Monday, March 7, 2016

“ခြေလှမ်းကျဲကျဲ စီမံကိန်းကြီးများ၏ သတင်းများနှင့် လတ်တလော ဈေးကွက် အခြေအနေ”

“ခြေလှမ်းကျဲကျဲ စီမံကိန်းကြီးများ၏ သတင်းများနှင့်
လတ်တလော ဈေးကွက် အခြေအနေ”


၁။ "တံတားစီမံကိန်းကြောင့် ဒလအိမ်ခြံမြေဈေး ယခင်ကလို
မလှုပ်ခတ်တော့"

ရန်ကုန်တစ်ဖက်ကမ်းရှိ ဒလမြို့နယ်တွင် ၂၀၁၂ ခုနှစ်နှင့်
၂၀၁၃ ခုနှစ်များက မြစ်ကူးတံတားတည်ဆောက်မည်  
ဆိုသောကြောင့် အိမ်ခြံမြေဈေးကွက် ကောင်းခဲ့ပြီး
ပြောစမှတ်တွင် လောက်သည့် အရောင်းအ၀ယ်များဖြစ်ခဲ့
သော်လည်း လက်ရှိအချိန်တွင် ရန်ကုန် - ဒလ မြစ်ကူး
တံတားစီမံကိန်း အမှန်တကယ်ပေါ်ထွက်လာခဲ့သော်လည်း
ဒလအိမ်ခြံမြေ ဈေးကွက်အတွင်း ထူးထူးခြားခြား
လှုပ်ခတ်မှုမရှိတော့ပေ။

လွန်ခဲ့သည့် သုံးနှစ်ခန့်က တံတားစီမံကိန်း ရပ်သွားသည်
အထိ မြေတစ်ဧကလျှင် ကျပ်သိန်း၁,၀၀၀ ကျော်နှင့်
လူနေရပ်ကွက်များအတွင်း ကျပ်သိန်း ၂,၀၀၀ နီးပါးထိ
မြင့်တက်ခဲ့သည့်ဒလအိမ်ခြံမြေ ဈေးကွက်သည် ယခုမြစ်ကူး
တံတား အမှန်တကယ်တွင် တည်ဆောက်ဖြစ်တော့မည်   
ဆိုသည့် အချိန်၌ မြေဈေးနှုန်းမှာ အမြင့်ဆုံး ကျပ်သိန်း ၆၀၀
ကျော်သာရှိပြီး အရောင်းအ၀ယ်လည်း သိပ်မဖြစ်ကြောင်း
ဒေသခံအိမ်ခြံမြေပွဲစားများက ပြောသည်။

"အခု ဒလမှာ မြေလာဝယ်တဲ့သူရှိရင် အရောင်းအ၀ယ်က
သိပ်မဖြစ်ဘူး။ ဈေးတွေက လည်း ပုံမှန်ဈေးတွေပဲရှိ
တော့တယ်။ပေ ၄၀၊ ပေ ၆၀ အကွက်ကြီးတွေတောင်
သိန်း ၆၀၀ ကျော်လောက်နဲ့ပဲ အရောင်းအ၀ယ်ဖြစ်တော့
တယ်။ အခုတံတားစီမံကိန်းလုပ်မယ်ဆိုတာ သေချာသွားတဲ့
အချိန်မှာတော့ အရင်လို ဈေးကခုန်မတက်တဲ့အပြင်
အရောင်းအ၀ယ် လည်း မလိုက်ဘူး" ဟု ဒလမြို့ခံ
အိမ်ခြံမြေပွဲစားဦးလှချစ်ကပြောသည်။

ယခင်က ရန်ကုန်မြို့နှင့် ဒလမြို့နှစ်မြို့ကို မြစ်ကူးတံတား
တည်ဆောက်မည်ဟု ထွက်ပေါ်လာသည့်သတင်းများ
ကြောင့် ရန်ကုန် မြစ်တစ်ဖက်ကမ်းသို့ကူးကာ မြို့ပြဖွံ့ဖြိုး
တိုးတက်မှု အားနည်းသည့်ဒလမြို့လေးတွင် နေ့စဉ်
မြေ၀ယ်ယူရန် လာရောက်သူများဖြင့် ပြည့်နှက်ခဲ့သော်
လည်း လက်ရှိအခြေအနေနှင့် ကွာခြားကြောင်း
ဒေသခံများက ပြောသည်။

"အ၀ယ်တွေက ပထမအခေါက်တံတားစီမံကိန်းတုန်းကလို
အုန်းအုန်းကျွက်ကျွက်မလာဘူး။ အရင်တုန်းက ၀ယ်ထားတဲ့
သူတွေတော့ ပြန်လာကြတယ်။ သူတို့ ပြန်ရောင်းချင် ကြလို့
ထင်တယ်။ ဒါပေမဲ့ စုံစမ်းတာလောက်ပဲရှိတယ်။ တကယ်
ဝယ်တဲ့သူက သိပ်မရှိဘူး။ အခုပေါက်ဈေးတွေကလည်း
ပထမအခေါက်တံတားစီမံကိန်းပျက်သွားပြီးကတည်းက
ငြိမ်နေတဲ့ဈေးတွေကနေ အခုချိန်ထိ ပြန်တက်မလာဘူး"
ဟု ဦးလှချစ်က ပြောသည်။

ဒလမြို့၏ လတ်တလော မြေဈေးနှုန်းများ သည်
- ပေ ၂၅၊ ပေ ၅၀ တစ်ကွက်လျှင် ကျပ် သိန်း ၅၀၀၀န်းကျင်၊
- ပေ ၄၀၊ ပေ၆၀ တစ်ကွက် လျှင် ကျပ်သိန်း ၆၀၀ ၀န်းကျင်နှင့်
- မြစ်နှင့် ဝေးသည့် မြို့တွင်းပိုင်းလမ်းမဘေးများရှိ ပေ ၅၀
ပတ်လည် မြေကွက်ကျယ်ကြီးများသည် ပင်လျှင်ကျပ်
သိန်း ၇၀၀ မှ၁,၀၀၀ ၀န်းကျင် ခန့်သာရှိသည်ဟု
ဒလဒေသခံ အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

ထို့ပြင် ယခင်က တံတားစီမံကိန်း ပထမ အကြိမ် ရပ်နား
သွားပြီးနောက် အမြင့်ဆုံး ဈေးဖြင့်ကျန်ရှိခဲ့သည့်
လယ်မြေများကို စီမံကိန်းရပ်သော်လည်း ဆက်လက်ဝယ်ယူ
ခဲ့ သူများ၏လက်ထဲတွင် လယ်မြေဈေးမှာ သိန်း ရာဂဏန်း
ဝန်းကျင်သာရှိတော့သည့် အပြင် ၀ယ်ယူသူလည်း
နည်းပါးသွားကြောင်း ဦးလှချစ်က ပြောသည်။

"အဲဒီလယ်မြေတွေဝယ်ထားတဲ့သူတွေက ဒီအချိန်မှာ ပိုက်မိ
ထားတာပေါ့နော်။ သူတို့ ပြန်ထုတ်တော့လည်း အရင်ဈေးကို
ပြန်မလိုက် တော့ဘူး။ အရင်ဈေးကိုကျတော့လည်း ၀ယ်
တဲ့သူက မပေးဘူး။ အတွင်းကျတဲ့ နေရာတွေဆို တစ်ဧကကို
သိန်း ၁၅၀ လောက်ပဲပေးတော့တယ်။ ဒါပေမဲ့
၂၀၁၂ လောက်က စီမံကိန်းစစချင်းမှာ ၀ယ်တဲ့သူတွေ
ကတော့ ပြန်ရောင်းရင် မြတ်တယ်" ဟု ၎င်းက ပြောသည်။

ကနဦး မြစ်ကူးတံတားစီမံကိန်းသည် ဒလမြို့၏အိမ်ခြံမြေ
ဈေးကွက်ကို ပြောင်းလဲမှုများစွာဖြစ်ပေါ်စေခဲ့သော်လည်း
ယခုနှစ် မြစ်ကူးတံတားတည်ဆောက်မည်ဖြစ်သည့်အတွက်
စီမံကိန်းနယ်မြေအတွင်းပါဝင်သည့် ဒေသခံများကို
နစ်နာကြေးပေးသည့်အချိန်တိုင်အောင် ဒလအိမ်ခြံမြေ
ဈေးကွက်မှာ လှုပ်ခတ်ခြင်း မရှိသေးပေ။

ဒေသခံများကလည်း မြစ်ကူးတံတား တည်ဆောက်မှုကြောင့်
ဒေသဖွံ့ဖြိုးမှုကို များစွာ မျှော်လင့် လိုလားလျက်ရှိသော်
လည်း ယခု အချိန်ထိ ဒလမြို့တွင် စီးပွားရေးလုပ်ငန်း
ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ လာရောက်ခြင်းမှာမရှိ သလောက်
နည်းပါးသေးကြောင်း ဒေသခံများ က ပြောသည်။

ယခင်က ရန်ကုန်မြို့တွင်စီမံကိန်းရှိသည့် နေရာများသည်
အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားခံရသည့်နေရာ
များဖြစ်ပြီး အိမ်ခြံမြေအရောင်းအ၀ယ်ဈေးနှုန်းများလည်း
အလွန်ကောင်းသည့် နေရာများဖြစ်ကြသည်။

သို့သော် ၂၀၁၄ ခုနှစ်ကုန်ပိုင်းမှ စ၍ အိမ်ခြံမြေဈေးကွက်
ငြိမ်သက်သွားသော ရန်ကုန်မြို့သည်ယင်းကဲ့သို့ စီမံကိန်းများ
ပြုလုပ်ရန် လျာထားသည့် မြို့နယ်များ၌ပင်
အရောင်းအ၀ယ်များအေးစက်ကာရင်းနှီးမြှုပ်နှံမှု လျော့နည်း
လာသည့် အခြေအနေတွင် ဒလ မြို့နယ်၏ အိမ်ခြံမြေ
ဈေးကွက်လည်းပါဝင်ခဲ့ခြင်းဖြစ်ကြောင်း အိမ်ခြံမြေ
အကျိုးဆောင် များက ပြောသည်။

"အခုလို ဒလမြို့နယ်ရဲ့ အိမ်ခြံမြေဈေးကွက်ဘာလို့
ဖြစ်ရတာလဲဆိုတော့ ပထမအချက်က မြန်မာငွေမာလာပြီး
ငွေရှား လာတာရယ်။ နောက်တစ်ခုက နိုင်ငံရေး
အပြောင်းအလဲကိုစောင့်ကြည့်ရင်းနဲ့ အိမ်ခြံ မြေဈေးကွက်က
အေးလာတာရယ်။ နောက် တစ်ချက်က ဒလကတစ်ချိန်က
ဈေးအရမ်း တက်သွားတော့ အခုချိန်မှာ ဈေးကို အများကြီး
ချပြီး မရောင်းကြတော့ဘူး။ အဲဒါတွေကြောင့်ပဲ ဒလမှာ
သွားဝယ်ဖို့ တန့်နေကြတယ်လို့ ထင်ပါတယ်" ဟု
စိုင်းခွန်နောင်အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း
အမှူဆောင်အရာရှိချုပ် ဦးစိုင်းခွန်နောင်က ပြောသည်။

သို့သော် ဒလမြို့နယ်သည် မြစ်ကူးတံတား တည်ဆောက်
ပြီးစီးသည့်နောက်ပိုင်းတွင် ဖွံ့ဖြိုးတိုးတက်မှုများကြောင့်
အိမ်ခြံမြေဈေးကွက် ကောင်းလာမည့် အနေအထား ရှိလာ
နိုင်ကြောင်း၎င်းက ပြောသည်။

"ခုနပြောတဲ့ သုံးချက်ကြောင့် ဒလရဲ့ မြေအရောင်းအ၀ယ်က
နည်းနေတာပေါ့။ ဒါပေမဲ့ မြေဈေးနှုန်းကို မချဘဲနဲ့ ဈေးထပ်
တက်ပြီးရောင်းရင် တော့ ဈေးကွက်ပြန်တက်လာဖို့က
တော်တော် အားယူရပါမယ်။ဒါပေမဲ့ ဒလမြို့နယ်က
ရင်းနှီးမြှုပ်နှံလို့ကောင်းတဲ့ နေရာတစ်နေရာ ဖြစ်လာမှာပါ"
ဟုအိမ်ခြံမြေအကျိုးဆောင် ဦးစိုင်းခွန်နောင်က ပြောသည်။

(မြတ်ငြိမ်းအေး)

***

၂။ "ရန်ကုန်မြို့သစ်စီမံကိန်းကို အစိုးရသစ်၏ ကြီးကြပ်မှုဖြင့်
ဆောင်ရွက်မည်ဟု စီမံကိန်း ထောက်ခံပွဲတွင်ပြော"

ရန်ကုန်မြို့သစ်စီမံကိန်းကို အစိုးရသစ်၏ကြီးကြပ်ထိန်းချုပ်မှုဖြင့်
လက်တွဲဆောင်ရွက်သွားမည်ဟု ရန်ကုန်အနောက်တောင်
ဒေသဖွံ့ဖြိုးရေး ကော်မတီအတွင်းရေးမှူး ဦးခင်မောင်သန့်က
ပြောသည်။

မတ်လ ၂ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး
ကြည့်မြင်တိုင်မြို့နယ် အလတ်ချောင်းရပ်ကွက်၊ ဦးပိုင်
ငွေပင်လယ် သင်္ဘေကျင်းရှေ့ရှိ ကွင်းအမှတ်(၃၈)B တွင်
ပြုလုပ်သည့် ရန်ကုန်မြို့သစ်စီမံကိန်း  စတင်အကောင်
အထည်ဖော်ခွင့်ပြုမှုကို ထောက်ခံသည့် အခမ်းအနားတွင်
ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

"စီမံကိန်းကြီး ဖြစ်မလိုမဖြစ်မလိုနဲ့ ဈေးတွေတက်လာလိုက်
ကျသွားလိုက်၊ စီမံကိန်း ပျက်သွားပြီဆို အောက်ကြေးနှိုက်ပြီး
လာဝယ်လိုက်နဲ့ လယ်တွေက တဖြေးဖြေးဆုံးပါးခဲ့တာ
များပါပြီ။ အခုစီမံကိန်းကြီး ဖြစ်မယ်ဆိုတော့ ဒေသခံတွေ
အနေနဲ့ သူတို့ရဲ့ ရပိုင်ခွင့်တွေ ဘာတွေရမယ်ဆိုတာ
သိတော့ လယ်တွေ မရောင်းကြတော့ပါဘူး။ ကျွန်တော်တို့
အများကြီး ရှေ့ဆက်ခရီးသွားရပါဦးမယ်။ ကျွန်တော်တို့
လာမယ့်အစိုးရနဲ့ လက်တွဲပြီးတော့ သူတို့ ထိန်းချုပ်
ကြီးကြမ်မှုနဲ့ ဆက်ပြီးတော့ဆောင်ရွက်ရဦးမှာ ဖြစ်ပါတယ်"
ဟု ဦးခင်မောင်သန့်က ပြောသည်။

အဆိုပါ ကြိုဆိုထောက်ခံပွဲအခမ်းအနားကို ရန်ကုန်အနောက်
တောင်ဒေသ ဖွံ့ဖြိုးရေးကော်မတီက ဦးဆောင် ကျင်းပခြင်း
ဖြစ်ပြီး ဒေသခံ ထောင်နှင့်ချီ၍ တက်ရောက်ခဲ့ကြသည်။

ရန်ကုန်မြို့သစ် စီမံကိန်းသည် ပန်းလှိုင်မြစ်နှင့် တွံ့တေး
တူးမြောင်းအကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ - တွံတေး
ကားလမ်းကြားတွင်တည်ရှိပြီး ကြည့်မြင်တိုင်မြို့နယ်၊
တွံတေးမြို့နယ်နှင့် ဆိတ်ကြီးခနောင်တို မြို့နယ်တို့ ပါဝင်
နေကြောင်း သိရသည်။

မြို့သစ်တည်ဆောက်ရေး တင်ဒါအောင်မြင်ထားသည့်
ကုမ္ပဏီများအနေဖြင့် ဒေသခံများနှင့် ညှိနှိုင်းသဘောတူ
ထားသည့် အချက်များအတိုင်း ဆောင်ရွက်ရမည်ဖြစ်ပြီး
ရန်ကုန်အနောက်တောင်ဖွံ့ဖြိုးရေး   ကော်မတီအနေဖြင့်
ဒေသခံများမနစ်နာစေရေး၊အလုပ်အကိုင်အခွင့်အလမ်းများ
ရရှိစေရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပူးပေါင်း
ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယင်းကော်မတီ
တာဝန်ရှိသူများက ဆိုသည်။

"ကြိုဆိုရမှာပဲလေ။ ဒီဘက်မှာက လယ်စိုက်လို့ကလည်း
မကိုက်ကြဘူးလေ။ တစ်ဧက တင်း ၂၀ အစိပ် ထွက်ဖို့တောင်
အနိုင်နိုင်ဆိုတော့ ဒီစီမံကိန်းက ဒေသခံတွေအတွက်
ကောင်းမွန်တဲ့ ကိစ္စဖြစ်နေတယ်လေ။ အကျိုးအမြတ်တွေလည်း
ရလာမယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ရလာမယ်
ဆိုတော့ ဒါကကောင်းတဲ့ကိစ္စပါ"ဟု စီမံကိန်း ဧရိယာအတွင်း
ပါဝင်သည့် တမာတကောရွာမှ ဦးသောင်းခင်က ပြောသည်။

စီမံကိန်းဧရိယာအတွင်း လယ်မြေဧက သုံးသောင်းဝန်းကျင်
ပါဝင်ပြီး လယ်ပိုင်ရှင်များအနေဖြင့် အကျိုးအမြတ်ခံစားခွင့်
အနေဖြင့် လယ် တစ်ဧကလျှင် တစ်ဧက၏ ၂၀ရာခိုင်နှုန်းနှင့်
ညီမျှသော မြေကွက်တစ်ကွက်နှင့် တိုက် ခန်း ၂ခန်းစီ
ရရှိကြမည် ဖြစ်သည်။

ရန်ကုန်မြို့သစ်စီမံကိန်းအား ၂၀၁၂ခုနှစ်တွင် ဂျပန်နိုင်ငံတကာ
ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(JICA)မှ မဟာရန် ကုန်မြို့ပြ
ဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်းတွင် မြို့ပြစီမံကိန်းရေးအတွက်
အချက်အလက်ကောက်ယူခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရန်ကုန်မြို့သစ်စီမံကိန်းတွင် မြစ်ကူးတံတား(၅)စင်း၊
တန်ဖိုးနည်း၊ တန်ဖိုးသင့် အငှားအိမ်ယာ စီမံကိန်းများ၊
ဘိုးဘွားရိပ်သာ၊ အဝေးပြေးယာဉ်ရပ်နားစခန်း၊ ပြတိုက်တို့
ပါဝင်မည်ဖြစ်ပြီး   နိုင်ငံတကာ မြို့အင်ဂါရပ်နှင့် အညီ
တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းစတင်သည့်နေ့တွင် မြစ်ကူးတံတားတစ်စင်း
စတင်ပနက်ချမည် ဖြစ်ကြောင်း တင်ဒါချထားပေးရေး
အဖွဲ့ခေါင်းဆောင် ရန်ကုန်တိုင်းဒေသကြီး
သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက ပြောသည်။

"အရင်ဆုံးတော့ EIA,SIA စစ်ရလိမ့်မယ်။ ပြီးရင်တော့
တံတားတစ်စင်းစပြီး ပန္တွက်တင်မယ်လို့ အကြမ်းဖျင်း
သတင်းပို့ထားတယ်။တံတား လုပ်ငန်းစတယ်လို့
ပြောရင်ရတယ်ပေါ့"ဟု ၀န်ကြီးဦးကျော်စိုးက ပြောသည်။

မတ်လအတွင်း စတင်အကောင်အထည်ဖော်ရန် ရန်ကုန်တိုင်း
ဒေသကြီး အစိုးရ အဖွဲ့က ဖေဖေါ်ဝါရီလ လကုန်ပိုင်းက
ခွင့်ပြုထားခြင်းဖြစ်ပြီး ယင်းစီမံကိန်းအား ရန်ကုန်အနောက်
ဒေသဖွံ့ဖြိုးရေး   ကော်မတီဝင်များဦးစီး ထူထောင်ထားသည့်
ရန်ကုန် အနောက်တောင်ဒေသ ဖွံ့ဖြိုးရေးအများ နှင့်
သက်ဆိုင်သောကုမ္ပဏီ၊ Bussiness Capital City
Development Ltd နှင့် ရွှေပုပ္ပါး ကုမ္ပဏီတို့မှ လုပ်ကိုင်ခွင့်
ရရှိထားခြင်း ဖြစ်သည်။

အဆိုပါ ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရေးနှင့်
ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်မှ
၂၀၁၄ခုနှစ် နိုဝင်ဘာလက ခွင့်ပြုခဲ့ပြီး ပြန်လည်ဆန်းစစ်ရန်
ကိစ္စရပ်များ ရှိသည်ဟုဆိုကာ   ပြန်လည် ဆိုင်းငံ့ထားခဲ့ရာမှ
၂၀၁၅ခုနှစ်  နှစ်ကုန်ပိုင်းတွင် ပြန်လည် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

(မျိုးသူအောင်)

credit - The Myanmar Times & မဇ္ဈိမသတင်းဌာန

No comments:

Post a Comment