“နေစရာမရှိလို့ ကျုးတဲ့သူလား၊ လုပ်ကျူးလား”
(ကျူးပြဿနာများကို ဖျက်သိမ်းရှင်းလင်းမှုများနှင့်
လုပ်ကျူး ရာဇ၀င်)
၁။ "ကျူးပြဿနာများကို အမြတ်ထုတ်သူများ ရှိနေသည့်
အတွက် ဖျက်သိမ်းရှင်းလင်းမှုများ လုပ်နေရဟုဆို"
ရန်ကုန်တိုင်းဒေသကြီး အတွင်း အစိုးရပိုင်မြေများနှင့်
ပုဂ္ဂလိက ပိုင်မြေများပေါ်တွင် ကျူးကျော်နေထိုင်သူများကို
အစိုးရမှ စဉ်ဆက်မပြတ် ရှင်းလင်းလျက်ရှိရာတွင်
အမှန်တကယ်နေထိုင်ရန် အခက်အခဲရှိကာကျူးကျော်
နေထိုင်သူများထက် စီးပွားရေးအရအမြတ်ထုတ် နေရာဦး
ကျူးကျော်နေထိုင်သူ အများအပြားတွေ့မြင်နေရသဖြင့်
ဖျတ်သိမ်းရှင်းလင်းမှုကို လုပ်နေရခြင်းဖြစ်ကြောင်း
တိုင်းဒေသကြီးအစိုးရအဖွဲ့ကသစ်တောနှင့် စွမ်းအင်
ဝန်ကြီး ဦးကျော်စိုးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း ၄၅ မြို့နယ်
ရှိသည့် အနက် မြို့နယ်ပေါင်း ၃၃ မြို့နယ်ကို
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ
စီမံအုပ်ချုပ်ကွပ်ကဲလျက်ရှိပြီး ကျူးကျော်နေထိုင်သူ
အများအပြားမှာ စည်ပင်သာယာရေးကော်မတီ
အုပ်ချုပ်လျက်ရှိသည့် မြို့စွန်မြို့နယ်များတွင်
အများအပြားနေထိုင်နေကြဆဲဖြစ်သည်။
''ကျူးကျော်တွေကို ကျွန်တော်တို့ အစိုးရလက်ထက်မှာ
အတတ်နိုင်ဆုံး ရှင်းခဲ့ပါတယ်။ ရှင်းဖို့လိုတဲ့နေရာတွေ၊
လွယ်တဲ့နေရာတွေကို ရှင်းတာပါ ၊ သိပ်ပြီး အခက်အခဲ
အကျပ်အတည်းတွေ့နိုင်တဲ့နေရာတွေကိုတော့
လောလောဆယ် ရှင်းဖို့ခက်တာပေါ့။ လှိုင်သာယာ
တွံတေးကားလမ်းမ ကျူးဖျက်တုန်းက
အစ်ကိုတို့သွားကြည့်တော့ ဘာတွေ့သလဲဆိုတော့
ဝါးလုံးခြောက်လုံးလောက်၊ ဂုန်နီအိတ်ကြိုးတွေနဲ့ တားပြီး
ကျူးတာတွေ့ရတာ။
နေစရာ မရှိလို့ ကျူးတာ မဟုတ်ဘဲ ဦးတာ ဖြစ်နေတယ်။
ကျူးတာနဲ့ ဦးတာတော့ မတူဘူး။အများကြီးပဲ ရှိနေတယ်''
ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့
သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက ပြောသည်။
နယ်မြို့များတွင် အလုပ်အကိုင်ရှားပါးမှုကြောင့် စက်မှုဇုန်
အများအပြားရှိသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ
မြို့စွန်မြို့နယ်များသို့ ပြောင်းရွှေ့အခြေချနေထိုင်သူများ
နေ့စဉ်ရက်ဆက်ဆိုသလိုများပြားလျက်ရှိသည့်ပြင်
မြင့်မားလာသည့် ရန်ကုန်အိမ်ခြံမြေ ငှားရမ်းခနှုန်းထားများ
ကြောင့်လည်း ဝင်ငွေနည်းမိသားစုများ အိမ်ငှားရမ်း
နေထိုင်ရန်ပင် ခက်ခဲလာသည့်အတွက် နိုင်ငံပိုင်နှင့်
ပုဂ္ဂလိကပိုင်မြေကွက်လွတ်များပေါ်တွင် အဆင်ပြေသလို
တဲထိုးနေထိုင်လာသည့် အတွက် ကျူးကျော်ပြဿနာများ
ရန်ကုန်တိုင်းဒေသကြီးအတွင်း နေ့စဉ်ရက်ဆက်ဆိုသလို
တိုးပွားလာလျက်ရှိသည်။
အမှန်တကယ် နေရာ ထိုင်ခင်းအခက်အခဲကြောင့်
မိသားစုလိုက် ကျူးကျော်နေထိုင်သူများ ရှိသကဲ့သို့
နေရာဦးကျုးကျော်တဲများ ဆောက်လုပ်ထားပြီး တစ်ဆင့်
ပြန်လည်ငှားရမ်းသည့် ကျုးကျော်တဲများအများအပြား
ရှိနေသည့်အတွက် ကျူးကျော်ပြဿနာကို ဖြေရှင်းနိုင်ရန်
အစိုးရအဆက်ဆက် စီမံချက်များချကာ စနစ်တကျ
ဖြေရှင်းရန်လိုအပ်သည်။
''ဦးတစ်ယောက်တည်း သဘောနဲ့ပြောရရင် ကျုးဆိုတာ
သူနေစရာ မရှိလို့ ကျူးတာ၊နေစရာဖန်တီးပေးရမယ်၊
နည်းလမ်းမျိုးစုံနဲ့ ဖန်တီးပေးရမယ်၊ နေရာအပြင်
အလုပ်အကိုင်ပါ ဖန်တီးပေးရမယ်၊ မဖြစ်သင့်
မဖြစ်ထိုက်တဲ့ ကျူးတွေကိုတော့ ရှင်းနေရပါတယ်''ဟု
၎င်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တာဝန်ရှိသူများ၏
ခန့်မှန်းချက်များအရ တိုင်းဒေသကြီးအတွင်းကျူးကျော်
တဲပေါင်း သုံးသောင်းဝန်းကျင်ခန့်ရှိပြီး လှိုင်သာယာ
မြို့နယ်မှာ ကျူးကျော်တဲများအများဆုံး ရှိနေသည့်
မြို့နယ်ဖြစ်သည်။
ထို့ပြင် အနယ်နယ်အရပ်ရပ်မှ ပြည်သူများနေ့စဉ်ရက်ဆက်
ဆိုသလိုဝင်ရောက်နေထိုင် ကျူးကျော်တဲများထိုးလျက်
ရှိနေဆဲဖြစ်သဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီပိုင်နယ်နိမိတ်အတွင်း ကျူးကျော်နေထိုင်သူ
များကို တဲတစ်လုံးထိုး တဲတစ်လုံး ဖျက် အစီအစဉ်ဖြင့်
သက်ဆိုင်ရာ အာဏာပိုင်များကစောင့်ကြည့်
စစ်ဆေးကာ ဖျက်သိမ်းနေဆဲဖြစ်သည်။
အမှန်တကယ် ကျူးကျော်နေထိုင်သူများနှင့် ခါတော်မီ
ကျူးကျော်များကိုမူ ခွဲခြားစိစစ်ရန် အခက်အခဲရှိသည့်ပြင်
ရေရှည်ဖြေရှင်းရမည့် ပြဿနာတစ်ခုလည်း ဖြစ်နေဆဲ
ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီကော်မတီဝင်အမှတ် ၉ ဦးခင်မောင်တင့်က
ပြောသည်။
''ကျူးကျော်လို့ပြောလိုက်ရင် တကယ်နေစရာမရှိလို့ ကျုးတဲ့
သူလား၊ လုပ်ကျူးလားဆိုတာလည်း ခွဲဖို့ခက်တယ်။
အခုနောက်ပိုင်းတစ်တဲထိုး တစ်တဲဖျက်လုပ်လို့
အရင်နှစ်တွေကလို အရမ်းကြီးတဲတွေတိုးမလာတော့ပေမဲ့
နေရာစုံ လိုက်ကြည့်ဖို့ကလည်း ဝန်ထမ်းအင်အား
လိုအပ်ချက်က ရှိတယ်။ တဲတွေဖျက်လိုက်ရုံနဲ့ ပြဿနာက
ပြီးသွားမှာမဟုတ်ဘဲ သူတို့မူရင်းလာတဲ့ ဒေသတွေမှာပါ
လုံလောက်တဲ့လစာနဲ့ အလုပ်အကိုင်အခွင့်အလမ်းဖန်တီး
ပေးနိုင်မှ ပြေလည်နိုင်မယ်''ဟု ၄င်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဇန်နဝါရီလနောက်ဆုံး
ပတ်တွင် ဒဂုံမြိုသစ်ဆိပ်ကမ်း မြို့နယ်အတွင်းကကျူးကျော်
တဲပေါင်း ၂ဝဝ ကျော်နှင့် မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်
စက်မှုဇုန်အတွင်းကကျူးကျော်တဲပေါင်း ၄ဝဝ ကျော်ကို
ဖျက်သိမ်းရှင်းလင်းခဲ့ပြီးဖြစ်သည်။ထို့ပြင်ကျုးကျော်တဲ
အများဆုံးရှိနေသည့် လှိုင်သာယာမြို့နယ်တွင်းရွှေလင်ပန်း
စက်မှုဇုန်အတွင်းရှိ ကျူးကျော်တဲများကိုလည်း ဖျက်သိမ်းရန်
အတွက် သတိပေးအကြောင်းကြားစာများ ပေးပို့ထားပြီး
ဖြစ်သည်။
(ဇေယျာလင်း)
***
၂။ "ကျူးကျော်တို့၏ နောက်ကွယ်ဝယ်"
အစကတော့ ရပ်ကွက်ထဲကို အိမ်ငှားအဖြစ် ပြောင်းလာတယ်။
ကျောင်းစိမ်းဝတ်ကလေး ၂ ယောက်လောက်လည်း ပါတယ်။
သူများအိမ်ဘေး အဖီလေးချပြီးနေ၊ ဝိုင်းထဲ တဲထိုးနေ၊
တစ်လ ၂ သောင်းလင်ရောမယားပါ ကြုံရာကျဘမ်းလုပ်၊
အိမ်ကြက်မွေး၊ ရောင်း ၊ ဒီလိုနဲ့ တစ်နှစ်ပြည့်။
ဒါပေမယ့် အလကားနေတာ မဟုတ်ဖူး၊ စံမံကိန်းနဲ့။
အဲဒီတစ်နှစ်အတွင်း အပိုင်းထဲမှာရှိတဲ့
မြေကွက်အလွတ်တွေကို လိုက်ကြည့်ပြီးသား။
ဒီအကွက်က ပိုင်ရှင် ဘယ်သူ၊ ဘယ်မှာနေ။ ဒီအကွက်က
တစ်နှစ်အတွင်းပိုင်ရှင်လည်းမလာ၊ ဘယ်သူမှ လာမကြည့်၊
မှတ်ထားတယ်။
အရေးကြီး နံပါတ် တစ်။ ဒါက ယောက်ကျားဖြစ်သူ လုပ်နေတဲ့
Master Plan ။
သူ့မိန်းမက လည်း ခေသူမဟုတ်။ ရပ်ကွက်လူကြီးအိမ်
အဝင်ထွက်လုပ်ပြီးနေပြီ။ ဝါဝင် ဝါထွက် နဲ့ အခါကြီးရက်ကြီး
တွေမှာ ကိတ်မုန့်တစ်လုံးနနဲ့ ကန်တော့ပြီးသား။
ရပ်ကွက်လူကြီး မရှိတဲ့နေရာဆို နီးစပ်ရာ
ဘုန်းကြီးကျောင်းက ကျောင်းထိုင်။
Public Relation လုပ်တတ်တယ်ပေါ့။
ကျောင်းစိမ်းဝတ် ကလေးတွေက သနားစရာ။
လင်ရောမယားပါ ဖင်ပေါ့တော့ လက်တိုလက်တောင်း
ခိုင်းလို့ကောင်း။ တစ်ခါ တစ်ခါ ဟင်းခွက်လေးတွေတောင်ပါ။
ကဲ စီမံကိန်းစမယ်။ ဒီအကွက်က ပိုင်ရှင်မလာတာ နှစ်ပေါက်
နေပြီ။ ကျနော် ကျမတို့ တဲထိုးနေမယ်။ ရပ်ကွက်လူကြီးကို
တစ်လ ၁ သောင်း မပျက်မကွက် ကန်တော့မယ်။
ကျမတို့ကို ကူညီပါ ခင်ဗျ / ရှင့်။
ရပ်ကွက်လူကြီးဆိုသူကလည်း .. ရတယ်။
မင်းတို့ ကန်တော့တာ ကျေးဇူးတင်တယ်။
မင်းတို့ ကျေးဇူးသိတတ်တယ်။ ဘာမှ မဖြစ်ဖူး။ ဝင်သာနေ။
ပိုင်ရှင်ဆိုသူတွေ ဘယ်နား သေ နေမှန်း မသိ။
ပိုင်ရှင်လာလည်း ညှိုတာပေါ့၊ Done Deal ။
တစ်ချို့ဆို ၄-၅ နှစ်ကြာတဲ့ အထိ မြေရှင်က မလာ။
ဒီတော့ ရပ်ကွက်ထဲက လူတွေကောင်းမှုနဲ့ အိမ်ထောင်စု
ဇယားလေးလုပ်။ ကဲ ဘာပြောချင်သေးလဲ။
ဒီနှစ်ပိုင်း ရောက်တော့ ပစ်မှတ် (Target) ပြောင်းလာတယ်။
ပိုင်ရှင်ရှိတဲ့ အကွက်ကို ပို သဘောကျလာတယ်။
တဲကို ၃ ရက်အတွင် ပြီးအောင် ဆောက်တတ်လာတယ်။
တစ်မိသားစုတည်း မဟုတ်တော့။ ၂ စု ၃ စု နဲ့
ပေါင်းလုပ်တယ်။
ဆင်ထားတဲ့ အကွက်ထဲ ဝင်လာပါပြီ။ ပိုင်ရှင်က
တအံတအြ နဲ့လာကြည့်။ ဒါ ကျုပ်အကွက်။
ဒီမှာ ဂရမ်။ ဒီမှာ ချလန်။
ဟုတ်ကဲ့ ပြောင်းပေးပါ့မယ်။
ကလေးတွေ စာမေးပွဲပြီးတဲ့အထိ နေပါရစေ။
မိုးကုန်တဲ့အထိ နေပါရစေ။ မျက်ရည်ခံထိုး။
ရပ်ကွက်လူကြီးကလည်း.. သူတို့လေးတွေ
သနားပါတယ်ဗျာ ။
ရောက်စကတည်းက ကျနော်လည်းပြောတယ်
နေလို့မရဘူးလို့။ ဇာတ်တိုက်ပြီးသား။
နိဂုံးချုပ်တော့ ကျူးကျော် ၅ သိန်း။
ရပ်ကွက်လူကြီး ၃ သိန်း။
နောက်တစ်မျိုးက ဒီလို။ ပိုင်ရှင် ရောက်လာ။
ပြူးတူး ပြာတာ။
ဒါကျုပ် အကွက်။ ခင်ဗျားတို့ ချက်ချင်းထွက်။
ရဲတိုင်လိုက်မယ်။ ဘာမှတ်လဲ။ ဒါမျိုးဆို ပိုကြိုက်တယ်။
တိုင်ချင်တဲ့နေရာတိုင်။ ဒါကျမတို့ မြေနေရာ ။
နေလာတာ ၅ နှစ်ကျော် ၁၀ နှစ်တွင်း။ ဖယ်မပေးနိုင်ဘူး။
မိသားစု ၃-၄ စုလောက် ဝိုင်းလာ။ ထမီတွေ ရင်လျှားဝတ်။
စကားတွေများ။
ဒါရိုက်တာ ရပ်ကွက်လူကြီးက သူ့ ဟွာဟွေ့ ဖုန်းလေးနဲ့
ဓာတ်ပုံတွေ တဖြတ်ဖြတ်ရိုက်။ မှတ်တန်းတင်။
ဇာတ်နာအောင် ဇာတ်ညွှန်းပြင်။ အဆင်သင့်ထား။
ဇာတ်သိမ်းတော့။
ရဲ ၅ သိန်း။
ရပ်ကွက်လူကြီးများ အဖွဲ့ ၅ သိန်း။
ကျူးကျော် ၁၀ သိန်း။
ငွေရလာတော့ တရုတ် ဆိုင်ကယ်လေးဝယ်။
အပိုင်းတွေထဲ ရပ်ကွက်တွေထဲ မြေကွက်တွေလိုက်ကြည့်။
ဆက်မယ် ဆို ဆက်ရေးလို့ ရသေးတယ်။
(mr.lynn)
credit - The Myanmar Times & အိမ်ခြံမြေ သတင်း
No comments:
Post a Comment