“အိမ်၊ခြံ၊မြေဈေးကွက် အေးနေသည်ဟုဆိုသော်လည်း …”
၁။ "မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတား စီမံကိန်း
စတင်ပြီး ဒလတွင် မြေဈေးတက်"
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဒလတံတားစီမံကိန်း
စတင်လိုက်ပြီး မြေရှင်တွေကို လျော်ကြေးပေးလိုက်တဲ့
ရက်ပိုင်းအတွင်းမှာ ဒလမြို့နယ်ထဲက မြေဈေးတွေ
၂၀ ရာခိုင်နှုန်းလောက်အထိ တက်လာပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက်နေ့က မြန်မာ-ကိုရီးယား ချစ်ကြည်ရေး
ဒလတံတားစီမံကိန်း စတင်ကာ တံတားနဲ့ မလွတ်ကင်းတဲ့
နေရာတွေက အိမ်ထောင်စု ၇၀ ၀န်းကျင်လောက်ကို
လျော်ကြေးပေးလိုက်ပြီးတဲ့နောက်ပိုင်း ဒလမြို့ အိမ်ခြံမြေ
ဈေးကွက် မာလာခဲ့ပြီး ၂၀ ရာခိုင်နှုန်းလောက်အထိ
တက်လာတယ်လို့ ဒလမြို့ အိမ်ခြံမြေ အသိုင်းအ၀ိုင်းက
ဆိုပါတယ်။
အရင်တုန်းက အတည်မပြုနိုင်တဲ့ စီမံကိန်းသတင်း
တွေကြောင့် မြေဈေးတွေတက်ခဲ့ပေမယ့် ကာလအတန်ကြာ
ဒလ အိမ်ခြံမြေဈေးကွက် အေးစက်ခဲ့ပါတယ်။
ဒါပေမယ့် အခု တရားဝင် တံတားဆောက်လုပ်တော့မယ်
ဆိုတဲ့ သတင်းကြောင့် အရောင်းအ၀ယ်တွေလည်း
ပိုသွက်လာတယ်လို့ iHome အိမ်ခြံမြေ အကျိုးဆောင်
မန်နေဂျာက ပြောပါတယ်။
iHome အိမ်ခြံမြေအကျိုးဆောင် မန်နေဂျာ ဦးဉာဏ်ဌေးက
“လက်ရှိအချိန်မှာ ဈေးက ပိုပြီး တင်းမာလာတယ်။
ဈေးတက်လာတယ်။ အရောင်းအ၀ယ်က အရင်တုန်းက
မေးပြီးပြန်တယ်၊ အခုက ဒီနေ့စရံချတယ်၊
မနက်ဖြန်လောက်ဆို မရှိတော့ဘူး။ ၀ယ်တဲ့သူတွေကတော့
လှောင်တဲ့သူများတယ်။ နေမယ့်သူကတော့ နည်းတယ်၊
ဈေးကစားမယ့်လူများတယ်” လို့ ပြောပါတယ်။
လက်ရှိအနေအထားတွေအရ ဒလမြို့နယ်ထဲက
အိမ်ခြံမြေဈေးကွက်တွေဟာ အသစ်ဖော်ထားတဲ့
ကျန်စစ်သားရပ်ကွက်က ခြံမြေတွေနဲ့ ဘုရင့်နောင်၊
တပင်ရွှေထီး စတဲ့ရပ်ကွက်တွေထဲက ခြံမြေတွေက
အရောင်းဝယ်သွက်နေပြီး လယ်မြေ အရောင်း
ဈေးကွက်ကတော့ အေးစက်နေဆဲပဲလို့ ဆိုပါတယ်။
ဒါပေမယ့် တံတားဆောက်ဖို့ဆိုတာက လျော်ကြေးပေးထားတဲ့
အဆင့်အထိသာ ရှိသေးပြီး တံတားဆောက်ဖို့ ပန္နက်ရိုက်
တာတွေ စလုပ်ဆောင်လာတဲ့အချိန်မှာတော့
ဒလ အိမ်ခြံမြေဈေးနှုန်းတွေ အခုထက် ပိုတက်လာမယ်လို့
ဒလအိမ်ခြံမြေအကျိုးဆောင် လုပ်ကိုင်သူ ဦးသူရက
ပြောပါတယ်။
ဒလမြို့နယ်အတွင်းရှိ ရပ်ကွက်တွေထဲက
၂၅×၅၀ အကွက်တွေဟာ သိန်း ၅၀၀ ၀န်းကျင်ကနေ
လမ်းမတန်းတွေဘက်က ခြံကွက်ကျယ်တွေက သိန်း ၁၀၀၀
ဝန်းကျင်လောက်ထိ ပေါက်ဈေးတွေ ရှိနေပါတယ်လို့
ပြောပါတယ်။
(အောင်သူ)
***
၂။ "မဟာဗန္ဓုလ အငှားအိမ်ရာနေထိုင်ခွင့် လျှောက်ထားသူ
ဆယ်ဆခန့် များပြားနေ"
မဟာဗန္ဓုလအငှားအိမ် ရာ အခန်း ၁,၂၀၀ တွင် ငှားရမ်း
နေထိုင်ခွင့်လျှောက်ထားသူ ဦးရေ တစ်သောင်းကျော်
ရှိကြောင်း သတင်းရရှိသည်။
တစ်လလျှင် ကျပ်သုံးသောင်းဖြင့် ငှားရမ်းနေထိုင်ခွင့်ရရှိမည့်
အဆိုပါ အငှားအိမ်ရာအတွက် လျှောက်လွှာများကို
ရန်ကုန်တိုင်း ဒေသကြီးအစိုးရက ဖေဖော်ဝါရီ ၁ ရက်တွင်
စတင်ဖိတ်ခေါ်ခဲ့ရာ လျှောက်လွှာပိတ်ရက်
ဖေဖော်ဝါရီ ၁၅ ရက်အထိ လျှောက်ထားသူ
များပြားခဲ့ကြောင်း သိရသည်။
‘‘နောက်ဆုံးနေ့အထိ ခန့်မှန်းချက်အရ လျှောက်ထားသူ
တစ် သောင်းကျော်ရှိတယ်။ အတိအ ကျတော့ မသိသေးဘူး။
အခုမှ မြို့နယ်တစ်ခုချင်းအလိုက် စာရင်း ပေါင်းနေတုန်းပဲ။
သောင်းဂဏန်းလောက်တော့ ရှိတာသေချာတယ်’’ဟု
ရန်ကုန်တိုင်းဒေသကြီးဆောက်လုပ်ရေးနှင့်
စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက ပြောသည်။
ယင်းအိမ်ရာကို ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရှိ
အမှတ် (၂) လမ်းမကြီးဘေးတွင် ဆောက် လုပ်နေခြင်းဖြစ်ပြီး
အခန်းပေါင်း ၁,၂၀၀ အတွက် နေထိုင်ခွင့် လျှောက်လွှာ
ခေါ်ယူထားခြင်း ဖြစ် သည်။
ယင်းအိမ်ရာ နေထိုင်ခွင့် လျှောက်လွှာများကို မူလက
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ လက်ခံခဲ့သော်လည်း
လာရောက်လျှောက်ထားသူအရေအတွက် များပြား၍
ဖေဖော်ဝါရီ ၄ ရက်ကစတင်ကာ သက်ဆိုင်ရာ
မြို့နယ်ထွေအုပ်ရုံးများ၌ လျှောက်ထားခွင့်ပေးခဲ့သည်။
အိမ်ရာငှားရမ်းနေထိုင်ခွင့် အတွက် စိတ်ဝင်စားမှု
မြင့်တက်ခဲ့ ရာ ယခုအခါ လျှောက်ထားသူအ ရေအတွက်မှာ
ဆောက်လုပ်ထား သည့်အခန်းအရေအတွက်ထက်
ဆယ်ဆခန့်များပြားနေသည်။
ရန်ကုန်မြို့တွင် ဆင်ခြေဖုံးမြို့နယ်များ၌ပင် အိမ်ငှားရမ်းခမှာ
ကျပ်ငါးသောင်းမှ တစ်သိန်းခန့် အထိရှိနေခြင်းကြောင့်
ယခုအငှား အိမ်ရာအပေါ် စိတ်ဝင်စား၍ လာ ရောက်
လျှောက်ထားခြင်း ဖြစ်သည်ဟု ကိုယ်တိုင်သွားရောက်
လျှောက်ထားခဲ့သူများက ပြော ကြားသည်။
ငှားရမ်းနေထိုင်ခွင့်လျှောက်ထားသူများကို လက်ရှိအစိုးရ
သက်တမ်းမကုန်ဆုံးမီ မဲနှိုက်ရွေးချယ်ခြင်းနှင့် နေထိုင်ခွင့်
လွှဲပြောင်း ခြင်းများပေးအပ်မည်ဟု ၀န်ကြီး ဦးကျော်စိုးက
ပြောသည်။
ယခုအခါ အဆိုပါအိမ်ရာ ဆောက်လုပ်ခြင်းလုပ်ငန်းစဉ်မှာ
၄၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဟု သိရသည်။
(မိုးမင်း)
***
၃။ "ရတနာ နှင့် ဧရာဝဏ်အိမ်ရာ ပထမအဆင့်စီမံကိန်း
အခန်းနှစ်ထောင်ကျော်ကို ယခုလအတွင်းစရောင်းမည်"
ဒဂုံမြို့သစ်(ဆိပ်ကမ်း)တွင် တည်ဆောက်လျက်ရှိသော
ရတနာနှင့်ဧရာဝဏ်တန်ဖိုးသင့်အိမ်ရာစီမံကိန်းမှ
ပထမအဆင့်စီမံကိန်း၏ အခန်းနှစ်ထောင်ကျော်ကို
ယခုလအတွင်း စတင်ရောင်းချမည်ဖြစ်ကြောင်း
ဆောက်လုပ်ရေးဝန်ကြီးဌာန
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။
တိုက်ခန်းများရောင်းချမှုကို အပြီးသတ်ငွေချေစနစ်နှင့်
အရစ်ကျစနစ်ဟူ၍နှစ်မျိုးရောင်းချမည်ဖြစ်ပြီး တိုက်ခန်း
ဈေးနှုန်းမှာ ကျပ်သိန်း ၆ဝဝ ဝန်းကျင် ရှိမည်ဖြစ်ကြောင်း
အဆိုပါဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူး ဒေါ်မီမီတင်က
ပြောကြားသည်။
“ဒီလအတွင်းမှာ စရောင်းသွားမှာပါ။ အပြီးသတ်ငွေချေတဲ့
သူတွေကတော့ သိန်း ၂ဝ လျှော့ပေးမယ်။
အရစ်ကျကတော့ အပြည့်သွင်းရမယ်” ဟု
၎င်းကပြောဆိုသည်။
အခန်းလေးရာစီပါဝင်သည့် ၁၈ ထပ်မြင့်အဆောက်အအုံ
ငါးလုံးကို ယခုမတ်လတွင် တည်ဆောက်ပြီးစီးမည်
ဖြစ်သော်လည်း လူနေထိုင်ခွင့်မှာမူ အောက်တိုဘာလခန့်မှ
ရရှိနိုင်မည်ဖြစ်ကြောင်း ၄င်းကရှင်းပြသည်။
“တည်ဆောက်တာကတော့ မတ်လလောက်မှာပြီးမယ်။
မီးရရှိဖို့က အချိန်မီနိုင်ပေမယ့် ရေရရှိဖို့ အချိန်နည်းနည်း
ယူရမှမို့လို့ သီတင်းကျွတ်လောက်မှ လူနေနိုင်မယ်” ဟု
၎င်းကဆိုသည်။
ရတနာနှင့် ဧရာဝဏ် အိမ်ရာစီမံကိန်းတွင် ၁၈ ထပ်မြင့်
အဆောက်အအုံပေါင်း ၄၉ လုံးတည်ဆောက်မည်ဖြစ်ပြီး
အခန်းပေါင်း ၁၇၄၈ဝ ရှိမည်ဖြစ်၍ ယင်းစီမံကိန်းကို
သုံးနှစ်အတွင်း တည်ဆောက်မည်ဖြစ်ကြောင်း
မြို့ပြနှင့် အိမ်ရာဖွံဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။
ယင်းစီမံကိန်းပြီးစီးပါက လူဦးရေရှစ်သောင်းကျော်
နေထိုင်နိုင်မည်ဖြစ်ပြီး ပုဂ္ဂလိက ဝန်ထမ်းနှင့်
အစိုးရဝန်ထမ်းများကို ၁ဝ နှစ်မှ ၁၅ နှစ်အထိ
အရစ်ကျရောင်းချရန်
စီစဉ်လျက်ရှိကြောင်း ယင်းဌာနထံမှ သိရသည်။
credit - DVB News / 7day daily & The Voice Weekly
No comments:
Post a Comment