Tuesday, October 25, 2016

“သမ္မတ အတည်ပြုထုတ်ပြန်လိုက်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် ၄င်းဥပဒေသစ်မှ ထူးခြားပုဒ်မများ”

“သမ္မတ အတည်ပြုထုတ်ပြန်လိုက်သည့် မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် ၄င်းဥပဒေသစ်မှ
ထူးခြားပုဒ်မများ”


၁။ "မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကို သမ္မတ
အတည်ပြုထုတ်ပြန်"

ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းပြီးဖြစ်တဲ့
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကို နိုင်ငံတော် သမ္မတ
ဦးထင်ကျော်က အောက်တိုဘာ ၁၈ ရက်နေ့စွဲနဲ့
လက်မှတ်ရေးထိုး အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံသားတွေရဲ့ အကျိုးစီးပွားအတွက်
- သဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုမရှိတဲ့၊ တာဝန်ယူမှု
ရှိတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်လာစေဖို့၊
- ရင်းနှီးမြှုပ်နှံသူတွေကို အကာကွယ်ပေးဖို့၊
- ပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေပေါ်လာ
စေဖို့ နဲ့
- လူသားအရင်းအမြစ် ဖွံ့ဖြိုးလာစေဖို့ စတာတွေအတွက် 
ရည်ရွယ်တယ်လို့ ဒီဥပဒေမှာဖော်ပြပါတယ်။

အရင်က မြန်မာနိုင်ငံမှာ နိုင်ငံသားရင်းနှီးမြှုပ်နှံသူတွေ
အတွက် ဥပဒေတခု၊ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေ
အတွက် ဥပဒေတစ်ခုဆိုပြီး သီးခြား ဥပဒေ နှစ်ခုရှိနေရာ
ကနေ  လက်ရှိ အစိုးရ သစ်လက်ထက်မှာ ဥပဒေတခုထဲ
အဖြစ် ပေါင်းစည်းပြီး ထုတ်ပြန်ပြဌာန်းလိုက်တာပါ။

*** ပုဒ်မ ၁၀၀ ကျော်ပါတဲ့ ဒီဥပဒေမှာ ဥပဒေနဲ့အညီ
ဆောင်ရွက်တဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို
နိုင်ငံပိုင်သိမ်းယူတာတွေ မလုပ်ဘူးလို့ အာမခံထားသလို
နှစ်ရှည်မြေနဲ့ အဆောက်အအုံ ငှားရမ်းခွင့်ကို ကနဦး
နှစ် ၅၀၊ သက်တမ်းတိုးခွင့် ၁၀ နှစ် နှစ်ကြိမ် စုစုပေါင်း
နှစ် ၇၀ ထိလုပ်ကိုင်ခွင့် ပေးထားပါတယ်။ ***

ဒါ့အပြင် ရင်းနှီးမြှုပ်နှံသူတွေကို မက်လုံးပေးဆွဲဆောင်တဲ့
အနေနဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေရဲ့ဖွံ့ဖြိုးတိုးတက်မှု
အခြေအနေပေါ်မူတည်ပြီး ဇုန် ၃ဇုန်ခွဲထားကာ 
ရင်းနှီးမြှုပ်နှံသူတွေ အတွက် ၃ နှစ်ကနေ ၇ နှစ်ထိ
ဝင်ငွေခွန်ကင်းလွတ်ခွင့်လည်း ပေးထားပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို 
ပြည်သူ့လွှတ်တော်မှာ  ပြင်ဆင်ချက်တွေပြုလုပ် ဆွေးနွေး
တာတွေလုပ်ခဲ့ပေမယ့်  အမျိုးသားလွှတ်တော်မှာတော့
ပြင်ဆင်ဖြည့်စွက်ဆွေးနွေးတာတွေ မလုပ်ဘဲ အမြန်
အတည်ပြုခဲ့တာဖြစ်ပါတယ်။

***

၂။ "ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်၏ ထူးခြားပုဒ်မများ"

မကြာသေးခင်က လွှတ်တော် နှစ်ရပ်လုံးတွင် မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှု ဥပဒေ အသစ်ကို အတည်ပြုလိုက်သည်။

လက်ရှိ ကျင့်သုံးနေသော ၂ဝ၁၂ ခုနှစ် နိုင်ငံခြား ရင်းနှီး
မြှုပ်နှံမှုနှင့် ၂ဝ၁၃ ခုနှစ် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု
ဥပဒေ နှစ်ခုကို ပေါင်းစည်းကာ တစ်ခုတည်းသော 
ရင်းနှီးမြှုပ်နှံမှု ဥပဒေအဖြစ် ပြန်လည် ရေးဆွဲလိုက်ခြင်း
ဖြစ်သည်။

အဆိုပါ ဥပဒေသစ် ထွက်ပြီးနောက်တွင် အသေးစိတ်
ရေးဆွဲထားသော ရင်းနှီးမြှုပ်နှံမှု မူဝါဒကို ထပ်မံ
ထုတ်ပြန်ဦးမည် ဖြစ်သည်။

ဥပဒေသစ်အရ စီးပွားရေး လုပ်ငန်းတိုင်း မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက် ရယူရန် မလိုအပ်ဘဲ
- နိုင်ငံတော်အတွက် မဟာဗျူဟာအရ အရေးကြီးသော 
ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း၊
- ငွေကြေး အရင်းအနှီး ကြီးမားသော လုပ်ငန်း၊
- နိုင်ငံပိုင်မြေနှင့် အဆောက်အအုံများ အသုံးပြုသည့်
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှင့် ခွင့်ပြုချက်ရယူရန်
လိုအပ်ကြောင်း ပုဒ်မ ၃၆ တွင် ဖော်ပြထားသည်။

အခြား ထူးခြားသော၊ အသစ်ဖြစ်သော ပုဒ်မများလည်း
ရှိသည်။

ပုဒ်မ ၄၇၊ ၄၈ - သာတူညီမျှ ဆက်ဆံရေး
-------------------------------------------

ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်တွင်  နိုင်ငံခြားနှင့် နိုင်ငံသား
မည်သူမဆို ရင်းနှီး မြှုပ်နှံမှု ပြုလုပ်လျှင် သာတူညီမျှ ဆက်ဆံ
ဆောင်ရွက်မည် ဖြစ်ကြောင်း ပုဒ်မ ၄၇ ပြဋ္ဌာန်းထားသည်။

“ဒီထဲမှာ Level Play Field (သာတူ ညီမျှ ဆက်ဆံရေး)
ပါလာတော့ အရင်ထက် ပြိုင်ဆိုင်မှုတွေ ရှိလာမယ်။
မယှဉ်နိုင်သူကတော့ မရဘူးပေါ့” ဟု စီးပွားရေးမူဝါဒ
ပညာရှင် ဒေါက်တာအောင်ကိုကိုက ဆိုသည်။

ယခင် ဥပဒေများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ
ဝင်ရောက်လာစေရန် ပိုမိုမက်လုံးပေးမှုများရှိခဲ့ပြီး ယင်းအပေါ်
မြန်မာနိုင်ငံသား စီးပွားရေး လုပ်ငန်းရှင်များက ဝေဖန်မှု
ရှိခဲ့ကြသည်။

အခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့် ကဲ့သို့သော ကိစ္စရပ်မျိုးတွင်
နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူက နိုင်ငံသားထက် ပိုမို အခွင့်အရေး
ရခဲ့သည်။

“နိုင်ငံသားနဲ့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုက တစ်ခုထဲ
ရှိသင့်တယ်လို့ အရင်ကတည်းက ပြောခဲ့တယ်။ ပြီးတော့
အခွန်ကိစ္စမှာ မတူဘူးပေါ့။ အခုတော့ တန်းတူ ဖြစ်သွားတာ
ကောင်းပါတယ်”ဟု လှိုင်သာယာ စက်မှုဇုန် ဥက္ကဋ္ဌ
ဦးမြတ်သင်းအောင်က ပြောသည်။

သို့သော် သာတူညီမျှ ဆက်ဆံရေးတွင် ခြွင်းချက်ပုဒ်မ
တစ်ခုရှိသည်။

ယင်းမှာ -
* မြန်မာနိုင်ငံသား အသေးစား၊ အလတ်စား စီးပွားရေး
လုပ်ငန်းများအတွက် ငွေကြေးပံ့ပိုးမှု၊ အခြား အထောက်
အပံ့များ ပေးခြင်းနှင့် စီးပွားရေး လုပ်ငန်း ဆောင်ရွက်ချက်၊
မြေနေရာတို့တွင် အထူးနှင့် သာလွန်သော ကင်းလွတ်ခွင့်၊
သက်သာခွင့်များ ပေးနိုင်သည်ဆိုသော
ပုဒ်မ ၇၆ ဖြစ်သည်။ *

မြေအသုံးပြုခွင့် ပုဒ်မ ၅ဝ
--------------------------

မြေအသုံးပြုခွင့်ကို ကနဦး ခွင့်ပြုနှစ် ငါးဆယ်နှင့်
တစ်ဆက်တည်း သက်တမ်းတိုးခွင့် ဆယ်နှစ် နှစ်ကြိမ် ငှားရမ်း
လုပ်ကိုင်ခွင့် ပြုထားပြီး ထူးခြားချက်မှာ နှစ်ရှည်မြေ သို့မဟုတ်
အဆောက်အအုံ ငှားရမ်းခွင့် ဆိုသည့်အချက်ဖြစ်သည်။

“အရင်ထက်စာရင် နှစ်ကာလကြာကြာ မြေငှားရမ်း ရင်းနှီးမြှုပ်နှံ
နိုင်မယ်။ ပိုပြီးတော့ သိသိသာသာလေး မက်လုံးပေးထားတယ်။
အဲဒါက တော်တော်လေး ထူးခြားတယ်။ ရင်းနှီးမြှုပ်နှံသူလည်း
အကျိုးရှိ၊  နိုင်ငံအတွက်လည်း အကျိုးရှိတာပေါ့” ဟု
ဒေါက်တာအောင်ကိုကိုက ဆိုသည်။

ထို့အပြင် ပုဒ်မ ၅ဝ၊ ပုဒ်မခွဲ (င) တွင် နိုင်ငံသား ရင်းနှီးမြှုပ်နှံသူ
များကို မြေ အသုံးချမှု၊ မြေငှားရမ်းမှုနှင့် ပတ်သက်၍ ပိုမို
ကောင်းမွန်သော သတ်မှတ်ချက်နှင့် အခွင့်အရေးများ
ခွင့်ပြုပေးနိုင်ကြောင်း ဖော်ပြထားသည်။

ယင်းပုဒ်မနှင့် ပတ်သက်၍
နိုင်ငံသားများကို အခွင့်အရေး ပိုပေးထားခြင်းသည် နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်စေချင်သည့် ရည်ရွယ်ချက်ကို
အတားအဆီး ဖြစ်စေနိုင်သည့်အတွက် ပယ်ဖျက်ပေးရန်
ဖျာပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထွဋ်က
အဆို တင်ခဲ့သေးသည်။

မဲခွဲဆုံးဖြတ်ချက်အရ ၎င်း၏အဆို ရှုံးနိမ့်ခဲ့သည်။

“မြေငှားရမ်းမှုနဲ့ ပတ်သက်လို့ နိုင်ငံသားတွေကို အခွင့်အရေး
ပိုပေးထားတာ ကောင်းပါတယ်။ ဒါပေမဲ့ သိပ်မရှင်းလင်း
သေးတာက မြေအသစ်ပေါ်မှာ စက်ရုံအသစ် ဆောက်ပြီး
ပြည်ပကို ကုန်ပစ္စည်း တင်ပို့နိုင်မှ ဒီအခွင့်အရေးကို ရမှာလား
ဆိုတာပဲ”ဟု စီးပွားရေးလုပ်ငန်းရှင် ဦးမြတ်သင်းအောင်က
ဆိုသည်။

အလုပ်သမား ခန့်ထားမှု ပုဒ်မ ၅၁
------------------------------------

ယခင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေတွင် နိုင်ငံခြား ရင်းနှီး
မြှုပ်နှံမှု လုပ်ငန်းများ၌ ပြည်တွင်း ကျွမ်းကျင် ဝန်ထမ်းများကို
နှစ်ကာလအလိုက် ဦးရေ ကန့်သတ်ချက်ဖြင့်  ခန့်အပ်
တာဝန်ပေးရန် ပြဋ္ဌာန်း ခဲ့သော်လည်း ယခု ဥပဒေ အသစ်တွင်
ယင်းပြဋ္ဌာန်းချက် မပါဝင်တော့ပေ။

ယင်းပြဋ္ဌာန်းချက်အစား အကြီးတန်း စီမံခန့်ခွဲမှုနှင့် နည်းပညာ
လုပ်ငန်း ကျွမ်းကျင်သူများကို မည်သည့် နိုင်ငံသားမဆို
ခန့်အပ်ခွင့်ပြုထားပြီး ကျွမ်းကျင်ဝန်ထမ်းနေရာ လိုအပ်ချက်
အတွက် ပြည်တွင်း အလုပ်သမားများကို စွမ်းဆောင်ရည်
မြှင့်တင်ရေး အစီအစဉ် ဆောင်ရွက်ကာ အစားထိုး
ခန့်အပ်ရန် ပုဒ်မ ၅၁ တွင် ပြဋ္ဌာန်းထားသည်။

“ဥပဒေ ပြဋ္ဌာန်းချက်အတိုင်း ကုမ္ပဏီတွေဘက်က ဝန်ထမ်း
တွေကို စွမ်းရည်မြှင့်သင်တန်းတွေ တက်ခိုင်းတာ၊ ပြီးရင်
အရည်အချင်းနဲ့ ကိုက်ညီတဲ့နေရာမှာ တကယ်  တာဝန်
ထမ်းဆောင်ခိုင်းတာမျိုး ဖြစ်လာအောင် အစိုးရဘက်က
ကြီးကြပ်ဖို့ လိုမယ်”ဟု နိုင်ငံခြားကုမ္ပဏီ တစ်ခုတွင်
လက်ထောက် မန်နေဂျာအဖြစ် လုပ်ကိုင်နေသူ တစ်ဦးက 
ဆိုသည်။

အလုပ်သမားများ ရပိုင်ခွင့် အခွင့်အရေးအတွက် ထပ်တိုး
ပြဋ္ဌာန်းချက် တစ်ခု ရှိသည်။

ယင်းမှာ
* ရင်းနှီးမြှုပ်နှံမှုကို ယာယီ ပိတ်သိမ်းထားချိန်အတွင်း
ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ အလုပ်သမားများကို
လုပ်ခ၊ လစာ ပေးရမည်ဖြစ်ကြောင်း ပုဒ်မ ၆၅ (ည) တွင်
ပြဋ္ဌာန်းထားသည်။ *

အထူးခြားဆုံး ပုဒ်မ ၇၄၊ ၇၅
------------------------------

ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် နှစ်ရပ်လုံးတွင်
အတည်ပြုပြီးသော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံဥပဒေ အသစ်၏
အထူးခြားဆုံးနှင့် ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားမှု
အများဆုံးမှာ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များ ဖြစ်သည်။

* ယခုဥပဒေ အသစ်တွင် ရင်းနှီးမြှုပ်နှံသူတိုင်းကို အခွန်ကင်း
လွတ်ခွင့်၊ သက်သာ ခွင့် တစ်ပြေးညီ ပေးထားခြင်း မရှိဘဲ
ဒေသအလိုက် ဖွံ့ဖြိုးမှု အနည်းအများပေါ် မူတည်ကာ
ဝင်ငွေခွန် ကင်းလွတ်ခွင့်ကို ခွင့်ပြုထားသည်။ *

- ဖွံ့ဖြိုးမှု အနိမ့်ဆုံး ဒေသများကို ဇုန် (၁)၊
- ဖွံ့ဖြိုးမှု အလယ်အလတ် ဒေသများကို ဇုန် (၂) နှင့်
- ဖွံ့ဖြိုးမှုရှိပြီး ဒေသများကို ဇုန် (၃) ဟူ၍ ခွဲခြားထားပြီး
ရင်းနှီးမြှုပ်နှံသည့်  ဇုန်အလိုက် ဝင်ငွေခွန် ကင်းလွတ်ခွင့်နှင့်
သက်သာခွင့်များ ကွာခြားမည်ဖြစ်သည်။

ဝင်ငွေခွန် ကင်းလွတ်ခွင့်ကို
- ဇုန် (၁) တွင် ခုနစ်နှစ်၊
- ဇုန် (၂) တွင် ငါးနှစ်နှင့်
- ဇုန် (၃) တွင် သုံးနှစ်အထိ ခွင့်ပြုနိုင်ကြောင်း 
ပုဒ်မ ၇၅ (က) တွင် ပြဋ္ဌာန်းထားသည်။

“ဖွံ့ဖြိုးမှုနည်းတဲ့ ဒေသတွေမှာ ရင်းနှီးမြှုပ်နှံရင်
အခွန်ကင်းလွတ်ခွင့် ပိုပေးတာ ကောင်းတယ်။
အဲဒီ ဒေသတွေလည်း အလုပ် ပိုဖြစ်လာနိုင်တာပေါ့”ဟု 
ဦးမြတ်သင်းအောင်က ပြောသည်။

ထို့ပြင် ပုဒ်မ ၇၇ (ခ) တွင်
* ပြည်ပသို့ တင်ပို့သည် ထုတ်ကုန်များ ထုတ်လုပ်ရန်
လိုအပ်သော ကုန်ကြမ်း ပစ္စည်းများကို အကောက်ခွန်နှင့်
ပြည်တွင်းအခွန် အကောက် ကင်းလွတ်ခွင့်၊
သက်သာခွင့်ပြုမည့် ပြဋ္ဌာန်းချက်ဖြစ်သည်။ *

“အရင်ကတော့ ပြည်ပကို ကုန်ပစ္စည်း မပို့လည်း
ကင်းလွတ်ခွင့် ပေးထားတာ။
အခုကတော့ ပြည်ပကို Export ပို့ရင် အခွန်
ကင်းလွတ်ခွင့် ပေးမယ် ဆိုတာမျိုးက ထူးခြားချက်ပဲ။
ပြည်ပ ပို့ကုန် တက်လာအောင် လုပ်တာပဲ”ဟု
ဒေါက်တာအောင်ကိုကိုက  သုံးသပ်သည်။

ယခင် ရင်းနှီးမြှုပ်နှံမှု ဥပဒေများတွင် မပါဝင်ခဲ့သော
ခြွင်းချက်ပြုရမည့် အချက်များနှင့် လုံခြုံရေးဆိုင်ရာ
ကင်းလွတ်ခွင့်များမှာလည်း ဥပဒေအသစ်၏
ထူးခြားချက် ဖြစ်သည်။

ယခုဥပဒေ အသစ်၏
အခန်း (၂၂)၊  ပုဒ်မ ၉ဝ တွင် နိုင်ငံတော်၏ လုံခြုံရေး
ကိစ္စကို ကာကွယ်ရန်အတွက် တပ်မတော်နှင့် အခြား
လုံခြုံရေး အဖွဲ့များကို လက်နက်ခဲယမ်း မီးကျောက်၊
စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ရန်နှင့် နိုင်ငံတကာ
ဆက်ဆံရေးတွင် စစ်ဖြစ်ပွားခြင်းနှင့် အခြားအရေးပေါ်
အခြေအနေများတွင် လိုအပ်သလို ဆောင်ရွက်ချက်များ
ကို တားမြစ်ခြင်း မပြုရန် ပြဋ္ဌာန်းထားသည်။

နိုင်ငံခြားနှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေ နှစ်ခု
ပေါင်းထားသည့် ဥပဒေအသစ်ကို ပြဋ္ဌာန်းပြီးချိန်တွင်
ရင်းနှီးမြှုပ်နှံမှုများ မည်မျှ ဝင်ရောက်လာမည်နည်း။

“ဒီဥပဒေကို သိပ်ကောင်းတယ် ဆိုတာမျိုး စကားဦးသန်းပြီး
မပြောချင်ဘူး။ တကယ် ကျင့်သုံးချိန်မှာ လိုအပ်ချက်တွေ 
အများကြီး ရှိဦးမယ်၊ ဒီဥပဒေ ထွက်ပြီးတော့မှ  မူဝါဒ
ထပ်ထွက်လာမယ်။ အဲဒီတော့ ဒီဥပဒေ  မထွက်လာသေးဘူး
ဆိုရင် တကယ်လာချင်တဲ့ ရင်းနှီးမြှုပ်နှံသူတွေက
ဘာလုပ်ရမှန်း မသိဘူး ဖြစ်နေတယ်”ဟု ဘဏ်လုပ်ငန်းနှင့် 
စီးပွားရေးလုပ်ငန်း အကြံပေး ဦးရဲမင်းဦးက  ဆိုသည်။

“အဓိက အရေးကြီးဆုံးက ဒီဥပဒေ မြန်မြန်ထွက်လာဖို့ပဲ”

(စစ်ငြိမ်းသူ)

credit - DVB & The Voice

(စာကြွင်း)

အိမ်ခြံမြေ အကြောင်းအရာများနှင့် 
တိုက်ရိုက်မသက်ဆိုင်သော်လည်း
သွယ်ဝိုက်ပတ်သက်မှု့ ရှိသည့်
စီးပွါးရေးဆိုင်ရာ ဆောင်းပါး/သတင်းများ ဖြစ်နေပါသဖြင့်
မိတ်ဆွေများ လေ့လာနိုင်ရန် တင်ခဲ့ခြင်းဖြစ်ပါသည်။

“အိမ်ခြံမြေ လမ်းဆုံ”

No comments:

Post a Comment