“အစိုးရသစ် မတက်မီ စီမံကိန်းများနှင့် ပတ်သက်၍
ရှေ့တိုးသူက တိုး - ပျက်မယ်ဆိုသူက ဆို နေကြသည့်
သတင်းများ”
၁။ "အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း မကြာမီ
အကောင်အထည်ဖော်ဆောင်ရွက်မည်"
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကို
ရှမ်းကလေးကျွန်းတွင် Mandalay Business Capital
City Development Co.,Ltd မှ ဒေသခံများအားချပြ၍
မကြာမီ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ တာဝန်ရှိသူကပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ကမ်းဘေးတွင်
- နှစ်စဉ် ရေလွှမ်းမိုးသည့် ရေမြုပ်ကွင်းများ ကာကွယ်ပြီး
မြေနုကျွန်းများဖော်ထုတ်နိုင်မည်ဖြစ်ကြောင်း၊
- စီမံကိန်း ဧရိယာတွင် ရွာမြေဖြစ်ပါက ယင်းအကျယ်အဝန်း
အတိုင်း ဖွံ့ဖြိုးပြီး မြို့ပြမြေများအဖြစ် ပြန်လည်ပေးအပ်မည်
ဖြစ်ကြောင်း၊
- မူလအဆောက်အအုံအရွယ်အစားအတိုင်း ပိုမိုကောင်းမွန်
သည့် အဆောက်အအုံများအတိုင်း ဆောက်လုပ်ပေးသွား
မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းဧရိယာအတွင်း
- လယ်မြေများမပါဝင်ဘဲ ယာမြေ/ ကိုင်းမြေနှင့်
ရေမြုပ်မြေများ ပါဝင်ကြောင်း၊
- ယင်းမြေများကို သက်ဆိုင်သည့်ပိုင်ဆိုင်သူများအား မူလ
ပိုင်ဆိုင်မှုတန်ဖိုးထက် ပိုမိုသည့် ဖွံ့ဖြိုးပြီးမြို့မြေများကို
ရာနှုန်းတစ်ခု နှင့် ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း၊
- စီမံကိန်းအချက်အလက်များကို အသေးစိတ်သီးခြား
ရှင်းလင်း သွားမည်ဖြစ်ပြီး Information Center များ
ထားရှိမည်ဖြစ်ကြောင်း သိရသည်။
ပြည်တွင်း ကုမ္ပဏီတစ်ခုမှ မြို့ပြစီမံကိန်းအဖြစ် ကနဦး
အနေဖြင့် ရှမ်းကလေးကျွန်းနှင့် နံကပ်အင်း ကို
မြို့ပြစီမံကိန်းအဖြစ်လုပ်မည်ဖြစ်ကြောင်း သိရသည်။
ရှမ်းကလေးကျွန်း မြို့ပြဖွံ့ဖြိုးရေး အတွက် ဧက ၂ဝဝဝ
ကျော်ကို ဇုန် တစ်ခုသတ်မှတ်ပြီး အခြေခံ အဆောက်
အအုံများ ပါမည့် အပြင် အသက်မွေးဝမ်းကျောင်း
သင်တန်းတွေနဲ့ အငှားအိမ်ရာများနှင့် ဆေးရုံ၊ ဟိုတယ်၊
ဈေးဝယ်စင်တာများ ပါဝင်မည်ဟု ဆိုသည်။
ယင်းစီမံကိန်းဆောင်ရွက်ရန် မန္တလေးတိုင်းဒေသကြီး
အစိုးရ အဖွဲ့၊မန္တလေးမြို့တော် စည်ပင်သာ ယာရေး
ကော်မတီနှင့် Mandalay Business Capital City
Development Co.,Ltd တို့ မတ် ၁ ရက်က
နှစ်ဖက်သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းကို
တိုင်းဒေသ ကြီး အစိုးရအဖွဲ့ရုံး၌ ပြုလုပ်ခဲ့ကြောင်း
သိရသည်။
***
၂။ "ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ငါးမွေးကန်များကို
အစိုးရသစ် မလွှဲပြောင်းမီ ဂရန်ချထားပေးရန် ပြည်ထဲရေး
ဝန်ကြီးဌာနမှ ညွှန်ကြားမှုများရှိနေကြောင်း သိရ"
ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ငါး မွေးကန်များအား
အစိုးရသစ် မလွှဲပြောင်းမီ ဂရမ်ချထားပေးရန် ပြည်ထဲရေး
ဝန်ကြီးဌာနမှ ညွှန်ကြားချက်များ ရှိနေကြောင်း
သိရသည်။
" * ငါးမွေးကန်တွေကို ဂရန်လုပ်ခွင့်ပေးဖို့ ပြည်ထဲရေး
ဝန်ကြီးဌာန၊ စီမံခန့်ခွဲမှုကော်မတီက ညွှန်ကြားလာတယ်။
ငါးမွေးကန်ဆိုတာ မြို့မြေထဲမှာမပါဘူး။ မြို့မြေထဲမှာ
ငါးမွေးကန်ဆိုတာ ရှိခဲတယ်။ လယ်ယာမြေတွေကိုပဲ
ဖော်ထုတ်ပြီး လုပ်ကြတာ။ အဲဒီလိုနေရာတွေမှာက
လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် လ/န ၃၉ ပဲ
ပေးတာ။ ဥပဒေအရ မြို့မြေမဟုတ်ရင် မြေငှားဂရမ်
ပေးလို့မရဘူး။ အခုဟာက မြို့မြေမဟုတ်ဘဲ မြေငှားဂရန်
ထုတ်ပေးဖို့ ညွှန်ကြားလာတာ * " ဟု အထွေထွေ
အုပ်ချုပ်ရေးဦးစီးဌာနမှ အမည်မဖော်လိုသူ
အရာရှိကြီးတစ်ဦးက ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး
ဦးစန်းမောင်က
"အဲဒါ ကျွန်တော်တော့မသိပါဘူး။
* ငါးမွေးကန်တွေမှာကတော့ အခုခေတ်ဆို လ/ယ ၃၀
(ယခင် လ/န ၃၉) လယ်ယာမြေကို အခြားနည်း သုံးစွဲခွင့်
ရှိဖို့ပဲ အရေးကြီးတာပါ။ တကယ်တမ်းကျတော့
အိမ်ရာမြေတွေ၊ စက်မှုလက်မှုမြေတွေသာ ဂရမ်ပေးတာပါ။
ငါးမွေးကန်နဲ့ပတ်သက်ပြီး ဂရမ်ပေးတာ
ကျွန်တော်တော့ မမြင်ဘူးသေးဘူး * " ဟု ဆိုသည်။
"အခု ငါးကန် ဖော်ထားတဲ့နေရာတွေက လယ်ယာမြေ
တွေကို သိမ်းဆည်းခံလိုက်ရတဲ့ မူလပိုင်ဆိုင်သူ
လယ်သမားတွေနဲ့ လုပ်ငန်းရှင်တွေရဲ့အငြင်းပွားမှုက
အခုချိန်ထိ မပြီးပြတ်သေးဘူး။ အစိုးရတာဝန်ရှိသူတွေ
ကိုယ်တိုင် သိမ်းထားတာတွေ ရှိတယ်။ သူတို့ပြန်ပြီး
လုပ်ပိုင်ခွင့် ပေးထားတာတွေလည်း ရှိတယ်။ အဲဒါတွေကို
တရားဝင် ဂရန်ရအောင် အစိုးရသစ် မလွှဲခင် လုပ်တဲ့
သဘောပဲ။ လယ်မြေပေါ်မှာ အခုမှအားချင်း ငါးကန်တူး
နေတာ မအူပင်မှာတင် ဧကရာချီရှိတယ်။ ဂရန်မြန်မြန်
ရအောင်လုပ်တဲ့ နောက်ကွယ်မှာ အမှန်တရားပေါ်
အခြေမခံဘဲ ဘက်လိုက်ဆောင်ရွက်တာတွေဟာ
တောင်သူလယ်သမားတွေကို ပြဿနာဖြစ်အောင်
ဖန်တီးနေသလို ဖြစ်နေတယ်" ဟု
ပြည်သူ့လွှတ်တော် တောင်သူလယ်သမားရေးရာ၊
အလုပ်သမားရေးရာ၊ လူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌ
မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးစိန်ဝင်းက ပြောကြားသည်။
ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်မှ လေလံဆွဲယူခဲ့သော
လယ်ယာမြေနှင့် ဥယျာဉ်ခြံမြေများကို လယ်ယာမြေ
ဥပဒေအရ ဆက်လက် ဆောင်ရွက်ခြင်းမပြုဘဲ
နိုင်ငံတော်ပိုင်မြေအဖြစ် သတ်မှတ်ပြီး ခရိုင်အုပ်ချုပ်ရေးမှ
စက်မှုစီးပွား မြေဂရမ် ထုတ်ပေးနိုင်ရေး အမှုတွဲ ဖွင့်လှစ်
ဆောင်ရွက်ရန် ညွှန်ကြားမှုလည်း ရှိနေကြောင်း
သိရသည်။
"ပုံမှန်ဆိုရင် ဂရန်တန်းထုတ်ပေးလို့ မရဘူးလေ။
လယ်ယာမြေဆိုရင်လည်း ၂၀၁၂ လယ်ယာမြေဥပဒေအရ
အဆင့်ဆင့်လုပ်ရမှာပေါ့။ အခု လုပ်ခိုင်းတာကလည်း
ဥပဒေနဲ့ မညီဘူး။ မြေငှားဂရန် မြန်မြန်ရအောင် လုပ်တဲ့
သဘောပဲ" ဟု ထွေအုပ်မှ အရာရှိကြီးတစ်ဦးက
သုံးသပ်ပြောကြားသည်။
စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစန်းမောင်က
"အဲဒီကိစ္စကိုလည်း ကျွန်တော်မသိဘူး။ ဂရန်ထုတ်တယ်
ဆိုတာ ထွေအုပ်က လုပ်တာပါ။ လယ်ယာမြေကို
ဂရန်ထုတ်ပေးတယ်ဆိုရင် အဲဒါ စက်မှုလက်မှု ဂရန်ပဲ
ဖြစ်မှာပါ။ ဟိုတစ်ချိန်တုန်းက ပုဂ္ဂလိကပိုင် ပြုလုပ်ရေးနဲ့
အလုပ်ရုံ၊ စက်ရုံတွေပေါ်လာခဲ့ပြီ။ အဲဒီ လို အလုပ်ရုံ၊
စက်ရုံပေါ်လာပြီဆို စက်မှုဂရန်မြေအဖြစ် ထုတ်ပေးတာ
ဖြစ်ကောင်းဖြစ်မှာပါ။ လယ်မြေသက်သက်ကို ဂရန်
ပေးတာတော့မမြင်ဘူးသေးဘူး" ဟု ဆိုသည်။
အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ မေးမြန်းနိုင်ရန်
ဧရာဝတီတိုင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ညွှန်ကြားရေးမှူးထံ ဆက်သွယ်ခဲ့သော်လည်း
ဖုန်း လက်ခံ ဖြေကြားခြင်း မရှိခဲ့ပေ။
အောင်ကျော်မျိုး (ဟင်္သာတ)
***
၃။ "အထပ်မြင့်တိုက် ငါးလုံး ဆောက်လုပ်ခွင့် စည်ပင်က
မူအရ ခွင့်ပြု"
အထပ် ၂၀ ကျော် အဆောက်အအုံလေးလုံးနှင့် ၁၉ ထပ်
အဆောက်အအုံတစ်လုံးကို မူအားဖြင့်ဆောက်လုပ်ခွင့်
ပေး လိုက်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီက ထုတ်ပြန်သည်။
ရန်ကုန်မြို့
- ခုနစ်မိုင်ခွဲတွင် အောက်ခြေနှစ်ထပ်၊
အထပ်မြင့် ၂၅ ထပ် အဆောက်အအုံ၊
- ဆုထူး ပန်ရုပ်ရှင်ရုံဟောင်းနေရာတွင်
အောက်ခြေတစ်ထပ်၊ ၂၃ ထပ်အ ဆောက်အအုံ၊
- သံသုမာလမ်းနှင့် ဝေဇယန္တာ လမ်းထောင့်တွင်
အောက်ခြေနှစ်ထပ်အထပ်မြင့် ခြောက်ထပ် အဆောက်အုံ၊
- အလုံ မြို့နယ်၊ အလုံအပြည်ပြည်ဆိုင် ရာဆိပ်ကမ်း၊
ကမ်းနားလမ်းသစ် တွင် ဆောက်ခြေတစ်ထပ်၊
အထပ်အမြင့် ၂၅ ထပ်အဆောက် အအုံ၊
- မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပန်းဆိုးတန်းလမ်းမ
ပေါ်တွင် အောက်ခြေတစ်ထပ်၊ အထပ်မြင့် ၁၅ ထပ်
အဆောက် အအုံတို့ကို ၂၀၁၅ နှစ်ကုန်ပိုင်းမှ မတ်လဆန်း
အထိ သုံးလအတွင်း ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း
သိရ သည်။
အဆိုပါ အဆောက်အအုံများ ဆောက်လုပ်ခွင့်နှင့်
ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့အ စည်းအဝေးတွင်
အတည်ပြုခဲ့ခြင်း ဖြစ်သည်ဟု ရန်ကုန်မြို့တော်စည်ပင်
သာယာရေးကော်မတီဝင် (၆) ဦးဌေးအောင်က ပြောသည်။
‘‘အဲဒါတွေကို စည်ပင်က ခွင့်ပြုလို့မရဘူး။ စည်ပင်က
၁၂ ထပ်ခွဲလောက်ပဲ ခွင့်စိစစ်ခွင့်ပြု လို့ရတာပါ။
အခုနောက်ပိုင်း အစိုးရအဖွဲ့ကိုတင်ထားတဲ့ အထပ်မြင့်
အဆောက်အအုံတွေ အများကြီးရှိသေးတယ်။
ထပ်ခွင့်ပြုချက်ကျလာမှာတွေရှိနေသေး တယ်’’ဟု
၎င်းက ပြောသည်။
(မိုးမင်း)
***
၎။ "ဒဂုံစီးတီးအပါအဝင် စီမံကိန်းလေးခု ပျက်ပြယ်နိုင်ဟု
စည်ပင်သာယာရေး ကော်မတီဝင် ထုတ်ပြန်"
ရန်ကုန်မြို့တွင် လုပ်ဆောင်နေသည့် ဒဂုံစီးတီး အပါအဝင်
စီမံကိန်းလေးခုအတွက် ရန်ကုန်မြို့တော်စည်ပင်
သာယာရေး ကော်မတီထံတွင် ခွင့်ပြုချက် ရယူရမည်
ဖြစ်သော်လည်း ခွင့်ပြုချက် မယူခြင်းကြောင့် အဆိုပါ
စီမံကိန်းများ ပျက်ပြယ်နိုင်သည်ဟု ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီဝင် (၇) ဖြစ်သူ
ဦးခင်လှိုင်က ကြေညာလိုက်သည်။
- ဒဂုံစီးတီး စီမံကိန်းတစ်ခုဖြစ်သည့် Marga Landmark
Development ကုမ္ပဏီအား ရန်ကင်း မြို့နယ်ရှိ
ကမ္ဘာအေးဘုရားလမ်းနှင့် သစ္စာလမ်းဒေါင့်
သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနပိုင်မြေနေရာ
(၁၇.၀၇)ဧကကို ချထားပေးခြင်း၊
- ဦးအိုက်ထွန်းပိုင် ရွှေတောင်ကုမ္ပဏီအား ရန်ကုန်တိုင်း
ဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်းနှင့်
သိမ်ဖြူလမ်းထောင့်ရှိ သုံးဧကခွဲ
(မြန်မာ့မီးရထား ရုံးချုပ်ဟောင်း) မြေနေရာအား
ချထားပေးခြင်း၊
- Adventure Myanmar နှင့် သုခရတနာ ကုမ္ပဏီနှစ်ခု
တို့အား လမ်းမတော်မြို့နယ်ရှိ ကုန်သည်များနှင့်
စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံး (UMFCCI)
အနီးရှိ ယခင်ကုန်သွယ်ရေးဌာနပိုင် ဂိုဒေါင်ရုံးဟောင်း
နေရာ၊ မြေ(၉)ဧကအား ကုမ္ပဏီ တစ်ခုလျှင်
၎ ဒဿမ ၅ဧကနှုန်းဖြင့် ချထားပေးရန်စီစဉ်နေခြင်း၊
- ကုန်သည်များနှင့် စက်မှု အသင်းချုပ်(UMFCCI)ဥက္ကဌ
ဦးဝင်းအောင်နှင့် IBTC ကုမ္ပဏီလုပ်ငန်းရှင်
ဦးအောင်ကျော်မိုးတို့ ပူးပေါင်း ထားသည့်
Andaman Alliance Healthcare အား ဗိုလ်ချုပ်လမ်း
ဒေါင့်ရှိ ကျန်းမာရေး ဝန်ကြီးဌာနပိုင် မြေနေရာ
(၄.၄ဧက)ကို ပုဂ္ဂလိကဆေးရုံလုပ်ငန်းအတွက် မြေနေရာ
ချထားပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်ဟု
ထုတ်ပြန်စာတွင် ပါရှိသည်။
သို့သော် “အဆိုပါ ကုမ္ပဏီများသည် ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီထံသို့ ခွင့်ပြုချက် ရယူရန်
အတွက် ယနေ့ထိလျှောက်ထားခြင်း၊ ကော်မတီဝင်များ
အစည်းအဝေးတွင်လည်း ယင်းကိစ္စနှင့်ပတ်သက်၍
တင်ပြခြင်း၊ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ချက်ချမှတ်ခြင်း၊
ခွင့်ပြုချက်ပေးခြင်း( လုံးဝ)မရှိခဲ့ပါ” ဟု ထပ်မံ
ဖေါ်ပြထားသည်။
ထို့ကြာင့်
“ယင်းစီမံကိန်းကိစ္စများနှင့် ပတ်သက်၍
- ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်ပြ
ဆောင်ရွက် ဆွေးနွေးထားခြင်း မရှိခြင်းကြောင့်
လည်းကောင်း၊
- ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်မှ စီမံကိန်းများ
အဆောတလျင် ချထားပေးခြင်းကိစ္စကို ရပ်ဆိုင်းထားရန်
အတည်ပြု ဆုံးဖြတ်ပြီးဖြစ်ပါ၍
- မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုချက်
ပေးထားသော အဆိုပါ စီမံကိန်းများအားလုံးသည်
ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်
လည်းကောင်း
- တည်ဆဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေ
များနှင့် ဆန့်ကျင်ကွဲလွဲ ကိုက်ညီမှုမရှိပါ၍
အလိုအလျောက် ပျက်ပြယ်နိုင်ပါကြောင်း
စီမံကိန်းဆောင်ရွက်မည့် ကုမ္ပဏီများနှင့် အများပြည်သူ
သိရှိစေရန် ကြေငြာအပ်ပါသည်။”
ဟု ထုတ်ပြန်စာတွင် ဖေါ်ပြထားသည်။
credit - Xinhua Myanmar / Eleven Media Group /
7day Daily & မဇ္ဈိမသတင်းဌာန
No comments:
Post a Comment