးကွက် လိုအပ်ချက်အရ
ပြောင်းလာတာ။ လူတွေကို အဲဒါကို လိုက်ဝယ်တာနဲ့
တကယ်တော့ Proper Planning တော့ မဟုတ်ဘူးပေါ့။
အဲဒါတွေ အတွက်တော့ကြိုပြီး ပြင်သင့်တာပေါ့” ဟု ၎င်းက
ဆက်လက်ပြောကြားသည်။ အဆိုပါ စီမံကိန်းကို ၂၀၁၅ ခုနှစ်
နှစ်ကုန်ပိုင်းတွင် စတင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ နှစ်ကုန်ပိုင်းအထိ
ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။
(နီလာ)
***
၎။ "ငွေဆောင်ကမ်းခြေ အပန်းဖြေအိမ်ရာများ ပထမအဆင့်
စတင်ရောင်းချ"
ငွေဆောင်ကမ်းခြေတွင် တည်ဆောက်ထားသည့် အပန်းဖြေ
အိမ်ရာ ငွေဆောင်ဗီလာ၏ ပထမအဆင့်ကို ဇန်န၀ါရီ ၈ ရက်၌
စတင်ရောင်းချခဲ့ရာ ဖွင့်ပွဲပြုလုပ်သည့် တစ်ရက်အတွင်း
အိမ်အလုံးပေါင်း ၆၀ခန့်ရောင်း ချခဲ့ရသည်ဟု
Aye-yarwaddy Resort and Villa Dev-elopment ကုမ္ပဏီမှ
သတင်းရရှိသည်။
‘‘ကျွန်တော်တို့ ဖွင့်ပွဲနေ့မှာ ပထမအဆင့်ရဲ့ အပိုင်းA ကို
ရောင်းချပေးမယ်လို့ စီစဉ်ခဲ့ပေမယ့် ၀ယ်တဲ့လူ အရမ်းများတာ
ကြောင့် အပိုင်း B ကိုပါ ဖွင့်ပြီးရောင်းပေး ခဲ့ရတယ်။ အခုလို
ကမ်းခြေမှာ အပန်းဖြေအိမ်ရာမျိုးက ပြည်တွင်းမှာ ပထမဆုံး
ဖြစ်တဲ့အတွက် လူစိတ်ဝင်စားမှု များတာကို တွေ့ရပါတယ်’’ဟု
ငွေဆောင်ဗီလာ စီမံကိန်းဖွံ့ဖြိုးတိုးတက်ရေးနှင့်
ဈေးကွက်ရှာဖွေရေး ဒါရိုက်တာ ဦးစိုးသီဟလှိုင် က
ပြောသည်။
ငွေဆောင်ဗီလာ အဆင့်မြင့် အိမ်ရာစီမံကိန်းကို မြေဧက
၁၆၀ပေါ်တွင် အဆင့်သုံးဆင့်ခွဲ၍ တည်ဆောက်သွားမည်
ဖြစ်ပြီး အိမ်ရာ ၄၄၆လုံးပါရှိမည် ဖြစ်ကာ ပထမအဆင့်တွင်
အဆင့်မြင့်အိမ်ရာ ၁၃၆လုံးပါရှိပြီး ၂၀၁၇ ဒီဇင်ဘာ၌ အပြီး
တည်ဆောက်မည် ဟုဆိုသည်။
ပထမအဆင့် တည်ဆောက်ရာတွင် အပန်းဖြေအိမ်ရာများနှင့်
အတူ ရေကူးကန်၊ အားကစားခန်းမ၊ ဂေါက်ကွင်း၊
အသေးစားဈေး ၀ယ်စင်တာ၊ Spaနှင့် ကမ်းခြေကလပ်
စသည်တို့ ပါဝင်မည် ဖြစ်သည်။
အပန်းဖြေအိမ်ရာများကို ရောင်းချရာတွင် Holiday ဗီလာ
အတွက် အနည်းဆုံး ကျပ်သိန်း ၂,၆၀၀ မှစတင် ရောင်းချ
သွားမည် ဖြစ်ပြီး တောင်ကုန်းများပေါ်၌
တည်ဆောက်ထားသည့် Deluex ဗီလာအတွက် အနည်းဆုံး
ကျပ်သိန်း ၃,၉၀၀ မှစတင်၍ တည်နေရာပေါ် မူတည်ပြီး
ဈေးနှုန်းကွာခြားနိုင်ကြောင်း သိရသည်။
‘‘ကျွန်တော်တို့ အနေနဲ့ အိမ်ရာတွေကို 4Star၊ 5Star ဟိုတယ်
တစ်ခုလို အမြဲတမ်းပြုပြင် ထိန်းသိမ်းပေးထားမှာဖြစ်ပြီး
ဝယ်ယူထားသူက အမြဲတမ်း မနေဖြစ်ဘူးဆိုရင် အခန်းငှားပြီး
နေချင်သူတွေကို ငှားပေးပြီး ငှားရမ်းခအနေနဲ့ ၀င်ငွေ
ပြန်ရနိုင်အောင်လည်း လုပ်ပေးသွားမှာ ဖြစ်ပါတယ်’’ဟု
ဦးစိုးသီဟလှိုင် ကပြောသည်။
ငွေဆောင်ဗီလာ စီမံကိန်းကို ဧရာဝတီတိုင်းဒေသကြီးရှိ
ကုမ္ပဏီ ၂၀က ပူးပေါင်းကာ Ayeyarwad-dy Resort and
Villa Developm-etn ကုမ္ပဏီအဖြစ် တည်ထောင်၍
ရင်းနှီးမြှုပ်နှံထားသည့် စီမံကိန်း တစ်ခုဖြစ်ကြောင်း
သိရသည်။
(နိုင်လင်းအောင်)
credit - 7day daily & Eleven Media Group
No comments:
Post a Comment