Sunday, March 13, 2016

"မြန်မာကျပ်ငွေ ဘာကြာင့် ပြန်မာလာရလဲ နှင့် အခြား စီးပွါးရေးဆိုင်ရာ သတင်းများ”

"မြန်မာကျပ်ငွေ ဘာကြာင့် ပြန်မာလာရလဲ နှင့်
အခြား စီးပွါးရေးဆိုင်ရာ သတင်းများ”

၁။ "မြန်မာကျပ်ငွေ ဘာကြာင့် ပြန်မာလာရလဲ"

ပြည်တွင်းငွေလဲဈေးကွက်တွင် အမေရိကန်ဒေါ်လာနှင့်
မြန်မာကျပ်ငွေ လဲလှယ်နှုန်ထားသည် မတ်လ ဆန်ပိုင်းတွင်
ရုတ်တရက် အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီး မြန်မာကျပ်ငွေ
တန်ဖိုးမှာ တရှိန်ထိုး ပြန်လည် မြင့်တက်လာကြောင်း
ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

အမေရိကန်တစ်ေဒါ်လာလျှင် မြန်မာကျပ်ငွေ ၁၃၀၀
ဝန်းကျင်တွင်ရှိနေရာမှာ ဖေဖော်ဝါရီလမှစတင်၍
အမေရိကန်ဒေါ်လာ တန်ဖိုး တအိအိကျဆင်းလာကြောင်း၊
မတ်လ ဆန်ပိုင်းတွင်မူ အမေရိကန်တဒေါ်လာလျှင်
မြန်မာ ကျပ်ငွေ ၁၂၀၀ အောက်သို့ ရောက်ရှိပြီး
ဈေးကွက်တွင် အရောင်းအ၀ယ်ဖြစ်လျက်ရှိကြောင်း၊
မတ်လ ၄ ရက်နေ့က ပြင်ပဈေးကွက်တွင် ၁ ဒေါ်လာလျှင်
၁၁၈၅ ကျပ်နှင့် ၁၁၉၅ ကျပ်ကြား အရောင်းအ၀ယ်
ဖြစ်ခဲ့ကြောင်း သိရှိရသည်။

မြန်မာကျပ်ငွေတန်ဖိုးမြင့်လာရခြင်းအကြောင်းအရင်း
များတွင်
- NLD အစိုးရ အာဏာလွှဲပြောင်းရယူပြီးလျှင် နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းဖြင့် ၀င်လာနိုင်သည်  
ဆိုသော နိုင်ငံရေးယူဆချက်၊
- ကမ္ဘာ့ဈေးကွက်တွင်လည်း အမေရိကန်ဒေါ်လာတန်ဖိုး
ကျဆင်းလာခြင်းနှင့်
- နယ်စပ်ဒေသများမှ တရားမ၀င် ငွေမည်းများ
စီးဝင်လာမည့် အခြေအနေများကြောင့် ဖြစ်ကြောင်း
ပြည်တွင်းစီးပွားရေးအသိုင်းအ၀ိုင်းက သုံးသပ်
ပြောဆိုသည်။

မြန်မာ့ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူး
ရောင်းချရေး လုပ်ငန်းရှင်များအသင်း ဥက္ကဌ
ဒေါက်တာ စိုးထွန်းက
“အဓိကကတော့ နိုင်ငံရေး အခြေအနေပါပဲ။
အခြားအကြောင်းအရာကတော့ ကမ္ဘာမှာလည်း ရွှေဈေး
တက်တယ်။ ရွှေဈေးတက်တော့ ဒေါ်လာအားနည်း
တယ်လို့ ပြောတာပေါ့။ဒါလည်းပါမှာပေါ့” ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအရ
NLD အစိုးရ တက်လာမည့် ဖြစ်စဉ်နှင့်အတူ နိုင်ငံတကာ
ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာမည့် အခြေအနေများ
ဖြစ်နေရာ ဒေါ်လာဈေးနှုန်းမှာ တက်ရန် အလားအလား
နည်းနေပြီ ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

မြန်မာကျပ်ငွေ တန်ဖိုးမြင့်တက်ရသည့် အကြောင်းအရင်း
များအနက် နွေဦးပေါက်ကာလ မြန်မာနိုင်ငံမြောက်ပိုင်းမှ
ဘိန်းထုတ်လုပ် တင်ပို့မှု များကလည်း ပြည်တွင်း
ငွေလဲနှုန်းအပေါ် သက်ရောက်မှုရှိစေပြီး မြန်မာငွေ
တန်ဖိုးမာလာစေကြောင်း ပြည်တွင်းလုပ်ငန်းရှင်တဦးက
သုံးသပ်ပြောဆိုသည်။

၎င်းက “အဓိကကတော့ မြောက်ပိုင်းက ဒီလိုအချိန်ဆို
အဖြူ(ဘိန်းဖြူ) အိတ်စ်ပို့က အတော်လေးကြီးမား
တယ်လေ။ဒီက ဒေါ်လာရတာပေါ့။ ဟိုဘက်ကလည်း
ထွက် နောက် ဒီဘက်ကလည်း ငွေလိုပြီးတော့
အချို့ လုပ်ကွက်တွေ ဘာတွေ လာမယ်ထင်တော့
ငွေပြန်ဖော်တဲ့ သဘောလည်း ရှိပါတယ်။ နောက်
နိုင်ငံရေး အပြောင်း အလဲ ကြောင့်လည်း
ပါတာပေါ့” ဟု ပြောသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတ်မှတ်ရည်ညွှန်း
ဈေးနှုန်းသည် မတ်လ ၄ ရက်နေ့က အမေရိကန်
တဒေါ်လာ လျှင် ၁၂၃၂ ကျပ် သတ်မှတ်ထားသော်လည်း
ပြင်ပဈေးကွက်ငွေလဲနှုန်းထက်များစွာမြင့်မားနေ၍
အလုပ်မဖြစ်ကြောင်း၊
ဒေါ်လာ အရောင်းအ၀ယ်သည် လိုင်စင်ရ
ပုဂ္ဂလိဘဏ်များနှင့် ငွေလဲစင်တာများတွင်
အနည်းအကျဉ်းသာရှိပြီး ပြင်ပဈေးကွက်တွင်
အဓိက ထားရောင်းဝယ်နေကြကြောင်း
ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

၂၀၁၅ နှစ်အတွင်းက ငွေလဲနှုန်းမတည်မငြိမ်ဖြစ်ခဲ့မှု
ဒေါ်လာဈေးနှုန်းများ မြင့်တက်ခဲ့မှုကြောင့် စီးပွားရေး
လုပ်ငန်း များ အခက်အခဲများ ဖြစ်စေခဲ့သည့်အပြင်
သွင်းကုန်ပစ္စည်း ဈေးနှုန်းတွေလည်း မြင့်တက်ခဲ့ကြောင်း၊
ဗဟိုဘဏ်က ငွေလဲနှုန်း တည်ငြိမ်စေရန် လုပ်ဆောင်ခဲ့
မှုများ ရှိသော်လည်း ပြီးခဲ့သည့်နှစ်တနှစ်လုံးအတွင်း
ငွေလဲနှုန်း မတည်ငြိမ်သည့် ဖြစ်စဉ်များနှင့် စီးပွားရေး
လုပ်ငန်းများအကြား ဂယက်ထမှုများ ဖြစ်ပေါ်ခဲ့ကြောင်း
သိရှိရသည်။

(သစ်နေမိုး)

***

၂။ "ဒေါ်လာဈေး ကျဆင်းမှုနှင့်အတူ မြန်မာ့ရွှေဈေး
ကျပ် ၉၀၀၀ ခန့် ဆက်လက်ကျဆင်း"

ဒေါ်လာဈေး ကျဆင်းလာမှုကြောင့် မတ်လ ၄ ရက်တွင်
မြန်မာ့ရွှေဈေး တစ်ကျပ်သားလျှင် ကျပ် ကိုးထောင်ခန့်
ထပ်မံကျဆင်းလာကြောင်း ရွှေလုပ်ငန်း လုပ်ကိုင်သူများ
ထံမှ သိရှိရသည်။

ဒေါ်လာဈေးသည် မတ်လ ၃ ရက်တွင် တစ်ဒေါ်လာလျှင်
၁၂၁၅ ကျပ် ရှိခဲ့ရာမှ မတ်လ ၄ ရက်တွင် တစ်ဒေါ်လာ
၁၁၉၀ ကျပ်သို့ ကျဆင်းလာသည့်အတွက် မြန်မာ့
ရွှေဈေးမှာ တစ်ကျပ်သားလျှင် ၇၉၂၀၀၀ ကျပ် ရှိရာမှ
၇၈၃၀၀၀ သို့ ကျဆင်းလာခြင်း ဖြစ်ကြောင်း သိရသည်။

''ဒေါ်လာဈေးကျလာလို့ မြန်မာ့ရွှေဈေး ကျတယ်။
ကမ္ဘာ့ရွှေဈေးကတော့ အနည်းငယ် တက်ပါတယ်။
အရောင်း အဝယ်ပုံမှန်ပါပဲ'' ဟု တိတ်စိန်ရွှေဆိုင်ပိုင်ရှင်
ဦးဇော်အောင် က ပြောသည်။

ကမ္ဘာ့ရွှေဈေးသည် မတ်လ ၃ ရက်က တစ်အောင်စလျှင်
၁၂၄၀ ဒေါ်လာ ရှိခဲ့ရာမှ မတ်လ ၄ ရက်တွင် တစ်အောင်စ
၁၂၆၀ သို့ မြင့်တက်ခဲ့သော်လည်း ဒေါ်လာဈေး
ကျလာသောကြောင့် မြန်မာ့ရွှေဈေးပါ ကျဆင်းရခြင်း
ဖြစ်ကြောင်း သိရသည်။

''ကမ္ဘာ့ရွှေဈေးက အာရှဈေးနဲ့ အမေရိကန်ဈေးက
မငြိမ်တော့ ခန့်မှန်း ရခက်တယ်။ ပြည်တွင်းမှာက
ဒေါ်လာငွေ ဈေးကျလာတော့ မြန်မာ့ရွှေဈေးပါ လိုက်ကျတဲ့
သဘောပါ'' ဟုအောင်သမာဓိရွှေဆိုင် အထွေထွေ
မန်နေဂျာ ဦးမော်မော်က ပြောသည်။

မြန်မာ့ရွှေဈေးသည် ကမ္ဘာ့ရွှေဈေး နှင့် ဒေါ်လာဈေးတို့
အပေါ်တွင် မူတည်နေပြီး ၂၀၁၅ ခုနှစ်က ဒေါ်လာဈေး
မြင့်မားမှုကြောင့် မြန်မာ့ရွှေ တစ်ကျပ်သားလျှင်
၈၀၃၀၀၀ ကျပ် သို့ ရောက်ခဲ့သည်။

(MMK)

***

၃။ "နိုင်ငံခြားဘဏ် လေးခုအား ဘဏ်ခွဲဖွင့်ခွင့်
လိုင်စင်ချပေး"

အစိုးရသစ်သို့ အာဏာလွှဲပြောင်းခါနီးတွင်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားဘဏ် လေးခုအား
ပြည်တွင်း၌ ဘဏ်ခွဲဖွင့်လှစ်ရန် မတ်လ ၄ ရက်တွင်
လိုင်စင်ချပေးခဲ့ကြောင်း သတင်း ရရှိသည်။

ဘဏ်ခွဲဖွင့်လှစ်ခွင့်ရသည့် ဘဏ်များမှာ တောင်ကိုရီးယား၊
အိန္ဒိယ၊ တိုင်ပေနှင့် ဗီယက်နမ်တို့ မှ ဘဏ်များဖြစ်ပြီး
- တောင်ကိုရီး ယားနိုင်ငံမှ E.SUN Commercial Bank၊
- အိန္ဒိယနိုင်ငံမှ State Bankof India၊
- တိုင်ပေမှ Shinhan Bank နှင့်
- ဗီယက်နမ်နိုင်ငံမှ BIDV တို့ဖြစ်ကြောင်း ဗဟိုဘဏ်
ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

အဆိုပါဘဏ်လေးခုသည်  မြန်မာနိုင်ငံတွင် ဘဏ်ခွဲ
ဖွင့်လှစ် ရန် ဗဟိုဘဏ်သို့ အဆိုပြုလွှာ တင်ထားသည့်
နိုင်ငံခြားဘဏ် ၁၃ ခုမှဖြစ်သည်။

‘‘အိန္ဒိယနိုင်ငံပါလာတာက စိတ်ဝင်စားစရာပဲ။
လက်ရှိ သူ့နိုင်ငံစီးပွားရေးက အခြေအနေကောင်းနေတော့
သူ့ရင်းနှီးမြှုပ်နှံမှုတွေ အစိုးရသစ်လက်ထက်မှာ အများကြီး
ဝင်နိုင်တယ်’’ ဟု ကမ္ဘောဇ ဘဏ်အကြီးတန်းအကြံပေး
ဦးသန်းလွင်က ပြောသည်။

၂၀၁၄ အောက်တိုဘာတွင် ဂျပန်နိုင်ငံမှ သုံးဘဏ်၊
စင်ကာပူ အခြေစိုက်ဘဏ်နှစ်ခု၊ တရုတ်၊ သြစတြေးလျ၊
မလေးရှားတို့မှ ဘဏ်တစ်ခုစီကို ဗဟိုဘဏ်က
ပြည်တွင်း၌ ဘဏ်ခွဲတစ်ခုချင်းစီ ဖွင့်လှစ်ခွင့်ပြုခဲ့သည်။

‘‘ဘဏ်ခွဲတွေ ဘယ်လောက် ပဲ ခွင့်ပြုပြု သူတို့ကို
ကန့်သတ်ချက်တွေများနေရင် လုပ်ရကိုင်ရတာ အခက်အခဲ
ရှိတယ်’’ ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေ
အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားသည်။

နိုင်ငံခြားဘဏ်ခွဲများကို နိုင်ငံခြားလုပ်ငန်းရှင်များနှင့်
ဖက်စပ် လုပ်ကိုင်နေသူများသာမက အ ချက်အလက်
ခိုင်မာစွာ တင်ပြနိုင် ပါက ပြည်တွင်းလုပ်ငန်းရှင်များ
ကိုလည်း ငွေချေးခွင့် ပေးသင့် ကြောင်း ဦးရဲမင်းအောင်က
ပြော သည်။

ဗဟိုဘဏ်က နိုင်ငံခြား ဘဏ်များကို ပြည်တွင်း၌ ဘဏ်ခွဲ
ဖွင့်လှစ်ခွင့်ပြုခဲ့သော်လည်း ပြည် တွင်း လုပ်ငန်းရှင်များ
အတွက် ဝန်ဆောင်မှုလုပ်ငန်းများနှင့်ပတ် သက်၍ ယနေ့ထိ
လုပ်ကိုင်ဆောင် ရွက်ခွင့်ပြုထားခြင်း မရှိသေးကြောင်း
သိရသည်။

အဆိုပါဘဏ်လေးခုသည် မြန်မာနိုင်ငံရှိ နေရာတစ်နေရာ
ရွေးချယ်ကာ ဘဏ်ခွဲဖွင့်လှစ်ရမည်ဖြစ်ပြီး စတင်ရင်းနှီး
မြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၇၅သန်းမှ သန်း ၁၀၀
ကြား သတ်မှတ်ထားသည်။ ယင်းဘဏ်များ မြန်မာနိုင်ငံ
အတွင်းမှ ရုတ်တရက် ထွက်ခွာမသွားအောင်
စတင် ရင်းနှီး မြှုပ်နှံသည့်ပမာဏထဲမှ ရာခိုင်နှုန်း တစ်ခုကို
ဗဟိုဘဏ်သို့ အပ်နှံထား ရမည်ဖြစ်သည်။

ယခုအသစ်ဖွင့်လှစ်ရန် လိုင် စင်ချထားပေးသည့်
ဘဏ် လေးခုအပါအဝင် နိုင်ငံခြားဘဏ်များ သည်
ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံမှု များပြုလုပ်ရာတွင် နိုင်ငံတကာ
က ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းရှင်များကိုသာ
ငွေချေးခွင့်ရှိသည်။

ပြည်တွင်း လုပ်ငန်းရှင်များအား ငွေချေးလိုပါက
ပြည်တွင်းဘဏ် များမှ တစ်ဆင့် ငွေချေးခွင့်ပြုမည်
ဖြစ်ကြောင်း ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဆက်အောင်က
နိုင်ငံခြားဘဏ်များ ပထမဆုံး ဖွင့်ခွင့်ပြုချိန်က
ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဘဏ်ခွဲဖွင့် လှစ်ရန် နိုင်ငံခြားဘဏ်
၁၃ ခုက အဆိုပြုလွှာများ ဗဟိုဘဏ်သို့ တင်ပြထားကြောင်း
ယခုနှစ်ဖေ ဖော်ဝါရီလဆန်းတွင် ဗဟိုဘဏ် က
သတင်းထုတ်ပြန်ခဲ့သည်။

(ပြည်သိမ်း)

credit - Irrawaddy Publishing Group /
The Ladies News & 7day Daily

မှတ်ချက်။
အိမ်ခြံမြေ အကြောင်းအရာများနှင့်
တိုက်ရိုက်မသက်ဆိုင်သော်လည်း သွယ်ဝိုက်ပတ်သက်မှု့
ရှိသည့် စီးပွါးရေးနှင့်ဆိုင်ရာ သတင်းများ ဖြစ်နေပါသဖြင့်
မိတ်ဆွေများ လေ့လာနိုင်ရန် တင်ခဲ့ခြင်းဖြစ်ပါသည်။
“အိမ်ခြံမြေ လမ်းဆုံ”

No comments:

Post a Comment