Sunday, March 13, 2016

“NLD အစိုးရသစ်ကို ဂျပန်က ကူညီထောက်ပံ့ရန် စီစဉ်နေသည် ဆိုသော သတင်းနှင့် ကွက်ကျားမိုး ရွာနေသော အိမ်ခြံမြေ”

“NLD အစိုးရသစ်ကို ဂျပန်က ကူညီထောက်ပံ့ရန်
စီစဉ်နေသည် ဆိုသော သတင်းနှင့် ကွက်ကျားမိုး
ရွာနေသော အိမ်ခြံမြေ”


၁။ "မြန်မာကို ဂျပန်ယန်း ဘီလီယံ ၁၀၀ ကူညီ
ထောက်ပံ့ရန် စီစဉ်"

ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံချက်ကို တုံ့ပြန်မှု
အဖြစ် *မြို့ပြစီမံကိန်း ရေးဆွဲရေးနဲ့ အခြေခံအဆောက်အဦ
တွေ တည်ဆောက်ခြင်း*လို အကြီးစား အကူအညီပေးရေး
ကိစ္စကို ဂျပန်အစိုးရက စဉ်းစားနေတယ်လို့
ဂျပန်တိုင်းမ်သတင်းက ဆိုပါတယ်။

အစိုးရသတင်းရပ်ကွက်ကို ကိုးကားရေးသားရာမှာ
လာမယ့်ဧပြီလမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ
ဖွဲ့စည်းတဲ့အခါ တရားဝင်ဖွံ့ဖြိုးရေးအကူအညီအဖြစ် ချေးငွေနဲ့
ထောက်ပံ့ငွေ စုစုပေါင်း ဂျပန်ယန်းငွေ ဘီလီယံ ၁၀၀ ကူညီ
သွားရေးကို ဂျပန်က စီစဉ်နေတယ်လို့ ဆိုပါတယ်။

ဧပြီလဆန်း အစိုးရဖွဲ့စည်းအပြီး ဒီကိစ္စကို ဇွန်လ၀န်းကျင်မှာ
အသေးစိတ် ဆွေးနွေးလိုတယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂ၀င် နိုင်ငံတွေဟာ
စစ်ကောင်စီလက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က
ရပ်တည်ထောက်ခံခဲ့ကြပြီး တရုတ်နိုင်ငံက စစ်ကောင်စီ
ဘက်က ရပ်ခဲ့ပါတယ်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ အထူးအကြံပေး
ဟီရိုတိုအီဇူမီ မြန်မာပြည်ကို ဖေဖော်ဝါရီလမှာ လာရောက်
လည်ပတ်စဉ် ဒေါ်အောင်ဆန်းစုကြည်က ဂျပန်အကူအညီ
ကို မေတ္တာရပ်ခံခဲ့တာလို့ ဆိုပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်
ဟာလာမယ့်အစိုးရသစ်မှာ နိုင်ငံအကြီးအကဲ မဖြစ်ပေမယ့်
လည်း ဂျပန်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို
အစိုးရသစ်ရဲ့ တကယ့်ခေါင်းဆောင်အဖြစ် အသိအမှတ်
ပြုတယ်ဆိုတာကို မစ္စတာအီဇူမီက ဒေါ်အောင်ဆန်းစုကြည်
ကို ပြောခဲ့တယ်လို့ သတင်းရပ်ကွက်က ပြောပါတယ်။

ဂျပန်ရဲ့ အိုဒီအေ စီမံချက်တွေဟာ အန်အယ်လ်ဒီက
စီးပွားရေးတိုးတက်ဖို့အတွက် ဦးစားပေးလုပ်မယ့် လျှပ်စစ်
ဓာတ်အားနဲ့ ရန်ကုန်ဧရိယာတွင်း သယ်ယူပို့ဆောင်ရေး
အခြေခံအဆောက်အအုံတွေ တိုးတက်ကောင်းမွန်ရေးတွေ
ပါဝင်ဖွယ်ရှိပါတယ်။

***

၂။ "ကန်ထရိုက်တိုက် ဆောက်လုပ်ခွင့် လျှောက်ထားမှု
ပြန်များလာ"

ကန်ထရိုက်တိုက်နှင့် ၁၂ ထပ်အောက် အထပ်မြင့်တိုက်
ဆောက်လုပ်ခွင့် လျှောက်ထားသူအရေအတွက်မှာ ယခုလ
အတွင်း ၄၀ ရာခိုင်နှုန်းခန့် ပြန်လည်မြင့်တက်လာခဲ့ကြောင်း
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်(၆)
ဦးဌေးအောင်က ပြောသည်။

အစိုးရ အပြောင်းအလဲနှင့်အတူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ
ဝင်ရောက်မှုနှုန်းမြင့်တက်နိုင်သည့် အခြေအနေကြောင့်
လုပ်ငန်းရှင်အချို့ ကြိုတင်ပြင်ဆင်လာကြသည့်အတွက်
ကန်ထရိုက် အဆောက်အအုံဆောက်လုပ်မှု အရေအတွက်
ပြန်တက်လာခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဆောက်လုပ်ရေး
လုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်သည့် ဦးဌေးအောင်က
ဆိုသည်။

‘‘အထပ်မြင့် အဆောက်အအုံဆောက်လုပ်ခွင့်က
ကျွန်တော်တို့ကော်မတီအီးစီအစည်းအဝေးမှာလည်း စိစစ်ဖို့
တင်လာတာ တော်တော်တက်လာတယ်။ သတိထားမိ
သလောက်ဆို ၄၀ ရာခိုင် နှုန်းလောက် တက်လာတာ။
အခု နောက်ပိုင်း မရမ်းကုန်းဘက်ကို ပိုပြီး ဆောက်လုပ်ရေး
အပိုင်းတွေ ပိုစိတ်ဝင်စားလာကြတယ်’’ဟု ၎င်းက
ပြောသည်။

ရန်ကုန်မြို့တွင်း အထပ်မြင့်အဆောက်အအုံ
ဆောက်လုပ်မှုနှင့်ပတ်သက်၍ ၁၂ ထပ်ခွဲအထိကို
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက စိစစ်ခွင့်ပြု
ပေးနေခြင်းဖြစ်ပြီး ယင်းအထပ်အရေအတွက်အထက်
ဆောက်လုပ်ခွင့်ကို အစိုးရအဖွဲ့က စိစစ်ခွင့်ပြုခြင်းဖြစ်သည်။

ထို့ကြောင့် အစိုးရအဖွဲ့က ဆုံးဖြတ်သည့် ၁၂ ထပ်ခွဲအထက်
အဆောက်အအုံဆောက်လုပ်ခွင့် ကို လုပ်ငန်းရှင်အများစုက
၎င်း တို့အားကျော်လွန်၍ အစိုးရအဖွဲ့သို့ တိုက်ရိုက်တင်
နေကြခြင်းကြောင့် ယင်း၏တိုးတက်မှုကို အတိအကျ
သိရှိရန်မလွယ်ကြောင်း ၎င်းက ဆိုသည်။

ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းများမှ ကန်ထရိုက်
အဆောက်အအုံ ဆောက်လုပ်မှုမှာ ၂၀၁၅ သင်္ကြန်အပြီး
ကာလမှစ၍ ကျဆင်းခဲ့ပြီး မိုးတွင်းကာလနှင့် ရွေးကောက်ပွဲရှိ
နေခြင်းကြောင့် ယင်းလုပ်ငန်းမှာ ကြာမြင့်စွာ ဆက်လက်ကျ
ဆင်းခဲ့သည်။

ဆောက်လုပ်ရေး လုပ်ငန်းများမှာ လက်ရှိတွင် ကောင်းမွန်
သည့် အခြေအနေရောက်ရှိရန် တာစူဆဲအဆင့်သာ
ရှိနေသေးပြီး သိသာသည့်တိုးတက်မှု ရောက်ရှိစေရေး
အချိန်ယူရန် လိုအပ်နေသေးသည်ဟု ဆောက်လုပ်ရေး
လုပ်ငန်းရှင် ဦးဉာဏ်သစ်လှိုင်က သုံးသပ်သည်။

‘‘ရှေ့ဆက်တော့ ကောင်းလာဖို့ ရှိပါတယ်။ အခုကတော့
ဆောက်လုပ်ရေးလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့အတွက် စည်ပင်ရဲ့
အထပ်အမြင့်ကန့်သတ်တဲ့ကိစ္စတွေကြောင့် တွင်ကျယ်သင့်
သလောက် မတွင်ကျယ်တဲ့ အခြေအနေတွေတော့
ရှိနေသေးတယ်’’ ဟု ၎င်းက ဆိုသည်။

(မိုးမင်း)

***

၃။ "ရန်ကုန်မြို့သစ်စီမံကိန်းကြောင့် လယ်မြေဈေးများ
ထိုးတက်"

ရန်ကုန်မြို့အနောက်ဘက် ပန်းလှိုင်မြစ်နှင့်တွံတေးတူးမြောင်း
ကြား လှိုင်မြစ်နှင့် လှိုင်သာယာ-တွံတေး ကားလမ်းကြား
မြေဧကသုံးသောင်း ခန့်တွင် အကောင်အထည်ဖော်
တည်ဆောက်မည့်ရန်ကုန်မြို့သစ်စီမံကိန်းကြောင့်
မြေဈေးများထိုးတက်သွားသည်။

ယခင်က လယ်တစ်ဧကလျှင် ကျပ်သိန်း ၁ဝဝ ဝန်းကျင်သာ
ဈေးရှိသော လယ်ကွက်များမှာ စီမံကိန်းပြုလုပ်မည်ဆိုသော
ကြောင့် ကျပ်သိန်း ၅ဝဝ အထိ ဈေးပေါက် လျက်ရှိသော်
လည်း ရောင်းချမည့် သူမရှိကြောင်း ဒေသခံများက
ပြောသည်။

''စီမံကိန်းပထမတစ်ခေါက် ပျက်သွားတုန်းက ဈေးတွေ
ပြန်ကျသွားတယ်။ အခုစီမံကိန်းဖြစ်တယ်ဆိုတော့ ဈေးတွေ
ပြန်တက်လာတယ်။ တစ်ဧကကို ကျပ်သိန်း ၁၅ဝ ကနေ
သိန်း၅ဝဝအထိပေါက်တယ်။ ဒါပေမဲ့ရောင်းမယ့် သူမရှိဘူး။
ဈေး ထပ်ပြီးတော့တက်မှာကို ဒေသခံ တွေကသိနေတယ်''
ဟု ရန်ကုန် အနောက်တောင်ဒေသဖွံ့ဖြိုး တိုးတက် ရေးအဖွဲ့
မှ အတွင်းရေးမှူး ဦးခင်မောင်ခန့်က ပြောသည်။

စီမံကိန်းတွင်တံတားကြီးငါးစင်းနှင့်တံတား ငယ်သုံးစင်း
ပါဝင်မည်ဖြစ်ပြီးတံတားများပြီးစီးပါက လယ်မြေဈေးများမှာ
သုံးဆခန့် မြင့်တက်လာနိုင်၍ မရောင်းချကြရန် အဖွဲ့က
ပညာပေး များလည်း လုပ်ဆောင်နေသည်ဟု ဆိုသည်။

ရန်ကုန်မြို့သစ်စီမံကိန်း ကို ကုမ္ပဏီသုံးခုက လုပ်ကိုင်ခွင့်
တင်ဒါ အောင်မြင်ထားပြီး ယခုလတွင်း အကောင်အထည်
ဖော်မည် ဖြစ်သည်။

(ရကောက်)

***

၎။ "ကော့မှူးမြို့နယ်တွင် မြေကွက်ဈေးတစ်နှစ်အတွင်း
အဆ ၃၀ ကျော် မြင့်တက်"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်၏မဲဆန္ဒနယ်ဖြစ်သော ရန်ကုန်တိုင်း
ဒေသကြီးတောင်ပိုင်း ကော့မှူးမြို့နယ်တွင် လမ်းမတန်းရှိ
မြေကွက် ဈေးနှုန်းများမှာတစ်နှစ်အတွင်း တစ်ဧကလျှင်
ငွေကျပ် ၁၀ သိန်းကျော်သာရှိခဲ့သော်လည်း လက်ရှိတွင်
တစ်ဧကပေါက်ဈေး သိန်း ၃၀၀ ကျော်အထိရှိနေသည်ဟု
ကော့မှူးမြို့ခံများက ပြောသည်။

"ကော့မှူးမြို့နယ်မှာ မြေဈေးတွေက နေ့စဉ်နဲ့အမျှကို
ဈေးတက်နေပါတယ်။ လမ်းမတန်းတွေမှာမြေတစ်ဧကကို
ပြီးခဲ့တဲ့နှစ်က ၁၀ သိန်းကျော်ခန့်ပဲ ဈေးရှိသေးပေမဲ့ အခုဆို
သိန်း ၃၅၀ ကျော်နဲ့အရောင်းအ၀ယ်ဖြစ်နေပါ တယ်"ဟု
ကော့မှူးမြို့ခံ ဦးကျော်လွင် အောင်က ပြောသည်။

ရန်ကုန်မြို့တွင်အိမ်ခြံမြေအရောင်း အ၀ယ်ဈေးကွက်
အေးနေသော်လည်း ကော့မှူး မြို့နယ်တွင် မြေဈေးနှုန်းမှာ
အတက်ဘက်သို့ သာ ဦးတည်နေပြီး နေ့စဉ်နီးပါး
မြေကွက်အရောင်းအ၀ယ်ဖြစ်နေသည်ဟု သိရသည်။

"ကော့မှူးမြို့နယ် လမ်းမတန်းပေါ်မှာ ၀ယ်ရောင်းလုပ်သူ
တစ်ယောက်က ဖေဖော်ဝါရီ လဆန်းက တစ်ဧကကျယ်တဲ့
မြေကွက်တစ်ကွက် ကို သိန်း ၃၀၀ နဲ့ ၀ယ်ပြီး လကုန်မှာ
ပြန်ရောင်းတာသိန်း ၅၀၀ တောင် ဈေးရတယ်။ ဒီမြို့နယ်
က မြေကွက်တွေကို ၀ယ်ရောင်းသမားတွေ စိတ်ဝင်စား
လာကြပြီး အ၀ယ်လိုက်လာကြတော့ တစ်နှစ်အတွင်း
မှာကို မြေဈေး သိသိသာသာ တက်လာတယ်" ဟု
ကော့မှူးမြို့မှ အိမ် ခြံမြေအကျိုးဆောင် ဦးမြင့်လွင်က
ပြောသည်။

ပြီးခဲ့သည့်နှစ်အတွင်း ကော့မှူးမြို့နယ်နှင့် အခြားမြို့နယ်များ
ဆက်စပ်အမြန်ကားလမ်းမများဖောက်လုပ်ခဲ့ရာ လမ်းပန်း
ဆက်သွယ်ရေး သိသိသာသာကောင်းမွန်လာသည့်နည်းတူ
အိမ်ခြံမြေ၀ယ်ရောင်းလုပ်သူများ ပိုမိုစိတ်ဝင် စားခဲ့သည်ဟု
သိရသည်။

"ကော့မှူးမြို့နယ်ရဲ့အဓိကလမ်းမကြီးတွေကို ကွန်ကရစ်လမ်း
တွေဖောက်လုပ်ပြီးချိန်မှာ ရင်းနှီးမြှုပ်နှံဖို့ မြေကွက်လာရောက်
ဝယ်ယူသူတွေ များလာ ကြတယ်။ မနှစ်တုန်းက ကော့မှူးမြို့
နဲ့ ဆက်စပ်နေတဲ့မြို့နယ်တွေနဲ့ လမ်းသစ်တွေဖောက်ခဲ့တော့
လမ်းပန်းဆက်သွယ်ရေးက သိသိသာသာကောင်း
လာပါတယ်။ ကော့မှူးနဲ့ တွံတေး ကို လမ်းသစ်ကသွားရင်
နာရီဝက်လောက်ပဲကြာတယ်။ တွံတေးကနေ လှိုင်သာယာကို
၁၅ မိနစ်လောက်နဲ့သွားနိုင်တော့ ပိုနီးသွားတာပေါ့"ဟု
ဦးမြင့်လွင်ကပြောသည်။

ရန်ကုန်၏ အနောက်တောင်ဘက်စွန်းတွင် ရှိသော ကော့မှူး
မြို့နယ်သည် ရန်ကုန်နှင့်ပဲခူး နယ်စပ်ရှိ အခြားမြို့နယ်များ
ကဲ့သို့ပင် လမ်းပန်း ဆက်သွယ်ရေးတိုးတက်ကောင်းမွန်လာ
သည်ဟုကော့မှူးမြို့ခံများက ပြောသည်။

ကော့မှူးမြို့နယ်တွင် လမ်းမတန်းမြေကွက်များသာ
အဆမတန်ဈေးမြင့်တက်နေသော်လည်းကျေးရွာများ
အတွင်းရှိ မြေကွက်များမှာ မူ ပေ ၈၀ ပတ်လည်ခန့်ကို
ကျပ် ၁၀ သိန်း မျှသာဈေးရှိသေးပြီး လာရောက်ဝယ်ယူခြင်း
များလည်း မရှိသေးကြောင်း ဒေသခံ အိမ်ခြံမြေ
အကျိုးဆောင်များက ပြောသည်။

"ကော့မှူးမြို့ခံတွေရော၊ ၀ယ်ရောင်းသမားတွေကပါကော့မှူး
မြို့နယ်က ဒေါ်အောင်ဆန်း စုကြည်ရဲ့ မဲဆန္ဒနယ်ဖြစ်တော့
အခုလို သူ့မှာလုပ်ပိုင်ခွင့်ရှိချိန်မှာ သူ့အကူအညီနဲ့
ကော့မှူးမြို့နယ်ရဲ့ အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုး
တိုးတက်လာမယ်လို့ အသေအချာ ယုံကြည်
နေကြတယ်"ဟု ဦးမြင့်လွင်က ပြောသည်။

ရန်ကုန် - ဒလ မြစ်ကူးတံတားတည်ဆောက်ပြီးစီးသွားပါက
ကော့မှူးနှင့် ရန်ကုန်အကြားလမ်းပန်းဆက်သွယ်ရေး ပိုမို
ကောင်းမွန်လာမည်ဟုလည်း ၎င်းက ပြောသည်။ အခြေခံ
အဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာ့ဘဏ်နှင့်
အီတလီအစိုးရ၏ ထောက်ပံ့ကြေးဖြစ်သောအမေရိကန်
ဒေါ်လာ သန်း ၄၈၀ နှင့် ယူရိုငွေသန်း၂၀ ကို အသုံးပြု ၍
လူထုဗဟိုပြုဖွံ့ဖြိုးမှုစီမံကိန်းကို ကျေးလက် ဒေသဖွံ့ဖြိုး
တိုးတက်ရေးဦးစီးဌာနက မြို့နယ်ပေါင်း ၆၀ တွင်
အကောင်အထည်ဖော်လျက်ရှိရာ ကော့မှူးမြို့နယ်လည်း
အပါအ၀င်ဖြစ် သည်။ ၂၀၁၂ ခုနှစ်မှ၂၀၂၁ ခုနှစ်အတွင်း
အကောင်အထည်ဖော်ဆောင်ရွက်မည့် အဆိုပါ
စီမံကိန်းတွင် ၂၀၁၆ ခုနှစ်အတွက် ရန်ကုန်တိုင်းဒေသ
ကြီးအတွင်း ကော့မှူး မြို့နယ်က ရရှိခဲ့သည်ဟု အဆိုပါ
ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ လူထုဗဟိုပြုစီမံကိန်းကြောင့် ကော့မှူးမြို့နယ်တွင်
အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာမည်
ဖြစ်သည်။

"မနှစ်တုန်းက ထန်းတပင်မြို့နယ်က လူထု ဗဟိုပြုဖွံ့ဖြိုးမှု
စီမံကိန်းရခဲ့ပြီး ကွမ်းခြံကုန်းမြို့နယ်က နောက်နှစ်အတွက်
ဒီစီမံကိန်းကို ရမယ်လို့ ရွေးချယ် ခံထားရပြီးသားပါ။
ကော့မှူးမြို့နယ်နဲ့ နီးစပ်တဲ့ မြို့နယ်သုံးမြို့နယ်ဆက်တိုက်
ဒီစီမံကိန်းကို ရတော့ ရန်ကုန်မြို့အစွန်းနားကဒီဧရိယာ
နားမှာ အခြေခံအဆောက်အအုံ တွေ ဖွံ့ဖြိုးတိုးတက်ပြီး
လမ်းပန်းဆက်သွယ်ရေး လည်း ကောင်းမွန်လာမှာပါ"ဟု
ကော့မှူးမြို့နယ် ရှာဖွားကျေးရွာအုပ်စု
ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးမျိုးမြင့်မောင်က ပြောသည်။

(တင်ရတနာထွန်း)

credit - DVB / 7day Daily / The Union Daily
& The Myanmar Times

No comments:

Post a Comment