Tuesday, January 26, 2016
“ငွေဖြူမပြနိုင်ဘဲ အိမ်ခြံမြေ၀ယ်ယူမှုအပေါ် အခွန်တိုးကောက်ရန် ဘဏ္ဍာရေးဒုဝန်ကြီးတင်ပြချက်နှင့်၎င်းတင်ပြချက်အပေါ် အိမ်ခြံမြေအကျိုးဆောင် များ၏ မှတ်ချက်များ”
“ငွေဖြူမပြနိုင်ဘဲ အိမ်ခြံမြေ၀ယ်ယူမှုအပေါ် အခွန်တိုးကောက်ရန်
ဘဏ္ဍာရေးဒုဝန်ကြီးတင်ပြချက်နှင့်၎င်းတင်ပြချက်အပေါ်
အိမ်ခြံမြေအကျိုးဆောင် များ၏ မှတ်ချက်များ”
၁။ "အခွန်အကောက်ဥပဒေကြမ်းပါ ၀င်ငွေခွန်စတင်စည်းကြပ်
ကောက်ခံရမည့် ၀င်ငွေရလမ်း ဖော်ပြနိုင်ခြင်း မရှိသည့်
ငွေပမာဏများ လျှော့ချအတည်ပြုပေးရန် ဘဏ္ဍာရေး
ဒုဝန်ကြီးက ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်း"
၂၀၁၆ ခုနှစ် အခွန်အကောက် ဥပဒေကြမ်းပါ ၀င်ငွေခွန်
စတင်စည်းကြပ်ရမည့် ၀င်ငွေရလမ်း ဖော်ပြနိုင်ခြင်း မရှိသည့်
ဝင်ငွေပမာဏကို လျှော့ချအတည်ပြုပေးရန် ဘဏ္ဍာရေး
ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာလင်းအောင်က
ဇန်န၀ါရီ ၁၄ ရက် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်း
ခဲ့သည်။
ဥပဒေကြမ်းပါ ၀င်ငွေခွန် ကောက်ခံရမည့် နှုန်းထားများမှာ
ရလမ်းဖော်ပြနိုင်ခြင်း မရှိသည့် ၀င်ငွေ -
- တစ်ကျပ်မှ ကျပ်သိန်းတစ်ထောင်ထိ သုံးရာခိုင်နှုန်း၊
- ကျပ်သိန်းတစ်ထောင့်တစ်ကျပ်မှ ကျပ်သိန်းငါးထောင်ထိ
ငါးရာခိုင်နှုန်း၊
- ကျပ်သိန်းငါးထောင် တစ်ကျပ်မှ ကျပ်သိန်းတစ်သောင်းထိ
၁၀ ရာခိုင်နှုန်း၊
- ကျပ်တစ်သောင်း တစ်ကျပ်မှ ကျပ်သိန်းတစ်သောင်း
ငါးထောင်ထိ ရာခိုင်နှုန်း ၂၀၊
- ကျပ် သိန်းတစ်သောင်းငါးထောင်တစ်ကျပ်နှင့် အထက်
ရာခိုင်နှုန်း ၃၀ ကောက်ခံရန် ဖော်ပြထားသည်။
အဆိုပါ နှုန်းထားများသည် တစ်ဦးချင်း ပုဂ္ဂိုလ်များ
ထမ်းဆောင်ရမည့် အခွန်နှုန်းထားထက် နည်းပါးနေသည့်
အတွက် တရားမျှတသည့် အခွန်ဖြစ်စေရေး အတွက်
- တစ်ကျပ်မှ ကျပ်သိန်းသုံးရာထိ ၁၅ ရာခိုင်နှုန်း၊
- သိန်းသုံးရာ တစ်ကျပ်မှ ကျပ်သိန်း ၁၀၀၀ ထိ ရာခိုင်နှုန်း၂၀၊
- ကျပ်သိန်း တစ်ထောင်တစ်ကျပ်နှင့် အထက်ကို
ရာခိုင်နှုန်း ၃၀ ဖြင့် ပြင်ဆင်ရန် ဒေါက်တာဝင်းမြင့်က
ဆွေးနွေးခဲ့ခြင်းကို ဘဏ္ဍာရေးဒုဝန်ကြီးက အတည်ပြုပေးရန်
ပြောကြားသည်။
* ၂၀၁၂ ခုနှစ် သြဂုတ်ထိ သက်သာသော အခွန်နှုန်းထားဖြင့်
ပေးဆောင်ခွင့်ပြုခဲ့သော်လည်း နောက်ပိုင်းတွင် စည်းကြပ်မှုမှ
ကင်းလွတ်နေသော ၀င်ငွေအပေါ် ရာခိုင်နှုန်း ၃၀ ကောက်ခံ
ခဲ့ကြောင်း၊
* ၂၀၁၄ ခုနှစ် အခွန်အကောက် ဥပဒေတွင် ၀င်ငွေရလမ်း
ဖော်ပြနိုင်ခြင်း မရှိသည့် ၀င်ငွေများအတွက် ရာခိုင်နှုန်း ၃၀
ကောက်ခံရန် တင်ပြခဲ့သော်လည်း
* လုပ်ငန်းရှင်များက အိမ်ခြံမြေဈေးကွက် ဖွံ့ဖြိုးတိုးတက်
စေရေး၊ အများပြည်သူ အနေဖြင့် နေရေးလိုအပ်ချက်အတွက်
အသုံးပြုသည့် ငွေကြေးအပေါ် စိုးရိမ်ကြောင့်ကြကင်းစွာ
ဝယ်ယူနိုင်ရေးအတွက် အခွန်သက်သာခွင့်ပေးသည့်
နှုန်းထားကို သတ်မှတ်ပေးသင့်ကြောင်း တင်ပြချက်အရ
* အဆိုပါနှစ်က ကျပ်သိန်း ၃၀၀၀ အထက်ဖြစ်မှသာ
အခွန်ကျသင့်စေခဲ့ပြီး ၂၀၁၅ ခုနှစ် အခွန်အကောက်ဥပဒေ
ပြဋ္ဌာန်းသည့်အခါ ကျပ်သိန်း ၁၅၀၀၀ ကျော်မှ
ရာခိုင်နှုန်း ၃၀ အခွန်ကျသင့် စေခဲ့ခြင်းဖြစ်ကြောင်း၊
* ထို့ကြောင့် လွှတ်တော်မှ ဆွေးနွေးဆုံးဖြတ်ခဲ့သည့်
ပြဋ္ဌာန်းချက်တစ်ရပ် ဖြစ်သဖြင့် ၂၀၁၆ ခုနှစ် အခွန်အကောက်
ဥပဒေ ကြမ်းတွင် ပြန်လည်ထည့်သွင်း တင်ပြခဲ့ခြင်းဖြစ်ကြောင်း
ဒုဝန်ကြီးက ပြောကြားသည်။
“အဆိုပါပြဋ္ဌာန်းချက်သည် ရည်ရွယ်ချက် ကောင်းမွန်သည့်
ပြဋ္ဌာန်းချက်တစ်ရပ် ဖြစ်သော်လည်း ပြဋ္ဌာန်းချက်အား
အခွင့်ကောင်းယူ၍ ငွေကြေးခ၀ါချမှုများ ဖြစ်လာနိုင်သလို
တစ်ဖက်ကလည်း နှစ်စဉ်အခွန် ထမ်းဆောင်နေသူများ၏
အခွန်ထမ်းဆောင်လိုစိတ်ကို လျော့ကျစေလာနိုင်တဲ့အတွက်
အဆိုပါ သက်သာခွင့်ကို လုံးဝပယ်ဖျက် သင့်သော်လည်း
နေရေးလိုအပ်ချက် အတွက်လည်းကောင်း၊
သွားလာမှု အဆင်ပြေလုံခြုံစေရေး အတွက်လည်းကောင်း၊
အခြေခံလူတန်းစားများ အနေဖြင့် ၀ယ်ယူသည့် အိမ်ခြံမြေ၊
မော်တော်ယာဉ်များ ၀ယ်ယူရာတွင် အသုံးပြုသည့် ငွေကြေး၊
အိမ်တွင်းစီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် ရင်းနှီးမြှုပ်နှံမည့်
ငွေကြေးတို့ အတွက် သက်သာသော အခွန်နှုန်းထားတစ်ရပ်
ထားရှိသင့်ပါတယ်" ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး
ဒေါက်တာလင်းအောင်က ပြောကြားသည်။
ထို့ကြောင့် တစ်ဦးချင်းပုဂ္ဂိုလ်များ ထမ်းဆောင်ရသည့်
အခွန်ပမာဏထက်လည်း မနည်း၊ ရာခိုင်နှုန်း ၃၀ လည်း
မဟုတ်သည့် ပမာဏတစ်ရပ် ခွင့်ပြုပေးသင့်ကြောင်း
သုံးသပ်ရရှိသောကြောင့် ဒေါက်တာဝင်းမြင့် ဆွေးနွေး
တင်ပြချက်ကို လွှတ်တော်က အတည်ပြုပေးနိုင်ရန်
ဒေါက်တာလင်းအောင်က ပြောကြားသည်။
(စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း)
***
၂။ "ငွေဖြူမပြနိုင်ဘဲ အိမ်ခြံမြေ ၀ယ်ယူမှုအပေါ်
ဝင်ငွေခွန်တိုးမြှင့်က ဈေးကွက်ပိုအေးသွားနိုင်"
ဝင်ငွေရလမ်းမဖော်ပြ နိုင်သော ငွေများဖြင့် အိမ်ခြံမြေ
ဝယ်ယူမှုကို ယခင် ဘဏ္ဍာနှစ် ထက် ၀င်ငွေခွန်တိုးမြှင့်
ကောက်ခံ ပါက အရောင်းအ၀ယ်ပိုအေးပြီး အခွန်ငွေရရှိမှု
ပိုမိုလျော့နည်းနိုင် ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက
ပြောသည်။
လက်ရှိ အိမ်ခြံမြေဈေးကွက် သည် အရောင်းအ၀ယ်များ
အေးနေပြီး ဈေးနှုန်းများ ကျဆင်းလာ နကြောင်း မဏ္ဍိုင်
အိမ်ခြံမြေ အကျိုးဆောင် ဦးသန်းဦးက ဆို သည်။
အိမ်ခြံမြေ ဈေးကွက်တွင် အစိုးရက နှစ်စဉ်သတ်မှတ်သော
ဝင်ငွေခွန်နှုန်းထားသည် အကျိုး သက်ရောက်မှုများ
ရှိခဲ့သော် လည်း ၂၀၁၅ နောက်ပိုင်း၌ တရုတ်နိုင်ငံက
တရားမ၀င်ငွေစီး ၀င်မှု ထိန်းချုပ်ခြင်း၊ မြန်မာနိုင်ငံမှလည်း
ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး အနေဖြင့် ကျပ်သိန်းတစ်ထောင်
အထက်ဝယ်ယူမှုများကို အစိုးရက စောင့်ကြည့်မှုများ ကြောင့်
အိမ်ခြံမြေဈေးကွက် အရောင်းအ၀ယ်အေးလာကြောင်း
အကျိုးဆောင်များက ပြောကြားသည်။
‘‘အရောင်းအ၀ယ်က အခု လည်း ပါးနေတယ်။
အခွန်တိုး လိုက်ရင် ပိုပြီးအေးသွားလိမ့်မယ်’’ ဟု စိုင်းခွန်နောင်
ဆောက်လုပ်ရေး နှင့် အိမ်ခြံမြေလုပ်ငန်း ပိုင်ရှင်
ဦးစိုင်းခွန်နောင်က ပြောကြားသည်။
ငွေဖြူမပြနိုင်သော ငွေများ ဖြင့် အိမ်ခြံမြေအပါအ၀င်
အခြား ၀ယ်ယူမှုများအပေါ် အခွန်တိုး မြှင့် ကောက်ခံသင့်ကြောင်း
ကို ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာဝင်းမြင့်က
ပြည် ထောင်စုလွှတ်တော်သို့ အကြံ ပြုခဲ့ပြီး လက်ရှိအစိုးရအဖွဲ့
ဘဏ္ဍာ ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်
ကလည်း သဘောတူကြောင်း လွှတ်တော် သို့ တင်ပြလာသည်။
၂၀၁၅ ပြည်ထောင်စုအခွန် အကောက်ဥပဒေတွင် ၀င်ငွေရလမ်း
မဖော်ပြနိုင်သောငွေ (ငွေမည်း) များဖြင့် ၀ယ်ယူမှုအပေါ်တွင်
ကောက်ခံသော အခွန်နှုန်းထားသည်
တရားဝင်ငွေ (ငွေဖြူ)များပေါ်တွင် ကောက်ခံသောနှုန်း ထက်
နည်းနေသည်။
တရားဝင် ကောက်ခံသော ၀င်ငွေခွန်သည် တစ်နှစ်လျှင်
- ကျပ်သိန်းနှစ်ဆယ်မှ ငါးဆယ် ကြား၌ ၅ ရာခိုင်နှုန်း၊
- ကျပ်သိန်း ငါးဆယ်မှ တစ်ရာကြား ၁၀ ရာ ခိုင်နှုန်း၊
- ကျပ်သိန်းတစ်ရာမှ နှစ် ရာကြား ၁၅ ရာခိုင်နှုန်း၊
- ကျပ် သိန်းနှစ်ရာမှ ကျပ်သိန်းသုံးရာ ကြား ၂၀ ရာခိုင်နှုန်း၊
- ကျပ်သိန်း သုံးရာနှင့် အထက် ၂၅ ရာ ခိုင်နှုန်း
သတ်မှတ်ထားသည်။
ထို့ ကြောင့် တစ်ကျပ်မှ ကျပ်သိန်း သုံးရာအောက် ၂၀ ရာခိုင်နှုန်း
ကောက်ခံသကဲ့သို့ဖြစ်လာ၍ အိမ် ခြံမြေအပေါ် ကောက်ခံသော
တစ်ကျပ်မှ ကျပ်သိန်းသုံးရာ အောက်ကို ၃ ရာခိုင်နှုန်းသာ
ကောက်ခံမှုမှာ နည်းပါးကြောင်း ဒေါက်တာဝင်းမြင့်က
လွှတ်တော် သို့ ပြောသည်။
(ပြည်သိမ်း)
credit - Eleven Media Group & 7daydaily
Labels:
သတင်း/ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment