“နေဝင်လက်ဆောင်မြို့သစ်စီမံကိန်း” နှင့်
၎င်းနှင့် ဆိုင်ရာ လတ်တလော သတင်းများ
၁။ "အမှောင်ကို ကျင့်သားရသည့် နေဝင်လက်ဆောင်
မြို့သစ်စီမံကိန်း"
မကြာမီက ရန်ကုန်မြို့သစ် စီမံကိန်းအကောင်အထည်
ဖော် ဆောင်ရွက်ခွင့်ကို တင်ဒါတင်သွင်းထားသည့် ရန်ကုန်
အနောက်တောင်ဒေသဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သော
ကုမ္ပဏီ၊ Business Capital City Development Ltd နှင့်
ရွှေပုပ္ပား အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေးကုမ္ပဏီ
လီမိတက်သုံးခုစလုံးအား ပူးပေါင်းလုပ်ကိုင်ခွင့်ပြုလိုက်
ကြောင်း သတင်းတစ်ပုဒ်ကို ဖတ်ရှုခဲ့ရပါသည်။ ဤစီမံကိန်း
သည် ပုံစံမကျသည့် လုပ်ထုံးလုပ်နည်းဝင်္ကပါထဲ၌
တဝဲလည်လည်လှည့်ပတ်နေပြီး နောက်ဆုံးတွင် အစိုးရ
ပြောင်းခါနီး တက်သုတ်ရိုက်၍ ထိုးထွက်လာသောစီမံကိန်း
အဖြစ် အထင်အရှားတွေ့မြင်ရကြောင်း သုံးသပ်
ဖော်ပြလိုပါသည်။
၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံအရ ‘‘ရွာမြေမြို့မြေစီမံခန့်ခွဲရေး’’
သည် ပြည်ထောင်စုဥပဒေပြု ဇယား (၁) တွင် ပါဝင်ကြောင်း
တွေ့ရှိရပါသည်။ ရွာမြေမြို့မြေစီမံခန့်ခွဲရေးဟူသည်
- လယ်ယာမြေသိမ်းဆည်းသည်မှအစ မြို့မြေသတ်မှတ်ခြင်း၊
- မြို့တည်ရန်မြေ အသုံးချမှုစီမံကိန်းနှင့် မြို့ပြစီမံကိန်း
ရေးဆွဲခြင်း၊
- စီမံကိန်းအကောင်အထည်ဖော်ခြင်း၊
- မြို့မြေချထားခြင်းနှင့် မြို့မြေဖွံ့ဖြိုးရေးအတွက် စီမံခန့်ခွဲခြင်း
လုပ်ငန်းအားလုံးအကျုံးဝင်လျက်ရှိကြောင်း တွေ့ရှိရပါသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေပြုစာရင်း ဇယား (၂) ၌
‘‘မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေး’’ ဟုသာ ပါရှိပြီး
အထက်ပါရွာမြေ မြို့မြေစီမံခန့်ခွဲမှုလုပ်ငန်း လုံးဝပါဝင်မှုမရှိ
ကြောင်း တွေ့ရှိရ၏။
"No Land No Plan" ဟူသည့် စကားအတိုင်း
*** ပြည်ထောင်စုအစိုးရ၏ ရွာမြေမြို့မြေစီမံခန့်ခွဲမှုမူဝါဒနှင့်
လမ်းညွှန်မှုဘောင်အတွင်းမှသာလျှင် တိုင်းဒေသကြီးအစိုးရ
အဖွဲ့သည် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ
ကို ဆောင်ရွက်ခွင့်ရှိကြောင်း အလွန်ထင်ရှားပါသည်။
တိုင်းဒေသကြီးအစိုးရ၏သဘောထားသက်သက်ဖြင့် သီးခြား
ဆောင်ရွက်၍ မရနိုင်ဟူသော အချက်ကိုလည်း ဖွဲ့စည်းပုံ
အခြေခံဥပဒေအရ လက်ခံရမည် ဖြစ်ပါသည်။ ***
တစ်ဖန် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၂၅ တွင်
တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရသည်
‘‘ပြည်ထောင်စုအစိုးရက ချမှတ်ထားသည့် မူဝါဒများနှင့်
သော်လည်းကောင်း၊ ပြည်ထောင်စုဥပဒေများနှင့်သော်
လည်းကောင်း မဆန့်ကျင်စေဘဲ တိုင်း ဒေသကြီး
(သို့မဟုတ်) ပြည်နယ်အတွင်း အကောင်အထည်ဖော်
ဆောင်ရွက်မည့်လုပ်ငန်းများနှင့် စပ်လျဉ်းသည့်စီမံကိန်း
များကို သက်ဆိုင်ရာတိုင်းဒေသကြီး (သို့မဟုတ်)
ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ဖြင့် အကောင်
အထည် ဖော်ရမည်’’ ဟူသော ပြဋ္ဌာန်းချက်ပါရှိပါသည်။
ပြည်ထောင်စုအစိုးရက ချမှတ်သည့် မူဝါဒနှင့်
မဆန့်ကျင်ရဆိုခြင်းမှာ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း
ပြည်ထောင်စုဥပဒေဇယားပြဋ္ဌာန်းချက်အရ ချမှတ်သည့်
မူဝါဒများကို အဓိကဆိုလိုကြောင်း အထူးပြောရန်လိုမည်
မထင်ပေ။
ထို့အပြင် * ‘‘လုပ်ငန်းများနှင့်ပတ်သက်သည့် စီမံကိန်း’’ဟု
အတိအကျဖော်ပြထားသဖြင့် ရန်ကုန်မြို့သစ်စီမံကိန်းနှင့်
ပတ်သက်၍ အကောင်အထည်ဖော်ရမည့် လုပ်ငန်းပုံစံများ
ပါဝင်သော ပင်မစီမံကိန်းပုံစံ (Master Plan) ကိုသာမက
လုပ်ငန်းများ၏ အသေးစိတ်စီမံကိန်းပုံစံ (Detailed Plan)
ကိုပါ တိုင်းဒေသကြီးလွှတ်တော်၏ အတည်ပြုချက်ရယူရန်
လိုအပ်သည်မှာ ထင်ရှားလှပေသည်။ *
ဤပြဋ္ဌာန်းချက်များကို အပြည့်အဝလိုက်နာဆောင်ရွက်မှ
သာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မည်
ဖြစ်ပြီး လိုက်နာဆောင်ရွက်မှုမရှိလျှင် ဥပဒေဘောင်
ကျော်နေသော စီမံကိန်းတစ်ရပ်အဖြစ်သာ
ရှုမြင်နိုင်မည်ဖြစ်ပေသည်။
ဒုတိယအချက်မှာ ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ စီးပွားရေး
မြို့တော်ဖြစ်သည့်အပြင် လူဦးရေအများဆုံးမြို့ကြီးလည်း
ဖြစ်ပါသည်။ ဤကဲ့သို့သော မြို့ကြီးတွင် မြို့သစ်စီမံကိန်း
တစ်ရပ် အကောင်အထည်ဖော်မည်ဆိုလျှင် ပြည်ထောင်စု၏
အခြားနယ်မြေဒေသ အားလုံးအပေါ် အကျိုးသက်ရောက်မှု
ရှိမည်ဖြစ်၍ ပြည်ထောင်စုအစိုးရ၏ စီမံကိန်းအတည်ပြုချက်
ကို ရှေးဦးစွာရယူရန် လိုအပ်မည်ဖြစ်ပါသည်။ စီမံကိန်း
အတည်ပြုချက်ဆိုသည်မှာလည်း သဘောတူညီချက်ရယူခြင်း
သက်သက်ကို ဆိုလိုခြင်းမဟုတ်ပါ။ ပြည်ထောင် စုအဆင့်ရှိ
ကျွမ်းကျင်မှုပညာရှင်များက ဘက်စုံဝိုင်းဝန်းသုံးသပ်ပြီးမှ
အတည်ပြုချက်ရရှိသော စီမံကိန်းပုံစံကိုသာ ဆိုလိုခြင်း
ဖြစ်ပါသည်။
တတိယအချက်မှာ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းနှင့်ပတ်သက်၍
မြန်မာနိုင်ငံတွင် ဥပဒေ၊ နည်းဥပဒေများ မရှိသေးကြောင်း
တွေ့ရှိရပါသည်။ ဤလိုအပ်ချက်ကို ဖြည့်ဆည်းရန်
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မြို့ပြနှင့်ဒေသဖွံ့ဖြိုး ရေး
စီမံကိန်းဥပဒေ (မူကြမ်း) တစ်ရပ်ကို ရေးဆွဲပြီး ဒုတိယ
အကြိမ် ပြည်သူ့လွှတ်တော်သို့ အမြန်ဆုံးတင်သွင်းနိုင်ရန်
စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အခိုင်အမာသိရှိရ၏။
ဤဥပဒေမူကြမ်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ
သို့လည်း ပေးပို့၍ အကြံပြုချက်များအရ အကြိမ်ကြိမ်
ပြင်ဆင်ရေး ဆွဲခဲ့ခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ
လည်း သိရှိပြီးဖြစ်ပေရာ * ယခုကဲ့သို့ အစိုးရသက်တမ်း
မကုန်မီ တင်ဒါရွေးချယ်သော အဆင့်ပြီးမြောက်အောင်
အမြန်ဆောင်ရွက်ခြင်းမှာ အဆိုပါ ဥပဒေမထွက်မီ
‘‘တင်ဒါကို ရွေးစာချုပ်ပေး’’ လိုသည့်ဆန္ဒများ အထူးပြင်းပြ
နေသည်ဟု ဆိုဖွယ်ရာဖြစ်နေ၏။ *
စတုတ္ထအချက်မှာ
* မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် မြို့ပြစီမံကိန်း
များကို နိုင်ငံတော်အစိုးရကသာ တာဝန်ယူရေးဆွဲခဲ့ပါသည်။
လက်တွေ့တာဝန်ယူဆောင်ရွက်မည့် အဖွဲ့အစည်းနှင့်တကွ
နိုင်ငံတကာအဆင့်မီ ပညာရှင်များကိုပါ လေ့ကျင့်
ပျိုးထောင်၍ စနစ်တကျဖွဲ့စည်းထားပြီးဖြစ်၏။ *
- ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရ လက်ထက်တည်ဆောက်
သည့် တောင်ဥက္ကလာပ၊ သာကေတနှင့် မြောက်ဥက္ကလာပ
မြို့သစ်စီမံကိန်း၊
- မဆလခေတ် ၁၉၆၃ ခုနှစ်တွင်တည်ဆောက်သော
သုဝဏ္ဏမြို့သစ်စီမံကိန်း၊
- နအဖအစိုးရခေတ် ၁၉၉၀ ပြည့်နှစ်မှ ၁၉၉၅ ခုနှစ်အတွင်း
တည်ဆောက်ခဲ့သည့် ဒဂုံမြို့သစ်လေးမြို့နယ်၊ ရွှေပြည်သာ
မြို့သစ်၊ လှိုင်သာယာမြို့သစ်နှင့် ရွှေပေါက္ကံမြို့သစ်စသည့်
မြို့သစ်စီမံကိန်းများအားလုံးကို နိုင်ငံတော် အစိုးရကပင်
တာဝန်ယူရေးဆွဲခဲ့ ခြင်းဖြစ်ပါသည်။ ထိုနည်းတူစွာနယ်စပ်
ဒေသများနှင့်တကွ အခြားသော တိုင်းဒေသကြီးနှင့်
ပြည်နယ်များတွင်လည်း မြို့သစ်ပေါင်းရာနှင့်ချီ၍ရေးဆွဲ
ပေးနိုင်ခဲ့ကြောင်း တွေ့ရှိရပါသည်။ နောက်ဆုံး
‘‘နေပြည်တော်မြို့သစ်’’စီမံကိန်းကိုပါ အစိုးရအဖွဲ့အစည်း
ကပင် တာဝန်ယူရေးဆွဲပြီး ပုဂ္ဂလိကကုမ္ပဏီများအား
အကောင်အထည်ဖော်စေခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိနိုင်၏။
* မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသည့်အချိန်မှ မျက်မှောက်
အချိန်ကာလအထိ ပြင်ပပုဂ္ဂလိကကုမ္ပဏီများအား မြို့ပြ
စီမံကိန်းရေးဆွဲသော တာဝန်ကိုလုံးဝပေးအပ်ခဲ့ခြင်း
မရှိခဲ့ပေ။ မျက်မှောက်ကာလတိုင်အောင် ထိုကဲ့သို့
ရေးဆွဲနိုင်သော ကျွမ်းကျင်မှုရှိသည့် ပညာရှင်များလည်း
ပုဂ္ဂလိကကုမ္ပဏီများ၌ လုံးဝမရှိသေးကြောင်း
တွေ့ရှိနိုင်၏။ *
* လက်ရှိရွေးချယ်ထားသော ကုမ္ပဏီသုံးခုသည်
မြို့သစ်ဟူ၍ အရွယ်သေး သေးမြို့ငယ်လေးတစ်မြို့မျှကို
ပင် တည်ဆောက်ဖူုးသည့် အတွေ့အကြုံရှိကြောင်း
မကြားရ၊ မသိရပေ။
အခြားသော အာဆီယံနိုင်ငံများ၌လည်း
မြို့သစ်စီမံကိန်းရေးဆွဲခြင်းလုပ်ငန်းကို အစိုးရပညာရှင်များ
ပါဝင်သော အဖွဲ့အစည်းမှ အစိုးရကိုယ်စား တာဝန်ယူ
ရေးဆွဲ ခြင်း (သို့မဟုတ်) အစိုးရပညာရှင်အဖွဲ့အစည်းနှင့်
ပြင်ပပညာရှင်အဖွဲ့များ ပူးပေါင်းရေးဆွဲခြင်းဟူသော
နည်းလမ်းနှစ်သွယ်ကိုသာ ကျင့်သုံးကြောင်း၊
အတွေ့အကြုံလုံးဝမရှိသည့် ပုဂ္ဂလိကကုမ္ပဏီကို
အကောင်အထည်ဖော်မှုတာဝန်မျှပင် ပေးအပ်မှု
မရှိကြောင်း လေ့လာတွေ့ရှိရပါသည်။ *
ပဉ္စမအချက်မှာ ရန်ကုန်မြို့သစ်စီမံကိန်းသည် မြန်မာနိုင်ငံ
မြို့ပြဖွံ့ဖြိုးရေးသမိုင်းတွင် မကြုံစဖူးထူးထူးကဲကဲ
ဖောက်လှဲဖောက်ပြန် ဖြစ်စဉ်များရှိခဲ့သော စီမံကိန်းဖြစ်၏။
* မြို့တည်မည်ဟု မကြေညာမီကပင် လယ်မြေများကို
တရုတ်များအပါအဝင် မြေလှောင်ဈေးကစားသူ
(Speculators)များ က လက်သိပ်ထိုး၍ လက်ဝါးကြီးအုပ်
ဝယ်ယူထားပြီးဖြစ်ကြောင်း သိရှိရ၏။
စီမံကိန်းဆိုင်းငံ့ခံရသောအခါ အဆိုပါအုပ်စုမှာ
မျက်ကလဲဆန်ပျာ ဖြစ်ကုန်၏။ မြေဈေးထိုးကျ၍
ပလုံစွက်ဖြစ်သွားသော ငွေများကို ပြန်လည်တူးဖော်ရရှိရန်
နည်းမျိုးစုံ (Sinking Fund DiggingMeasures) ဖြင့်
ကြိုးစား ကြကုန်၏။ *
စီမံကိန်းကို ပြန်လည်အသက်သွင်းမည့် အစီအစဉ်များ
ကိုလည်း အစိုးရက ပြန်လည်ဖော်ထုတ်လာ၏။ ဒေသခံ
ပြည်သူများ၏ ဆန္ဒထုတ်ဖော်မှုများလည်း ယှဉ်တွဲပေါ်ပေါက်
လာ၏။ အမှန်အားဖြင့် မြို့ သစ်စီမံကိန်းဟူသည့် ဖွံ့ဖြိုးဆဲ
နိုင်ငံများတွင် အိမ်ရာမဲ့ပြည်သူများအား နေရာချထားနိုင်ရေး
ကို အဓိကဦးတည်၍ အကောင်အထည်ဖော်ပေးခြင်း
ဖြစ်ပါသည်။
ကျွဲကူးရေပါဆိုသကဲ့သို့ ရွေးချယ်သော နေရာရှိဒေသခံများ
လည်း ဖွံ့ဖြိုးရေး အကျိုးကျေးဇူးခံစားခွင့် ရရှိမည်သာ
ဖြစ်ပါသည်။ ထို့အပြင် ၎င်းတို့၏ နေအိမ်၊ မြေ၊ လယ်ယာ၊
သီးနှံစသည်များ သိမ်းဆည်းခံရခြင်းအတွက် ဥပဒေနှင့်
အညီလျော်ကြေးများ ပေးအပ်ရမည်ဖြစ်ပါသည်။
ဆဋ္ဌမအချက်မှာ ဒေသခံပြည်သူများအား လျော်ကြေးအဖြစ်
မြေတစ်ဧကလျှင် (၄၀ ပေ × ၆၀ ပေ) အကျယ်အဝန်းရှိ
မြေကွက်နှစ်ကွက်နှင့် တိုက်ခန်းတစ်ခန်းပေးမည်ဟူသော
အချက်နှင့်ပတ်သက်၍ နောင်တွင် အလားတူ မြေယာ
အတွက် လျော်ကြေးပေးရမည့် စီမံကိန်းများ အများအပြား
ရှိမည်ဖြစ်သဖြင့် လျော်ကြေးပမာဏများကိုသာမက
ပေးချေမှုပုံစံကိုပါ ကျယ်ပြန့်စွာစဉ်းစားဆုံးဖြတ်သင့်ပါသည်။
* လက်ရှိမြေကွက်များ ပေးအပ်ခြင်းသည်
လယ်သမားမြေကိုရင်း၍ ငါးကြင်းဆီနှင့် ငါးကြင်းကြော်သည့်
သဘောသာဖြစ်၏။ *
မြို့မြေဖော်ထုတ်ရာတွင်တည်ဆဲဥပဒေနှင့် စံနှုန်းများအရ
တစ်ဧကလျှင် (၄၀ ပေ × ၆၀ ပေ) အကျယ် အိမ်ရာ
မြေကွက် ၁၀ ကွက် ရရှိမည်ဖြစ်ရာ နှစ်ကွက်ကိုသာ
သက်ဆိုင်ရာလယ်သမားအတွက် ပြန်လည်ရရှိသဖြင့်
ဧက ၃၀,၀၀၀ အတွက် အကွက်ပေါင်း ၆၀,၀၀၀ သာ
ရရှိမည်ဖြစ်ပါသည်။
အဆိုပါ မြေကွက်ပေါင်း ၆၀,၀၀၀ ကို ဧရိယာဧကပြန်ဖွဲ့
လျှင် စုစုပေါင်း ၃,၃၀၅ ဧကသာ ပြန်ရမည်ဖြစ်၍
လယ်မြေဧက ၃၀,၀၀၀ ၏ ၁၁ ရာခိုင်နှုန်းမျှကိုသာ
လယ်သမားအတွက် အိမ်ရာမြေပြန်လည်အစား
ပေးအပ်ခြင်းဖြစ်ကြောင်း တွေ့ရှိရ ပေသည်။
တိုက်ခန်းဟူသည်မှာလည်း တည်နေရာအိမ်
ပုံစံနှင့် အကျယ်အဝန်းကို မသိရှိရသေးသည့်အပြင်
ရင်းနှီးမြှုပ်နှံသူက အကောင်အထည်ဖော်ခွင့်ရသော အိမ်ရာ
များနှင့် တစ်ပါတည်း ဆောက်လုပ်ပြီးစီးသည့် အရေအတွက်
မှ ခွဲဝေပေးရခြင်းဖြစ်၏။
* ထို့ကြောင့် ဤစီမံကိန်း၌ ရင်းနှီးမြှုပ်နှံသူသည်
မြေလျော်ကြေးကို ငွေသားအဖြစ် သီးခြားစိုက်ထုတ်ကျခံ
ပေးချေရန်မလိုသော အခွင့်ကောင်းတစ်ခုရရှိထားကြောင်း
လည်း တွေ့ရှိရ၏။ *
သတ္တမအချက်အားဖြင့် တံတားငါးစင်းတွင် လှိုင်မြစ်ကူး
တံတားသုံးစင်းအထိ ပါဝင်ပြီး ဗားကရာနှင့် ဆက်သွယ်
သောတံတားကို ပန္နက်တင်တော့မည်ဟုလည်း သိရှိရ
ပြန်၏။ အစိုးရသက်တမ်းကုန်ဆုံးခါနီး ဒရောသောပါး
ဆောင်ရွက်နေသည့်ပုံစံမှာ အလွန်သိသာ ပေါ်လွင်
နေ၏။ စီမံကိန်းမဖျက်ရေးအတွက် ပန္နက်ပေးလိုက်ခြင်း
ဟု ဆိုနိုင်၏။
*** ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဇယား (၁)နှင့်
(၂) တွင် ပြည်ထောင်စုအစိုးရတည်ဆောက်ရမည့်
တံတားနှင့် တိုင်းဒေသကြီးအစိုးရက တည်ဆောက်နိုင်သော
တံတားဟု ခွဲခြားထား၏။
ပေ ၂၀၀ အထက်ရှိသော တံတားများကို
ပြည်ထောင်စုအစိုးရ ဆောက်လုပ်ရေးဝန်ကြီးဌာနကသာ
တာဝန်ယူဆောက်လုပ်ရမည်ဟု သတ်မှတ်ချက်ရှိကြောင်း
သိရှိရ၏။ ***
လက်ရှိတံတားမှာ ပေပေါင်းထောင်ချီ၍ ရှည်လျားမည်ဖြစ်၏။
တံတားအတွက် မြေစမ်းသုတေသနပြုလုပ်ခြင်း၊
လမ်းအူကြောင်းတိုင်းတာရွေးချယ်ခြင်းအပါအဝင် ဖြစ်နိုင်ခြေ
တွက်ချက်မှု (Feasibi-lity Study) ကို ပြုလုပ်ပြီးစီးခြင်း
ရှိ၊ မရှိ ပွင့်လင်း မြင်သာမှုလည်း မရှိပေ။
- တံတားပုံစံကို မည်သည့်အဖွဲ့အစည်းက တာဝန်ယူ၍
ရေးဆွဲပါသနည်း၊
- ပြည်ထောင်စုအစိုးရဝန်ကြီးဌာနက တည်ဆောက်ရန်
သတ်မှတ်သော တံတားကို ပုဂ္ဂလိကသို့ အပ်နှံခြင်းဖြင့်
ဥပဒေ ဘောင်ကျော်ရုံမျှမက
- တံတားကြံ့ခိုင်မှုနှင့် ပြည်သူများ ဘေးအန္တရာယ်
ကင်းရှင်းစွာ ဖြတ်သန်းသွားလာရေးကို အနာဂတ်တွင်
မည်သူတာဝန်ယူမည်နည်း။
- အစိုးရသစ်လက်ထက်မှ တည်ဆောက်မှုလုပ်ငန်းကို
စတင်မည်ဆိုလျှင် ထိုအခါမှ ပန္နက်တင်ခြင်းသည်သာ
သဘာဝကျမည်မဟုတ်ပါလောဟု စောကြောဖွယ်ရာ
အချက်များ ရှိနေ၏။
* နိုင်ငံအတွက် အရေးကြီးသော မြို့သစ်စီမံကိန်းများနှင့်
တကွ တံတားစီမံကိန်းများကို နည်းမှန်လမ်းမှန်
ဥပဒေစည်းကမ်းနှင့်အညီ စနစ်တကျဖြစ်ထွန်းစေလိုပါသည်။
* အထပ်မြင့်အိမ်ရာများ၊ ဘိုးဘွားရိပ်သာ၊ တန်ဖိုးနည်းအိမ်ရာ၊
တံတားနှင့် ပြတိုက်များကို လုံးထွေးပြီး သွားရည်ယို၍ မဖြစ်ပါ။
* စီမံကိန်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး၊ နိုင်ငံတော်မှ ထည့်ဝင်ရသော
မြေတန်ဖိုး၊ ကုမ္ပဏီများရရှိမည့် အကျိုးအမြတ်နှင့်
နိုင်ငံတော်မှ ရရှိမည့် အကျိုးအမြတ်အချိုးကို စီးပွားရေး
ရှုထောင့်မှပါ အသေးစိတ်တွက်ချက်ရန် လိုအပ်၏။
* သက် တမ်းကုန်ဆုံးတော့မည့် အစိုးရ၏ ဇီဝိန်ကြွေအံ့မူးမူး
ဖွားမြင်ခဲ့သော ‘‘နေဝင်လက်ဆောင်စီမံကိန်း’’ ကို စနစ်တကျ
အချိန်ယူ၍ ထိန်းချုပ်စိစစ်မှုမရှိလျှင် နိုင်ငံ့အကျိုး စီးပွား
အဟောသိကံဖြစ်မှု အမှောင်ထုအတွင်း တိုးဝင်သွားမည်ကို
လွန်စွာ စိုးရိမ်ဖွယ်ဖြစ်၏။
* အစိုး ရသစ်အနေဖြင့် အမြန်ဆုံးပြန်လည်သုံးသပ်ပြီး
ရပ်ဆိုင်းသင့်၊ မသင့်ကိုပါ ပြတ်ပြတ်သားသား ဆုံးဖြတ်
ဆောင်ရွက်ရန် အထူးလိုအပ်သော စီမံကိန်းဖြစ်ကြောင်း
အသိပေးနှိုးဆော်လိုက်ရပါသတည်း။
(မြင့်မိုရ်ဆွေ)
***
၂။ "ရန်ကုန်မြို့သစ်စီမံကိန်းမှ လယ်မြေများ တစ်ဧက
ကျပ်သိန်း ၂၀၀ မှ ၃၀၀ အတွင်း အရောင်းအ၀ယ်ဖြစ်နေ"
ရန်ကုန်မြို့သစ်စီမံကိန်းတွင် ပါဝင်သော လယ်မြေ
အများစုသည် တစ်ဧကလျှင် ကျပ်သိန်း ၂၀၀ မှ ၃၀၀ ကြား
အရောင်းအ၀ယ်ဖြစ်နေကြောင်း ဒေသခံများထံမှ
သတင်းရရှိသည်။
စီမံကိန်း ဧရိယာ အတွင်းရှိ လယ်သမားအများစုသည်
ကုမ္ပဏီမှပေးမည့် လျော်ကြေးကို စောင့်ဆိုင်းရယူလိုခြင်း မရှိ၍
ဝယ်ယူလိုသူ လာရောက်သည်နှင့် ချက်ချင်း ရောင်းချနေသည့်
အခြေအနေ များ ဖြစ်ပေါ်နေကြောင်း ကြည့်မြင် တိုင်
တစ်ဖက်ကမ်း တမာတကောရွာမှ လယ်မြေလေးဧက ပိုင်ရှင်
ဦးစောလှထွန်းကပြောသည်။
‘‘စီမံကိန်း ကျိန်းသေသွားတော့ လာပြီး ၀ယ်ရဲသွားကြတယ်။
ရွာသားတွေ တော်တော်များများ လက်ထဲမှာ လယ်မြေတွေ
နည်းလာပြီ’’ဟု ၎င်းကဆိုသည်။
ရန်ကုန်မြို့သစ်စီမံကိန်း စတင်မည့် မြေဧက သုံးသောင်း
ကျော်တွင် ရွာပေါင်း ၂၀ ကျော်ရှိသည်။ အမှန်တကယ်
လယ်လုပ်သော လယ်သမား အနည်းငယ်ရှိသည့် ရွာ ၁၂ ရွာ
သာ ကျန်ရှိကြောင်း ရန်ကုန်အနောက်တောင် ဖွံ့ဖြိုးတိုးတက်
ရေးကော်မတီ အတွင်းရေးမှူး ဦးခင်မောင်သန့် ကပြောသည်။
‘‘ရွာတော်တော်များများက နာဂစ်ပြီးကတည်းက လယ်တွေ
မလုပ်တာ တော်တော်များလာတာ’’ဟု ၎င်းကဆိုသည်။
အလတ်ချောင်း၊ တမာတကောနှင့် ၀ါးရုံဆိပ်ကျေးရွာများတွင်
လယ်မြေ၀ယ်ယူသူများ နေ့စဉ်ရှိနေပြီး အချို့မှာ လူနေအိမ်
အိမ်အများစုကိုပင် ၀ယ်ယူရန် စုံစမ်းမေးမြန်းမှုများ ရှိနေ
ကြောင်း ဒေသခံများက ဆိုသည်။
‘‘ကုမ္ပဏီဘက်က လျော်ကြေးအဖြစ် လယ်တစ်ဧကကို
၄၄×၁၀၀ ပေ ဖွံ့ဖြိုးပြီး မြို့ပြဂရန်မြေနှစ်ကွက်
ဓာတ်လှေကားပါ တိုက်ခန်းတစ်ခန်းရမယ် ဆိုပေမယ့်
ငွေမြန်မြန် ပေါ်စေချင်လို့ တချို့က တော်တော်များများ
ရောင်းပြီးပြီ’’ဟု တမာတကောရွာမှ
လယ်သမားတစ်ဦးက ဆိုသည်။
ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က
စီမံကိန်းဝင်မြေနေရာများကို မြေသိမ်းမိန့် ထုတ်ပြန်ထား
သဖြင့် ဒေသခံများက လျော်ကြေးမရမည်ကို စိုးရိမ်၍
အမြန်ဆုံး ထုတ်ရောင်းနေကြသည်များလည်း ရှိကြောင်း
၎င်းက ဆိုသည်။
မြေသိမ်းအမိန့် ထုတ်ပြန်ခြင်းသည် အစိုးရဘက်က မြို့မြေ
အဖြစ် သတ်မှတ်ရန်လုပ် ထုံးလုပ်နည်းအရသာ လုပ်ဆောင်
ခြင်း ဖြစ်ပြီး ဒေသခံများနှင့် ကုမ္ပဏီများအကြား
သတ်မှတ်ထားသည့် လျော်ကြေးရရှိရန် သဘောတူထား
ကြောင်း ရန်ကုန်အနောက်တောင် ဖွံ့ဖြိုးတိုးတက်ရေး
ကော်မတီ အတွင်းရေးမှူးက ရှင်းပြသည်။
ရန်ကုန်မြို့သစ်စီမံကိန်းဝင် လယ်ပိုင်ရှင် လယ်သမားတစ်ဦး
လျှင် တိုက်ခန်း တစ်ခန်းနှင့် ၄,၄၀၀ စတုရန်းပေ အကျယ်
မြေနှစ်ကွက် လျော်ကြေးပေးရန် ကုမ္ပဏီနှင့် ညှိနှိုင်းမှုရရှိ
ထားကြောင်း ရန်ကုန်အနောက်တောင်ဒေသ ဖွံ့ဖြိုးတိုးတက်
ရေးအဖွဲ့က ကနဦးသတင်းများ ထုတ်ပြန်ထားသည်။
ယခုကဲ့သို့ စီမံကိန်းဝင်လယ်မြေများ အရောင်းအ၀ယ်
ကြီးထွားနေချိန်တွင် အစိုးရဘက်မှ မြို့မြေ မှတ်ပုံတင်ခြင်းမျိုး
ကို မြန်ဆန်စွာ ပြုလုပ်စေခြင်း၊ ကုမ္ပဏီများဘက်က လယ်မြေ
များကို ဈေးဖြတ်ဝယ်ယူလာနိုင်ခြင်းတို့ရှိနိုင်၍ မြေယာ ကိစ္စကို
စနစ်တကျ စီမံခန့်ခွဲသင့် ကြောင်း မြို့ပြစီမံကိန်းပညာရှင်
ဦးဝင်းမြင့်က ဆိုသည်။
အဆိုပါစီမံကိန်းတွင် လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီသုံးခုက
ရန်ကုန်နှင့် လမ်းပန်းဆက်သွယ် ရေး မြန်ဆန်စေရန်
တံတားငါးစင်းနှင့် လူနေတိုက်ခန်း သုံးသောင်းကျော် ပါဝင်
မည်ဖြစ်ပြီး စီမံကိန်း ရုပ်လုံးပေါ်ရန် ဆယ်နှစ်ခန့် အချိန်ယူ
တည်ဆောက်ရမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့
က ခန့်မှန်းထားသည်။
ဝေဖန်ကန့်ကွက်မှုများကြောင့် ရပ်ဆိုင်းလိုက်ရသည့်
ရန်ကုန်မြို့သစ်စီမံကိန်းကို ၂၀၁၆ နှစ်လယ်တွင် ပြန်လည်
စတင်မည်ဖြစ်သဖြင့် ဆက်သွယ်ရေးလမ်းကြောင်းများ
ပြန်လည်ဖွင့်လှစ်ရန် ဗားကရာနှင့် အလတ်ချောင်းကျေးရွာ
ကို ဆက်သွယ်မည့် မြစ်ကူးတံတားကို ယခုလတွင် စတင်
တည်ဆောက်မည်ဖြစ်သည်။
(မိုးညို)
credit - 7day Daily
No comments:
Post a Comment