Monday, March 7, 2016

“လုပ်ဆောင်ရန်ရှိသည့် ရန်ကုန်မြို့သစ်စီမံကိန်းနှင့် အနီးမှုန်၍ ပဲကြီးဟင်းစားခြင်း”

“လုပ်ဆောင်ရန်ရှိသည့် ရန်ကုန်မြို့သစ်စီမံကိန်းနှင့်
အနီးမှုန်၍ ပဲကြီးဟင်းစားခြင်း”


၁။ "ရန်ကုန်မြို့သစ်စီမံကိန်း ကြည့်မြင်တိုင်တဖက်ကမ်းတွင်
လုပ်ဆောင်ရန်ရှိ"

ရန်ကုန်မြို့သစ်စီမံကိန်းကို ကြည့်မြင်တိုင်တစ်ဖက်ကမ်း
တွံတေးမြို့နယ်နဲ့ ဆိပ်ကြီးခနောင်တို အပိုင်ထဲမှာရှိတဲ့
ဧက ၃၀၀၀၀ လောက်မှာ အကောင်အထည်ဖော်
လုပ်ဆောင်သွားမယ်လို့ ရန်ကုန်မြို့သစ်စီမံကိန်း၊
တင်ဒါစိစစ်ရေးအဖွဲ့ခေါင်းဆောင် ရန်ကုန်တိုင်းဒေသကြီး
သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက 
မြန်မာ့သတင်းစဉ်နဲ့ မေးမြန်းခန်းမှာ ပြောဆို
လိုက်ပါတယ်။
(၄င်းတွေ့ဆုံ မေးမြန်းခန်းအပြည့်အစုံကို
၂၇၊ ဖေဖေါ်ဝါရီလ ၊ ၂၀၁၆ ကြေးမုံသတင်းစာ၏ စာ-၅ တွင်
ဖတ်ရှုနိုင်ပြီး၊ အောက်ပါ link တွင်လည်း လေ့လာနိုင်ပါသည်။
https://www.facebook.com/TheMirrorDaily/posts/968588146567406:0          
“အိမ်ခြံမြေ လမ်းဆုံ”)

မြို့သစ်စီမံကိန်းလုပ်ပိုင်ခွင့်ရဖို့
- ရန်ကုန်အနောက်တောင် ဒေသဖွံ့ဖြိုးရေး အများနှင့်
သက်ဆိုင်သော ကုမ္ပဏီ၊
- Business Capital City Development Ltd၊
- ရွှေပုပ္ပားအပြည်ပြည်ဆိုင်ရာဆောက်လုပ်ရေး ကုမ္ပဏီ
လီမိတက်တို့ တင်ဒါသွင်းယှဉ်ပြိုင်ခဲ့တယ်လို့ သတင်းမှာ
ဖော်ပြထားပေမယ့် ဘယ်ကုမ္ပဏီ လုပ်ခွင့်ရသွားတယ်
ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ ပတ်သက်ပြီး တိုင်းအစိုးရအနေနဲ့
ပွင့်လင်းမြင်သာမှုရှိရှိ မလုပ်ခဲ့လို့  ပြီးခဲ့တဲ့ ရန်ကုန်တိုင်း
လွှတ်တော်အတွင်း ကန့်ကွက်မှုတွေ အကြီးအကျယ်
ထွက်ပေါ်ခဲ့ပါတယ်။

အဲ့ဒီမြို့သစ် စီမံကိန်းအကောင်အထည်ဖော်ဖို့
၁၀ နှစ်လောက် အချိန်ယူလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

***

(အထက်ပါ ‘‘ရန်ကုန်မြို့သစ်စီမံကိန်း” နှင့်ပတ်သက်၍
ကျိုးကြောင်းညီညွတ်စွာ ဝေဖန်ထောက်ပြထားသော
ဆရာ မြင့်မိုရ်ဆွေ ၏ “ဆောင်းပါးဟောင်း” တစ်ပုဒ်ကို
မိတ်ဆွေတို့ လေ့လာနိုင်ဖို့ရန် အနည်းငယ် ချုံ့ပြီး
တင်ပေးလိုက်ပါတယ်။)

၂။ "အနီးမှုန်၍ ပဲကြီးဟင်းစားခြင်း"

.......................................................................
.......................................................................
အမှန်အားဖြင့် ‘‘ရန်ကုန်မြို့သစ်စီမံကိန်း”သည်လည်း
ဗြုန်းစားကြီးပေါ်ပေါက်လာ၍ မိုးကျရွှေကိုယ်စီမံကိန်းဟုပင်
ခေါ်ဝေါ်သင့်သည်ဟု ထင်၏။ မြို့သစ်စီမံကိန်းဟူသည်
အိမ်ရာဖွံ့ဖြိုးရေးနည်းဗျူဟာများ (Housing Strategies)
အနက်မှ တစ်ခုဖြစ်၏။

အိမ်ရာဖွံ့ဖြိုးရေးစီမံကိန်းမှန်သမျှတွင် အဓိကအကျိုး
ခံစားရမည့်ပြည်သူများ (Target Group) ရှိစမြဲဖြစ်ပါသည်။
- တန်ဖိုးနည်းအိမ်ရာဟူသည် ဝင်ငွေနည်းပြည်သူများ
အတွက်လည်းကောင်း၊
- အိမ်ရာအဆင့်မြှင့်တင်ရေး (Upgrading Schemes)
ဟူသည် အဆင့်နိမ့်ကျနေသော ရပ်ကွက်များအတွက်
လည်းကောင်း၊
- အဆင့်မြင့်အိမ်ရာဟူသည် ဝင်ငွေအလယ်အလတ်နှင့်
ဝင်ငွေအဆင့်မြင့်သူများအတွက်လည်းကောင်း၊
- မြို့ပြပြန်လည်သစ်လွင်ရေး (Urban Renewal)ဟူသည်
မြို့ပြအချက်အချာနေရာများရှိ ဟောင်းနွမ်းနေသော
အိမ်များတွင် နေထိုင်သူများအတွက် အိမ်ရာသစ်များ
ဖြစ်ထွန်းစေရန်လည်းကောင်း ရည်ရွယ်ချက်ထားရှိပြီး
ဆောင်ရွက်ခြင်းဖြစ်ပါသည်။

ထို့အတူ အိမ်ရာမြေကွက်များဖော်ထုတ်ခြင်း
(Site and Services Scheme) (သို့မဟုတ်) မြို့သစ်များ
တည်ဆောက်ခြင်း နည်းဗျူဟာသည် ကျူးကျော်
ရပ်ကွက်များမှ အိမ်ရာမဲ့များအား အဓိက(အဓိက)
ပြန်လည်နေရာချထားပေးရန် ဖြစ်ပါသည်။

ဥပမာ
- ရွှေပြည်သာမြို့သစ်သည် ရန်ကုန်လေဆိပ်တိုးချဲ့ရေး
စီမံကိန်းအရ မလွတ်ကင်းသော ကျူးကျော်အိမ်ရာများ
ပြောင်းရွှေ့ရန် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရ၏။
နောင်တွင် အခြားကျူးကျော်များ ပါဝင်၏။
- လှိုင်သာယာမြို့သစ်သည် စိန်ပန်းမြိုင်ရပ်ကွက်မှ
မီးဘေးဒုက္ခသည် ကျူးကျော်များအတွက် တည်ဆောက်ခြင်း
ဖြစ်၏။ နောင်တွင် လှိုင်မြို့နယ်နှင့် အခြားဒေသမှ
ကျူးကျော်များပါဝင်လာ၏။
- ဒဂုံမြို့သစ်သည် တာမွေအိုးစု၊ ဗဟန်းအဇစ်ခြံ၊ သင်္ဃန်းကျွန်း
စသည့် မြို့နယ်များမှ ကျူးကျော်အိမ်ရာများအတွက်
တည်ဆောက်ခြင်းဖြစ်၏။ နောင် အိမ်ရာမဲ့ဝန်ထမ်းများအတွက်
ဒဂုံမြို့သစ်(မြောက်ပိုင်း)နှင့် တပ်မတော်သား (အငြိမ်းစား)
အိမ်ရာမဲ့များအတွက် ရွှေပေါက်ကံ စသည့်မြို့သစ်များ
ထပ်မံတည်ဆောက်လာခဲ့ကြောင်း တွေ့ရှိရ၏။

* အခြေခံအကျဆုံးအချက်မှာ ကျူးကျော်အရေအတွက်နှင့်
အိမ်ရာမဲ့များ အလွန်များပြားသောအခါ အလုံးအရင်းနှင့်
နေရာချနိုင်ရန်အတွက် နိုင်ငံတကာတွင် အဆိုပါစီမံကိန်း
နည်းဗျူဟာကို ရွေးချယ်ကျင့်သုံးလေ့ရှိခြင်းဖြစ်၏။ *

ယခုတည်ဆောက်မည့် ရန်ကုန်မြို့သစ်သည် အဓိကအားဖြင့်
မည်သူများကို နေရာချထားပေးရန် ဖြစ်ပါသနည်း။
ကျူးကျော်များအား အဓိကဦးစားပေး နေရာချထားပေးရန်
ဖြစ်ပါသလော။ အဖြေကို ရှင်းရှင်းလင်းလင်းမသိရှိရလျှင်
Target Group ပျောက်ဆုံးနေသော မြို့သစ်အဖြစ်
မြန်မာနိုင်ငံတွင် ပထမဆုံး ပေါ်ပေါက်လာမည်ဟု
ဆိုရပေတော့မည်။

ဒုတိယအချက်မှာ မြို့သစ်စီမံကိန်းတစ်ရပ်တွင်
အထက်ပါ Target Group ကို အခြေခံပြီးနောက်
အခြားသော အိမ်ရာစီမံကိန်းများက ဝန်းရံ၍ ပါရှိလာစမြဲ
ဖြစ်ပါသည်။

ပြည်သူများ ဘေးအန္တရာယ်လုံခြုံမှု (Safety)၊
ကျန်းမာမှု (Health)၊
ပျော်ရွှင်ချမ်းမြေ့မှု (Happiness)၊
အနာဂတ်မျှော်လင့်ချက်ရှင်သန်မှု (Hope)၊
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု၊
စိမ်းလန်းသာယာမှု (Green) နှင့်
ရေရှည်တည်တံ့မှု (Sustainability)စသည့် ဘက်စုံဖွံ့ဖြိုးမှု
အင်္ဂါရပ်များ ပြည့်စုံသော မြို့သစ်တစ်ရပ် ဖြစ်ထွန်းရန်
မည်သည့် မြို့ပြစီမံကိန်းပညာရှင်များက အသေးစိတ်
တာဝန်ယူရေးဆွဲပေးခဲ့ပါသနည်း။

ဤအချက်ကို
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များပင် မသိရှိသည်မှာ
အလွန်ထူးဆန်းနေ၏။ အထူးသဖြင့် နိုင်ငံတကာအဆင့်မီ
မြို့သစ်စီမံကိန်းတစ်ရပ်ဖြစ်ရန် လိုအပ်၏။ သို့သော်
မြန်မာနိုင်ငံ ပြည်ထောင်စုအစိုးရ ဆောက်လုပ်ရေး
ဝန်ကြီးဌာနမှ အတွေ့အကြုံရင့်ကျက်သော မြို့ပြစီမံကိန်း
ပညာရှင်များ၏ စွမ်းအားမပါဘဲ မြန်မာ့ရေမြေနှင့်
လျော်ညီသည့် မြို့သစ်လုံးဝမဖြစ်နိုင်ကြောင်းနှင့်
‘‘ရွာနားကမြက် ရွာနွားမစား’’သကဲ့သို့ မဖြစ်သင့်ကြောင်း
အကြံပြုလိုပါသည်။

* တတိယအချက်မှာ နိုင်ငံတကာအဆင့်မီ မြို့သစ်တစ်ခုကို
ကုန်ကျစရိတ်ကျခံနိုင်ရုံမျှမက တည်ဆောက်မှုအတွေ့အကြုံ
ရှိသော Developer များမှာ ပြည်တွင်း၌ ရှိတော့ရှိသည်
ရှားသည်ဟူ၍ ဆိုရပါမည်။ လက်ရှိ အိမ်ရာဆောက်လုပ်မှု၌ပင်
ကြိုပွိုင့်ရောင်းချမှုကို အားပြုနေရသူက ၉၀ ရာခိုင်နှုန်းခန့်
ရှိ၏။ အစိုးရနှင့် (၄၀း၆၀) အချိုးဖြင့် အထပ်မြင့်အိမ်ရာများကို
၁၀ နှစ်ကျော်လွန်ခဲ့သည့်တိုင်အောင် ပြီးပြတ်အောင်
မဆောက်လုပ်နိုင်သေးသူများလည်း ရှိ၏။ *

ထို့အပြင် အမျိုးအစားစုံလင်လှသော ဆောက်လုပ်မှုများ
အတွက် အရည်အသွေးစစ်ဆေးမှု (QC)ကို မည်သူက
တာဝန်ယူမည် နည်း။

* လက်ရှိ ရန်ကုန်မြို့မှ ကန်ထရိုက်အိမ်ရာများ၏
အရည်အသွေးကိုပင် နိုင်နင်းအောင် စစ်ဆေးကြီးကြပ်မှု
မပြုနိုင်သေးသော မြို့တော်စည်ပင်ဝန်ထမ်းများအား
ထပ်မံအကျပ်တွေ့စေမည့် ဝန်နှင့်အားမမျှမှု
သတ်ကွင်းထဲသို့ တွန်းပို့သလိုဖြစ်မှာလည်း စိုးရိမ်ဖွယ်
ကောင်းလှ၏။ *

စတုတ္ထအချက်မှာ နောက်ဆုံးတည်ဆောက်ပြီးခဲ့သော
မြို့သစ်ခုနစ်မြို့၏ အကျယ်အဝန်းမှာ
စတုရန်းမိုင် ၁၆၇ မိုင်ရှိပြီး ရန်ကုန်မြို့တော်စည်ပင်သာယာ
နယ်နိမိတ်( ၃၀၆ ဒသမ ၈ စတုရန်းမိုင်)၏ ထက်ဝက်ကျော်
ရှိနေ၏။

* ထို့အပြင် ၁၉၉၉ ခုနှစ်အထိ ဒဂုံ (ဆိပ်ကမ်း)နှင့်
ဒဂုံ(အရှေ့)မြို့သစ်များမှာတွင် အိမ်ရာမဆောက်သေးသော
မြေကွက်လပ်များ အများအပြားကျန်ရှိပြီး အိမ်ရာမြေကွက်
ဝယ်လှောင်၍ ဈေးကစားသူများ (Land Sepeculation)
ဈေးကွက်ကြီးဖြစ်နေ၏။ ထပ်မံ၍ မြို့သစ်ကြီးတည်လျှင်
နောက်ထပ် မြေကိုဝယ်၍ လှောင်ရောင်းပြုလုပ်ကြရန်
ဈေးကွက်အသစ် ဖန်တီးပေးရာရောက်နိုင်၏။ *

ထို့အပြင် အထက်ပါမြို့သစ်ခုနစ်မြို့ရှိ
အခြေခံအဆောက်အအုံများ မြှင့်တင်ရေးလုပ်ငန်းများကို
အထူးဦးစားပေးဆောင်ရွက်ရန် လိုအပ်နေသေးကြောင်း
တွေ့ရှိရ၏။ မူလ ရန်ကုန်၏ အခြေခံအဆောက်အအုံများ
ယိုယွင်းပျက်စီးမှုကိုလည်း ပြုပြင်ရန်လိုအပ်နေသေး၏။
လက်ရှိမြို့သစ်များ၏ အခြေခံအဆောက်အအုံမြှင့်တင်ရေး
မပါဘဲ ရန်ကုန်မြို့သည် နိုင်ငံတကာအဆင့်မီ စီးပွားရေး
မြို့တော် လုံးဝမဖြစ်လာနိုင်ပေ။

ရန်ကုန်မြို့တွင်
- ဟောင်းနွမ်းနေသော အဆောက်အအုံ
များနှင့် ပေါက်ပြဲနေသောလမ်းများလည်း မနည်းလှ။
- ရေစီးရေလာမကောင်း၍ ရေမြုပ်သည့် ဘေးအန္တရာယ်မှ
လည်း မကယ်တင်နိုင်သေး။
- အမှိုက်သိမ်းစနစ်ကိုလည်း နိုင်နင်းမှုမရှိသေး။
- ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကိုလည်း
မဖြေရှင်းနိုင်သေး။

ယင်းအခြေအနေတွင် နောက်ထပ် မြို့သစ်ထပ်မံ
တည်ဦးမည်ဆိုပါက ‘‘... မနိုင်ဘဲ ပဲကြီးဟင်း’’စားသကဲ့သို့
ရှိမည်အမှန်ပင်တည်း။

ပဉ္စမအချက်မှာ လက်ရှိကျူးကျော်အိမ်ရာများအတွက်
အိမ်ရာပြဿနာ ဖြေရှင်းရေးဖြစ်၏။ မြို့သစ်များတွင်
ကျူးကျော်အိမ်မှာ ၄၅,၀၀၀ ခန့်ရှိပြီး မူလရန်ကုန်မှ
ကျူးကျော်များပေါင်းလျှင် ၅၀,၀၀၀ ခန့်ရှိမည်ဟု ယူဆ
ပါသည်။ အများဆုံးတည်ရာဒေသမှာ လှိုင်သာယာမြို့သစ်တွင်
၁၇,၀၀၀ ခန့်နှင့် ဒဂုံ(မြို့သစ်)တွင်၂၅,၀၀၀ ခန့်ဖြစ်ကြောင်း
သိရှိရ၏။

အဆိုပါကျူးကျော်များအား ယခင် ဖ.ဆ.ပ.လခေတ်တွင်
သွပ်မိုးတန်းလျားတည်ဆောက်၍ အငှားအိမ်ရာ (ယာယီ)
တည်ဆောက်ပေးသကဲ့သို့ သင့်လျော်သော အငှားအိမ်ရာများ
တည်ဆောက်ပေးခြင်း၊ သိန်း ၁၀၀ အောက် တန်ဖိုးနည်း
အိမ်ရာများဆောက်၍ နှစ်ရှည်အရစ်ကျရောင်းချပေးခြင်း
စသည့်နည်းလမ်းများသာမက နီးစပ်ရာမြို့သစ်များနှင့်
တစ်ဆက်တစ်စပ်တည်းရှိသော လယ်မြေများတွင်
အိမ်ရာမြေကွက်သစ် ဖော်ထုတ်မှုစီမံကိန်းကို ရပ်ကွက်
အဆင့်မျှသာ ဖော်ထုတ်၍ ချထားပေးသော
နည်းလမ်းများမှာ အသင့်လျော်ဆုံးဖြစ်ပါမည်။

ထိုကဲ့သို့ ဆောင်ရွက်နိုင်ရန်အတွက်
ဒဂုံမြို့သစ်လေးမြို့နယ်မှ စည်ပင်သာယာနယ်နိမိတ်အတွင်း၌
ကုမ္ပဏီကြီးများအား အထူးချထားပေးခဲ့သော
လယ်မြေဧက ၉,၀၀၀ ခန့်ကို အိမ်ရာမြေအဖြစ်
ပြောင်းလဲသုံးစွဲရန် လိုအပ်ပါသည်။

‘‘မြို့တွင်းလယ်ရောက် စပါးပေါက်၍ ပြည်သူအိမ်ပျောက်
ဘဝမှောက်’’သည့်အဖြစ်ကို ကျော်လွှားရာတွင် ၎င်းတို့၏
ပူးပေါင်းဆောင်ရွက်မှုရရှိရေးအတွက် အားထုတ်ရန်
လိုအပ်ပါသည်။ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ
မူလအိမ်ရာမြေ ဧက ၉,၀၀၀ ခန့်ကို လယ်ယာစိုက်ပျိုးမြေ
အဖြစ် ပေးအပ်ထားသည့် ဖြစ်ရပ်ကို အနီးမှုန်၍
စည်ပင်သာယာနယ်နိမိတ်ပြင်ပမှ နောက်ထပ်
ဧက ၃၀,၀၀၀ ကို လျော်ကြေးငွေ ဈေးကြီးပေးပြီး ရယူရန်
စဉ်းစားခြင်းမှာ ရေလိုက်လွဲနေသည်ဟုထင်၏။

အဆိုပါ မြေဧက ၉,၀၀၀ ကို မြေကွက်ဖော်လျှင်
(၄၀'× ၆၀') မြေကွက် တစ်သိန်းနီးပါး ရရှိမည်ဖြစ်၏။
မြို့ပြမြေပတ်လည်ဝိုင်းနေ၍ အခြေခံအဆောက်အအုံအတွက်
စရိတ်အကုန်အကျနည်းမည့်အပြင် ကျူးကျော်များကိုလည်း
ချထားပေးနိုင်၏။ တန်ဖိုးနည်းအိမ်ရာများလည်း ဆောက်လုပ်
နိုင်၏။ အထပ်မြင့်များလည်း ဆောက်လုပ်၍ရ၏။
ဘာလိုသေးသနည်း။

သေချာသည်မှာ နောက်ထပ် လယ်မြေဧကသုံးသောင်း
သတ်မှတ်ပြီး မြို့သစ်တည်ရန်
လောလောဆယ် လုံးဝမလိုအပ်ခြင်းပင်တည်း။

(မြင့်မိုရ်ဆွေ) 

credit - DVB & 7day Daily

No comments:

Post a Comment