“မြေငလျင်ကော်မတီ၏ သတိပေးချက်နှင့် အထပ်မြင့်
အဆောက်အအုံများ ငလျင်ဒဏ်ခံနိုင်ရည်အား ပိုရှိဖို့
ဆိုလျှင်”
၁။ "ရန်ကုန်နှင့် မြို့ကြီးအချို့ အင်အားပြင်း
မြေငလျင်အန္တရာယ်ရှိ"
စစ်ကိုင်းပြတ်ရွေ့၏ အနောက်ဘက် ၃၅ ကီလိုမီတာ
အကွာတွင် တည်ရှိနေသည့် ရန်ကုန်မြို့တော် အပါအဝင်
မြို့ကြီးအချို့မှာ အင်အားပြင်း မြေငလျင်လှုပ်ခတ်မည့်
အန္တရာယ် ရှိနေပြီး ငလျင်လှုပ်ခတ်ခဲ့ပါက အပျက်အစီး
အဆုံးအရှုံး များနိုင်ကြောင်း မြေငလျင်ကျွမ်းကျင်
ပညာရှင်များက ပြောကြားသည်။
အဆိုပါ စစ်ကိုင်းပြတ်ရွေ့တစ်လျှောက်ရှိ မြို့ကြီးများ
ဖြစ်သည့် မြစ်ကြီးနား၊ တကောင်း၊ သပိတ်ကျင်း၊ စစ်ကိုင်း၊
မန္တလေး၊ နေပြည်တော်၊ တောင်ငူ၊ ဖြူးနှင့် ပဲခူးမြို့
တို့သည် ချောက်မြေငလျင်ကဲ့သို့ အင်အားပြင်း
မြေငလျင်ကြီးများ လှုပ်ခတ်ခဲ့ပါက ဘေးအန္တရာယ်
ကြီးမားစွာ ကျရောက်နိုင်ပြီး အလားတူ လူဦးရေ
ထူထပ်များပြားသည့် ရန်ကုန်မြို့သည်လည်း
ဘေးအန္တရာယ်ကြီးစွာ ကျရောက်နိုင်ကြောင်း မြန်မာနိုင်ငံ
မြေငလျင်ကော်မတီက သတိပေးချက် ထုတ်ပြန်သည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့သည့်
အင်အား ၆ ဒသမ ၈ အဆင့်ရှိ ချောက်ငလျင်ကြောင့်
ပုဂံ-ညောင်ဦး ဒေသရှိ စေတီပုထိုးများ ပျက်စီးခဲ့ရပြီး
အဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့ရာတွင်
အဆိုပါငလျင်သည် မြေအောက်အနက် ၈၄ ကီလိုမီတာရှိ
ထိုးစိုက်ဇုန် (Subduction Zone) တွင် လှုပ်ခတ်ခဲ့သည့်
ငလျင်ဖြစ်ပြီး အထက်အောက် လှုပ်ရှားမှုကို ပိုမိုခံစား
ရကြောင်း၊ ပုဂံဘုရားများ၏ တည်ဆောက်ပုံစနစ်သည်
ယင်းအထက်အောက် လှုပ်ခတ်မှုနှင့် လိုက်လျောညီထွေ
ရှိသည့်အတွက် ထိခိုက်ပျက်စီး ဆုံးရှုံးမှု နည်းရခြင်း
ဖြစ်ကြောင်း အဆိုပါ ကော်မတီ အတွင်းရေးမှူး
ဒေါက်တာမျိုးသန့်က သုံးသပ်ပြောဆိုသည်။
“ *** လေ့လာချက်တွေအရ စစ်ကိုင်းပြတ်ရွေ့က
Active (လှုပ်ရှားမှု) ဖြစ်လာနေတဲ့အတွက် ဒီပြတ်ရွေ့
တစ်လျှောက်မှာ ရှိတဲ့မြို့တွေက အန္တရာယ်
ပိုများနေတယ် *** ” ဟု ၎င်းက ဆိုသည်။
ယင်းကြောင့်
*** မြန်မာနိုင်ငံ၏ အဓိက ပြတ်ရွေ့ကြော
ဖြစ်သည့် စစ်ကိုင်းပြတ်ရွေမှာ ဘေးတိုက်ပြတ်ရွေ့
ဖြစ်သည့်အတွက် ငလျင်လှုပ်ခတ်ခဲ့ပါက အထက်အောက်
လှုပ်ရှားမှုမျိုးထက် ဘေးတိုက်လှုပ်ရှားမှုကို ပို၍ခံစား
ရနိုင်ပြီး ထိခိုက်ပျက်စီး ဆုံးရှုံးမှု များနိုင်ကြောင်း ***
မြန်မာနိုင်ငံ မြေငလျင်ကော်မတီက သတိပေး
ပြောဆိုသည်။
***
၂။ "စည်ပင်ခွင့်ပြုချက်အတိုင်း ဆောက်ပါက
ငလျင်ဒဏ်ခံနိုင်ရည်အားပိုရှိမည်"
လွန်ခဲ့သောရက်သတ္တပတ်က မြန်မာနိုင်ငံ အလယ်ပိုင်းကို
ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့်နိုင်ငံအတွင်းရှိ ဒေသ
အနှံ့ အပြားတွင် ငလျင်ဒဏ်ခံစားခဲ့ရပြီး အချို့ မြို့ဒေသများရှိ
အဆောက်အအုံများနှင့်၊ စေတီပုထိုးများ ပြိုကျပျက်စီးသည်
အထိ ဖြစ်ပေါ်ခဲ့သည်။
ယင်းငလျင်လှုပ်ခတ်မှုတွင်ရန်ကုန်မြို့သည် ငလျင်ဒဏ်
အနည်းငယ်သာ ခံစားခဲ့ရသည့်အတွက်ရန်ကုန်မြို့ရှိ
အဆောက်အအုံများပြိုကျမှုတစ်စုံတစ်ရာ မရှိခဲ့သော်လည်း
အထပ်မြင့်အဆောက်အအုံများတွင် နေထိုင်ကြသည့်
ပြည်သူများမှာ စိုးရိမ်ကြောက်လန့် ခဲ့ကြသည်။
*** နိုင်ငံ၏ မြို့ပြအဖွံ့ဖြိုးဆုံးဖြစ်ပြီး အထပ်မြင့်
အဆောက်အအုံများ အများဆုံးရှိသည့် ရန်ကုန်မြို့သည်
ငလျင်ပြတ်ရွေ့ကြောများ ရှိသည့် မြန်မာနိုင်ငံ ငလျင်ဇုန်များ
ခွဲခြားသတ်မှတ်ထားရှိမှု ငါးခုအနက်ပျက်စီးမှု
အသင့်အတင့်ဇုန် (Zone 2 B) တွင် ပါဝင်ကြောင်း ***
ငလျင်ဇုန်များပြမြေပုံများတွင်ဖော်ပြထားသည်။
ထို့ကြောင့် ရန်ကုန်မြို့ရှိ အထပ်မြင့် အဆောက်အအုံများ
အတွက် စည်ပင်သာယာ ရေးကော်မတီအင်ဂျင်နီယာဌာန
(အဆောက် အအုံ)နှင့် အထပ်မြင့်အဆောက်အအုံ
တည်ဆောက်ရေးစီမံကိန်းများကြီးကြပ်စိစစ်ရေး ပညာရှင်
အဖွဲ့ (CQHP) က အဆိုပါ ပျက်စီးမှု အသင့်အတင့်ဇုန်
(Zone 2 B)၏ခံနိုင်ရည်အားရှိသည့် တည်ဆောက်ရေး
ဒီဇိုင်းဖြင့် တွက်ချက်ဆောက်လုပ်ရန် ညွှန်ကြားထားပြီး
ဖြစ်ကြောင်း အင်ဂျင်နီယာဌာန (အဆောက်အအုံ) ၏
လက်ထောက်ဌာနမှူး ဦးနေ၀င်းကပြောသည်။
"ပြီးခဲ့တဲ့ ၂၀၁၂ လောက်ကတည်းက မြန်မာ ငလျင်အသင်း
တို့က သေချာလေ့လာပြီး ရန်ကုန်ကိုဇုန် ၂ ဘီထဲ
ထည့်လိုက်တယ်။ အဲဒါကြောင့် အဲဒီနောက်ပိုင်း ရန်ကုန်မှာ
အထပ်မြင့်ဆောက်တဲ့အခါ အဆောက်အအုံ ဒီဇိုင်းကို
CQHP က စိစစ်ရေးပညာရှင်တွေကလည်း ဒီအပေါ်မှာပဲ
အခြေခံပြီးတွက်ဖို့ပဲညွှန်ကြားထားပြီးသား။အဲလိုတွက်ထား
တဲ့ နည်းနဲ့ပဲ အဆောက်အအုံတွေကို စိစစ်ခွင့်ပြု
ပေးတယ်" ဟု ၎င်းကပြောသည်။
အဆိုပါစည်ပင်သာယာရေးကော်မတီက ဆောက်လုပ်ရန်
ညွှန်ကြားထားသည့် အဆောက်အအုံများသည် မြေကြီးအရွေ့
ဝ ဒဿမ ၂ ဂျီ (0.2G) ထိ ခံနိုင်ရည်ရှိသည့် အဆောက်အအုံ
ဒီဇိုင်းဖြင့်သာ တည်ဆောက်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း
၎င်းက ပြောသည်။
(ကမ္ဘာမြေကြီး၏ ဆွဲငင်အားသည် G ရှိပြီး ကမ္ဘာမြေရွေ့လျားမှု
ဝ ဒဿမ ၂ (0.2G) ဖြစ်ပေါ်မှုအထိခံနိုင်ရည်အား ရှိမည်
ဖြစ်သည်။)
"ကော်မတီရဲ့ ညွှန်ကြားထားတဲ့အတိုင်း ဆောက်တဲ့ အထပ်မြင့်
တွေကတော့အရွေ့ ၀ ဒဿမ ၂ ဂျီ (0.2G) အထိ ခံနိုင်ရည်အား
ရှိမှာပါ၊ ဒါပေမဲ့ ဒါက ငလျင်လှုပ်ခတ်မှု ရစ်ခ်ျ်တာစကေး
အနည်းအများနဲ့ မဆိုင်ဘူး။ ရစ်ခ်ျတာစကေး နည်းပေမဲ့ အရွေ့က
ပြင်းနေရင် (0.2G) ကျော်သွားရင်တော့အဆောက်အအုံတွေက
ခံနိုင်မှာမဟုတ်ဘူး၊ ဒါပေမဲ့ သတ်မှတ်ချက်အတိုင်း ဆောက်မယ်
ဆိုရင်ငလျင်လှုပ်လာခဲ့ရင် ချက်ခြင်းတော့ ပြိုမကျသွားဘူး။
အသက်ကယ်လို့ရအောင် လူတွေပြေးချိန်ရှိတဲ့အထိတော့
တောင့်ခံနိုင် မယ့်အနေအထားရှိတယ်"ဟု ဦးနေ၀င်းက
မြန်မာတိုင်း(မ်)ကို ပြောသည်။
*** သုံးထပ်နှင့်အထက်မှ ရှစ်ထပ်ခန့်ထိ အဆောက်အအုံ
များကိုမူ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက
မြေငလျင် ဒဏ်ခံ အသေးစိတ်ပုံစနစ်ကို ထုတ်ပြန်ထားပြီး
ဖြစ်ကာ
ခွင့်ပြုချက်ဖြင့် တည်ဆောက်သည့်အဆောက်အအုံများက
ခွင့်ပြုချက်မဲ့အဆောက် အအုံများထက် ငလျင်ဒဏ်ခံနိုင်မှု
များမည် ဖြစ်ကြောင်း *** ၎င်းက ပြောသည်။
" * တရားဝင်ခွင့်ပြုပြီး ဒီဇိုင်းအတိုင်းတွက်ချက်ပြီးဆောက်တဲ့
အဆောက်အအုံတွေက ငလျင်ဒဏ်ကိုတော်ရုံခံနိုင်တယ်။
ပါမစ်မပါဘဲ လုပ်တဲ့ဟာတွေ၊ ဒဏ်ကြေးနဲ့ ပါမစ်ပေးလိုက်တဲ့
အဆောက်အအုံတွေကတော့ ငလျင်ကြောင့် ပြိုနိုင်တဲ့
အနေအထားများတယ်။ လက်ရှိမှာတော့ တရားစွဲထားတာ
အလုံး ၂,၀၀၀ ကျော်ရှိတယ်။ အားလုံးကိုတော့ မပြောပါဘူး၊
ဒါပေမဲ့ အများစုကတော့ ငလျင်ခပ်ပြင်းပြင်းလှုပ်လာရင်
ပြိုနိုင်ခြေများတယ် * " ဟု ဦးနေ၀င်းက ပြောသည်။
(မြတ်ငြိမ်းအေး)
credit - The Voice & The Myanmar Times
No comments:
Post a Comment