Monday, March 21, 2016

“ယခုဘဏ္ဍာနှစ် အိမ်ခြံမြေအခွန်ရရှိမှု အခြေအနေနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ရရှိသည့်သတင်းများ”

“ယခုဘဏ္ဍာနှစ် အိမ်ခြံမြေအခွန်ရရှိမှု အခြေအနေနှင့်
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ
ရရှိသည့်သတင်းများ”

၁။ "အဆောက်အအုံ ပြီးစီးကြောင်း လက်မှတ်(BCC)
မရရှိသေးသော်လည်း အိမ်ငှားရန် အခက်အခဲရှိသည့်
မြေပိုင်ရှင်များ အနေဖြင့် နေထိုင်ခွင့် လျှောက်ထားနိုင်"

အဆောက်အအုံ ပြီးစီးကြောင်း လက်မှတ်(BCC)
မရရှိသေးသော်လည်း အိမ်ငှားရန် အခက်အခဲရှိသည့်
မြေပိုင်ရှင်များအနေဖြင့် အခက်အခဲများကို
အင်ဂျင်နီယာဌာနသို့ လိပ်မူ၍ နေထိုင်ခွင့်လျှောက်ထား
နိုင်ကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေး
ကော်မတီ အင်ဂျင်နီယာဌာန(အဆောက်အအုံ) မှ
တာဝန်ရှိသူ တစ်ဦးက ပြောသည်။

နေထိုင်ခွင့် လျှောက်ထားရာတွင်
- အဆောက်အအုံ ဆောက်လုပ်သည့်
လိုင်စင်ကန်ထရိုက်တာ၏ တံဆိပ်တုံး၊ လက်မှတ်၊
- မြေပိုင်ရှင်၏ လက်မှတ်နှင့်အတူ
- မူလငှားရမ်းနေထိုင်သော အိမ်ငှားစာချုပ် ပြည့်ခြင်းနှင့်
- ဝါဝင်ဝါထွက် ဖြစ်သောကြောင့် အိမ်ငှားရန် ခက်ခဲခြင်း
စသည့် အခက်အခဲများကို တင်ပြ၍ လျှောက်ထားရမည်
ဖြစ်ကြောင်း သိရသည်။

''အဲဒီလိုကြိုတင် နေထိုင်ခွင့် လျှောက်ထားဖို့အတွက်
နေထိုင်မယ့် အဆောက်အအုံကလည်း ပြီးစီးရမယ်။
မြေရှင် ကလည်း အခက်အခဲရှိတယ်၊ အဆောက်အအုံ
ကလည်း ပြီးစီးတယ်ဆိုရင် ဌာနကို လိပ်မူပြီး
လျှောက်ထားနိုင်ပါ တယ်'' ဟု ၎င်းက ဆက်လက်ပြော
သည်။

ထို့ပြင် အဆောက်အအုံပြီးစီးကြောင်းလက်မှတ်(BCC)
မရရှိသေးသည့် အဆောက်အအုံပေါ်၌ နေထိုင်ခွင့်
လျှောက်ထားခြင်းမရှိဘဲ နေထိုင်နေသည်ကို စစ်ဆေး
တွေ့ရှိပါက လိုင်စင်ကန်ထရိုက်တာအား တစ်ခန်းလျှင်
ငွေကျပ် ၁၂ဝဝဝဝ ဒဏ်ရိုက် သွားမည်ဖြစ်ကြောင်း
သိရသည်။

(BCC) မကျသေးဘဲ နေထိုင်ပါက ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ၏ ဥပဒေပုဒ်မ ၆၁(င)
ပြဋ္ဌာန်း ချက်အရ စိစစ်အရေးယူ သွားမည်ဖြစ်သည်။

ထို့ပြင်
* (BCC) လက်မှတ် မရရှိသေးသည့် ကိုယ်ပိုင်
အဆောက်အအုံ ကန်ထရိုက်တိုက်များကို မတ် ၃၁ ရက်
မတိုင်မီ (BCC) လျှောက်ထားနိုင်ပြီး မီးသတ်၊ ရေသန့်၊
အခွန် စသည့် သက်ဆိုင်ရာ ဌာန ထောက်ခံချက်များ
ပြည့်စုံပါက နေ့ချင်းပြီး ဆောင်ရွက်ပေးသွားမည် *
ဖြစ်ကြောင်း သိရသည်။

***

၂။ "ယခုဘဏ္ဍာနှစ်တွင် အိမ်ခြံမြေအခွန်ရရှိမှု
လျော့နည်းနိုင်"

ယခု ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အစ ဧပြီမှ ဇန်န၀ါရီအထိ
ဆယ်လတာအတွင်း အိမ်ခြံမြေအခွန် ကျပ် ၂၆ ဘီလီယံ
ကျော်ကောက်ခံရရှိထားပြီး ယခင်ဘဏ္ဍာနှစ်တွင်
ကောက်ခံရရှိထားသည့် အခွန်နှုန်းထားထက် လျော့နည်း
နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်းအခွန်ဦးစီး
ဌာနမှ သတင်းရရှိသည်။

‘‘အိမ်ခြံမြေအခွန်ကောက်ခံ ရရှိမှုက ပြီးခဲ့တဲ့ကာလတူ
ထက် နည်းနိုင်တယ်။ ဒီနှစ်ထဲမှာ အိမ်ခြံ မြေအရောင်း
အ၀ယ်မဖြစ်လို့ တန်ဖိုးဖြတ်တာတွေ နည်းသွားတယ်။ 
ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ ကောက်ခံ ရရှိထားတဲ့ အိမ်ခြံမြေ
အခွန်ထက် နည်းနိုင်တယ်’’ဟု ပြည်တွင်းအခွန်များဦးစီး
ဌာန လက်ထောက် ဌာနမှူးတစ်ဦးက ပြောသည်။

* ပြီးခဲ့သည့် ဘဏ္ဍာနှစ်တစ်နှစ်လုံးတွင် အိမ်ခြံမြေ
အခွန် ကျပ် ၇၀ ဘီလီယံအထိ ကောက်ခံရရှိခဲ့ပြီး
ယခုဘဏ္ဍာနှစ်ဆယ်လကျော်အတွင်း
ကျပ် ၂၆ဒသမ၇၅ ဘီလီယံခန့်သာ ကောက်ခံရရှိ
ထားကြောင်း * ပြည်တွင်းအခွန်ဦးစီးဌာန၏
စာရင်းများအရ သိရသည်။

အိမ်ခြံမြေအခွန်ဆောင်မည်ဆိုပါက
အိမ်ခြံမြေတန်ဖိုးဖြတ်ရုံးတွင် လမ်းအလိုက်သတ်မှတ်
ထားသည့် တစ်ပေပတ်လည်နှုန်းထားများအတိုင်း
တန်ဖိုးဖြတ်ပြီး သက်ဆိုင်ရာအခွန်ရုံးများ၌ အိမ်ခြံမြေ
အခွန်ဆောင်ရမည် ဖြစ်သည်။

ထိုသို့အိမ်ခြံမြေတန်ဖိုးဖြတ်ပြီး အခွန်ဆောင်ရန်
ထုတ်ပြန်ကြေညာထားသော်လည်း အိမ်ခြံမြေတန်ဖိုး
ဖြတ်ခြင်းနှင့် သတ်မှတ်ထားသည့် တံဆိပ်ခေါင်းများ
မကပ်ဘဲ အရောင်းအ၀ယ်ပြုလုပ်နေကြ၍ အိမ်ခြံမြေ
အခွန်ဆောင်သည့် ပမာဏနည်းပါးသွားခြင်းဖြစ်ကြောင်း
၎င်းက ပြောသည်။

* အိမ်ခြံမြေအရောင်းအ၀ယ် ဖြစ်ပါက
အရောင်းအ၀ယ်ဖြစ်သည့် ငွေကြေးနှင့် ကိုက်ညီသော
တံဆိပ်ခေါင်းကပ်ရမည်ဖြစ်ပြီး တံဆိပ်ခေါင်းမကပ်ဘဲ
ချုပ်ဆိုထားသည့် စာချုပ်များသည် တရားဥပဒေအရ
အကျုံးဝင်ခြင်းမရှိ ကြောင်း သိရသည်။
အဆိုပါ စာချုပ်များကို စစ်ဆေးတွေ့ရှိပါက သတ်မှတ်
တန်ဖိုး၏ ၁၀ ဆကို ဒဏ်ကြေးအဖြစ် ပေးဆောင်ရမည်
ဖြစ် ကြောင်း * ပြည်တွင်းအခွန်ဦးစီးဌာန မှ
သတင်းရရှိသည်။

(၂၀၁၅-၁၆ ဘဏ္ဍာနှစ်) အိမ်ခြံမြေအခွန်နှုန်းထားများမှာ
- တစ်ကျပ်မှ ကျပ်သိန်းတစ် ထောင်အထိ ၃ ရာခိုင်နှုန်း၊
- ကျပ် သိန်းတစ်ထောင်ကျော်မှ ကျပ်သိန်း ငါးထောင်
အထိ ၅ ရာခိုင်နှုန်း၊
- ကျပ်သိန်းငါးထောင်ကျော်မှ ကျပ်သိန်း တစ်သောင်း
အထိ ၁၀ ရာခိုင်နှုန်း၊
- ကျပ်သိန်းတစ်သောင်းကျော်မှ ကျပ်သိန်း
တစ်သောင်းခွဲအထိ ၂၀ ရာခိုင်နှုန်းနှင့်
- ကျပ်သိန်း တစ်သောင်းခွဲအထက်ကို ၃၀ ရာခိုင်နှုန်း
ပေးဆောင်ရန် သတ်မှတ်ထားသည်။

(မျိုးစန္ဒာအောင်)

***

၃။ "ရန်ကုန်မြို့ရှိ အများပြည်သူ သွားလာမှုများသော
နေရာများ၌ ဆောက်လုပ်နေသည့် ဆောက်လုပ်ရေး
လုပ်ငန်းများတွင် လမ်းသွား လမ်းလာများ ထိခိုက်မှု
မရှိအောင် စီမံလုပ်ကိုင်ခြင်း ရှိ မရှိ ၀င်ရောက်
စစ်ဆေးမည်"

ရန်ကုန်မြို့ရှိ အများပြည်သူ သွားလာမှု များပြားသည့်
နေရာများတွင် ဆောက်လုပ်ရေး လုပ်ငန်းများ
လုပ်ကိုင်ရာ၌ လမ်းသွားလမ်းလာ ပြည်သူများအား
ထိခိုက်မှု မရှိအောင် လုပ်ဆောင်ရမည်ဖြစ်ပြီး ယင်းသို့
မထိခိုက်အောင် စီမံလုပ်ကိုင်နေခြင်း ရှိ မရှိ ၀င်ရောက်
စစ်ဆေးမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်
သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနမှ
သိရသည်။

ရန်ကုန်မြို့ရှိ အများပြည်သူ သွားလာမှုများပြားသည့်
နေရာများတွင် ဆောက်လုပ်နေသည့် အထပ်မြင့်
အဆောက်အအုံလုပ်ငန်း အချို့တွင် အသုံးပြုနေသော
ဆောက်လုပ်ရေး လုပ်ငန်းသုံး စက်ကိရိယာများမှာ
လမ်းသွားလမ်းလာ ပြည်သူများအတွက် အန္တရာယ်
ဖြစ်နိုင်သည့် အနေအထားများ ဖြစ်ပေါ်လျက်ရှိကြောင်း၊
အထူးသဖြင့် ကရိန်းများသည် အများပြည်သူ သွားလာ
နေသည့် လမ်းပေါ်သို့ အပေါ်စီးမှကျွံ၍ ဆောက်လုပ်ရေး
သုံး ပစ္စည်းများ သယ်ယူနေခြင်းကြောင့် လမ်းသွား
လမ်းလာ ပြည်သူများ အန္တရာယ်ဖြစ်ပေါ်မည်ကို
စိုးရိမ်နေရကြောင်း သိရသည်။

"ဟိုနေ့က ဆူးလေဘုရား လမ်းပေါ်က ဖြတ်သွားတော့
ဆူးလေလူကူး တံတားနားက ဆောက်လုပ်ရေး လုပ်ငန်း
တစ်ခုက ကိုယ့်အပေါ်စီးကနေ ကရိန်းနဲ့ ဆောက်လုပ်ရေး
သုံး ပစ္စည်းတွေ သယ်နေတာ တော်တော်ကို ထိတ်လန့်
စရာကောင်းတယ်။ကြည့်လိုက်တော့ Safe ဖြစ်တဲ့ပုံလည်း
မရှိဘူး။ အဲဒါနဲ့ ခပ်မြန်မြန် လမ်းလျှောက်လာရတယ်" ဟု
ရန်ကုန်မြို့တွင်း သွားလာနေသူ တစ်ဦးက
ပြောကြားသည်။

အဆိုပါ ဆောက်လုပ်ရေး လုပ်ငန်းများတွင် လုပ်ကိုင်
နေသော ကရိန်းများအား အသုံးပြုခွင့် လိုင်စင်များ ထုတ်
ပေးရန် ညှိနှိုင်းနေပြီး ယင်းသို့လိုင်စင် ထုတ်ပေးပြီးသည့်
အခါတွင် ၀င်ရောက်စစ်ဆေးရန် အထပ်မြင့် အဆောက်
အအုံ ကြီးကြပ်စစ်ဆေးရေး ပညာရှင်များအဖွဲ့နှင့်
ညှိနှိုင်းနေခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ ကရိန်းယာဉ်များ အသုံးပြုခွင့်လိုင်စင် ထုတ်ပေးပြီး
သည့် အခါတွင် ယင်းကရိန်းယာဉ်များအား အများပြည်သူ
သွားလာနေသည့် ဧရိယာထဲသို့ ရောက်ရှိ လုပ်ကိုင်ခြင်း
မရှိအောင်၊ သတ်မှတ်ထားသည့် ဆောက်လုပ်ရေး
ဧရိယာများထဲတွင်သာ ကရိန်းများကို လှည့်လည် အသုံး
ပြုရမည်ဖြစ်ပြီး ယင်းသို့လုပ်ဆောင်မှု ရှိ မရှိကို တစ်လလျှင်
တစ်ကြိမ် သက်ဆိုင်ရာ အဖွဲ့များဖြင့် စစ်ဆေးမည့်အပြင်
လိုအပ်သည့် ကြံ့ခိုင်မှု ရှိ မရှိကိုလည်း စစ်ဆေးမည်ဟု
ဆိုသည်။

"အချို့ဆောက်လုပ်ရေး လုပ်ငန်းတွေမှာဆို အစကတည်း
က ကရိန်းတွေကို ဓာတ်လှေကားခွင်ထဲ ထည့်ပြီး လုပ်လို့
ရတာတွေ ရှိတယ်။ အခုလက်ရှိသုံးနေကြတဲ့ တာဝါကရိန်း
တွေက ခွင့်ပြုချက်ပေးထားတာ မရှိပါဘူး။ ဒါကြောင့်လည်း
လိုင်စင်ထုတ်ပေးဖို့ ညှိနှိုင်းနေတာ" ဟု ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနမှ
တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။  

ယင်းသို့ ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ကိုင်ရာတွင်
လမ်းသွားလမ်းလာပြည်သူများ ဘေးပတ်ဝန်းကျင်များအား
ထိခိုက်စေနိုင်သည့် အခြေအနေများ ဖြစ်ပေါ်လာပါက
အဆိုပါ ဆောက်လုပ်ရေး လုပ်ငန်းများကို ကြီးကြပ်သည့်
လိုင်စင်ရအင်ဂျင်နီယာ၊ လိုင်စင်ရ ကန်ထရိုက်တာများတွင်
တာဝန်ရှိကြောင်းနှင့် ၎င်းတို့ကို အရေးယူမည်ဖြစ်ကြောင်း
သိရသည်။

"တကယ်လို့ တစ်စုံတစ်ခု အန္တရာယ် ဖြစ်လာလို့ရှိရင်
လိုင်စင်ရ ကန်ထရိုက်တွေ၊ လိုင်စင်ရ အင်ဂျင်နီယာတွေ
မှာ တာဝန်ရှိပါတယ်။ သူတို့အရေးယူ ခံရမှာပါ။ အရင်
ကမ္ဘာအေးဘုရားလမ်းပေါ်က မာရီနာဟိုတယ်မှာ
ကရိန်းကြီးအောက်ကို ပြုတ်ကျလို့ အရေးယူခဲ့ဖူးတာ
တစ်ခုရှိတယ်" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီ၊အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးက
ပြောကြားသည်။

ဖေဖော်ဝါရီ ၁၁ ရက်က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်
ကျွန်းတောလမ်းတွင် ရွှေတောင်ကုမ္ပဏီမှ ဆောက်လုပ်
လျက်ရှိသော Junction Square အနီးရှိ အထပ်မြင့်
အဆောက်အအုံ လုပ်ငန်းခွင်မှ ဆောက်လုပ်ရေး လုပ်ငန်း
သုံး သံချောင်းကြီးတစ်ချောင်း အနီးတွင် ရပ်ထားသည့်
မော်တော်ယာဉ် တစ်စီးပေါ်သို့ ပြုတ်ကျမှု ဖြစ်ပွားခဲ့ရာ
မော်တော်ယာဉ်၏ ရှေ့မှန်အချို့ ပျက်စီးသွားခဲ့သည်။

(ကျော်ထင်)

credit - မြ၀တီ / 7day Daily & Eleven Media Group

No comments:

Post a Comment