Tuesday, October 25, 2016

“မြေယာကိုအခြားနည်းသုံးစွဲခြင်း၏ နောက်ဆက်တွဲ သတင်းများ”

“မြေယာကိုအခြားနည်းသုံးစွဲခြင်း၏ နောက်ဆက်တွဲ
သတင်းများ”


၁။ "မြေယာကိုအခြားနည်းသုံးစွဲခွင့် လျှောက်ထားမှု
ထက်ဝက်နီးပါး ပြန်လည်ရုပ်သိမ်းမည်"

ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ဖို့ မြေယာကို အခြားနည်း သုံးစွဲခွင့်
တင်ထားတဲ့မြေတွေရဲ့ ထက်ဝက်နီးပါးက လုပ်ငန်း
အကောင်အထည်ဖော်ဆောင်ရွက်တာမရှိလို့ အခြားနည်း
သုံးစွဲခွင့်ကို ပြန်လည်ရုပ်သိမ်းဖို့ရှိတယ်လို့ မန္တလေးတိုင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန
ဝန်ကြီးဒေါက်တာစိုးသန်းက ပြောပါတယ်။

မြေကို အခြားနည်းသုံးစွဲခွင့်  ၃၀(ခ) သုံးစွဲဖို့
အချိန် ခြောက်လသတ်မှတ်ပေးထားတယ်။ သတ်မှတ်ကာလ
အတွင်းမှာ အကောင်အထည်မဖော်ရင် အခြားနည်းသုံးစွဲခွင့်
ကို ပြန်လည်ရုပ်သိမ်းမှာဖြစ်တယ်။ မန္တလေးတိုင်းအတွင်းမှာ
အခြားနည်းသုံးစွဲခွင့်အတွက် ဧက ၃၀ဝ၀ ကျော်ရှိပြီး
မြေလွတ်မြေရိုင်းကတော့ ဧက ၃၀,ဝ၀ဝ ကျော်ရှိတယ်လို့
သိရပါတယ်။

ဝန်ကြီးဒေါက်တာစိုးသန်းက
“ဟိုတယ်တည်ဆောက်ဖို့တင်တယ်၊ ခြောက်လတော့
ပြည့်နေပြီ၊ ဒါပေမဲ့ တည်ဆောက်ခွင့် ဟိုတယ်ခရီးကပေးတာ၊
ပါမစ်မရသေးလို့ မဆောက်နိုင်တာလဲ ရှိတယ်၊ ပါမစ်မရလို့
မဆောက်နိုင်ရင် အခြားကိစ္စတစ်ခုတော့ လုပ်ထားပေါ့၊
ဥပမာ အုတ်တံတိုင်း ခတ်တာမျိုး၊ ဖောင်ဒေးရှင်းတူးတာမျိုး
လုပ်ထားရင် နည်းနည်းတော့ ပြန်စဉ်းစားပေးမှာပေါ့၊ ဒါပေမဲ့
လုံးဝမလုပ်ထားတဲ့သူကတော့ မရဘူး၊ ခြောက်လအတွင်း
အသုံးမပြုဘူးဆိုတဲ့ မှတ်ချက်နဲ့ ဗဟိုကိုတင်မယ်၊
ဗဟိုက အတည်ပြုပေးမယ်၊ ပြန်ရုပ်သိမ်းမယ်" လို့
ပြောပါတယ်။

မန္တလးတိုင်းအတွင်းမှာ မြေယာတွေကို အခြားနည်း
သုံးစွဲခွင့်နဲ့ လျှောက်ထားမှု အများဆုံးမြို့နယ်က အမရပူရ
မြို့နယ်ဖြစ် ပြီး မြေလွတ်မြေရိုင်းအများဆုံးမြို့နယ်ကတော့
ပုသိမ်ကြီးမြို့နယ်နဲ့ ပြင်ဦးလွင်မြို့ နယ်တို့ ဖြစ်ပါတယ်။

“စီမံကိန်းတစ်ခုက လာပြောတယ်၊ ရေဝင်သွားလို့ပါဆိုပြီး၊
ခင်ဗျားတို့ရေဝင်မှာ အစကတည်းက မသိဘူးလား၊
ဒီနေရာကရေဝင်နေကျ၊ ရေဝင်နေကျဧရိယာမှာ ဘာလို့
စီမံကိန်းအတွက်တင်ကြလဲ၊ အခြားနည်း သုံးခွင့်တင်တယ်၊
ဘာမှမလုပ်သေးဘူး၊ အများစုတော်တော်များများက
မြေဦးပြီး ရောင်းစားမယ့်သူတွေများတယ်”လို့
ဒေါက်တာစိုးသန်းက ပြောပါတယ်။

အခုလိုလုပ်ရတာဟာ မြေဦးပြီး ရောင်းစားတာတွေ မဖြစ်ဖို့၊
ဈေးကစားတာတွေ မဖြစ်ဖို့ လုပ်ဆောင်နေတာပါ။
လက်ရှိအစိုး ရထိပ်ပိုင်းခေါင်းဆောင်တွေအနေနဲ့လည်း
စိုက်ပျိုးမြေကို ထပ်အဆုံးရှုံးခံဖို့ ရည်ရွယ်ချက်မရှိ
ကြဘူးလို့ ဆိုပါတယ်။

ဒေါက်တာစိုးသန်းက
“လက်ရှိအစိုးရသစ်လက်ထက်မှာ ၃၀ (ခ) ကို ပုဂ္ဂိုလ်တွေ
အတွက် ချပေးတာလုံးဝမရှိဘူး၊ စာသင်ကျောင်း၊ ဆေးရုံနဲ့
သာသနိက အဆောက်အအုံတွေအတွက်ပဲ ချပေးတယ်”လို့
ပြောပါတယ်။

လက်ရှိစစ်ဆေးထားမှုအခြေအနေ တွေအရ အခြားနည်း
သုံးစွဲခွင့်ကို လူတစ်ဦး တစ်ယောက်တည်းက ဧကရာဂဏန်း
အထိ လျှောက်ထားတာတွေရှိတယ်။ ကွင်းဆင်းစစ်ဆေး
နေပြီး ပထမဆုံးအနေနဲ့ မြို့နယ်မှာ စတင်စစ်ဆေးတယ်။
ခရိုင်ကနေ တစ်ဆင့် တိုင်းဒေသကြီးလယ်ယာစီမံခန့် ခွဲရေး
အဖွဲ့ကို တင်ပြရမှာဖြစ်တယ်။

အခုလအတွင်းမှာပဲ တိုင်းဒေသကြီးအဆင့် လယ်ယာမြေ
စီမံခန့်ခွဲရေးအဖွဲ့အစည်းအဝေးပြုလုပ်ဖို့ရှိပါတယ်။
ဗဟိုလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ရဲ့ အတည်ပြုချက်
ရတာနဲ့ နှစ်လအတွင်းမှာ ဆောင်ရွက်မှာဖြစ်တယ်။

“အခြားနည်းအသုံးပြုခွင့်ပြန်သိမ်းလိုက်ပြီဆိုမှတော့
လယ်ကလယ်ပြန်လုပ်၊ ယာကယာ ပြန်လုပ်ရမယ်၊
ပြန်ပြီး အသုံးပြုချင်တယ်ဆိုရင်မြေစာရင်းမှာ ပြန်လျှောက်”
လို့ ဝန်ကြီးဒေါက်တာစိုးသန်းက ပြောပါတယ်။

(ခေမဏီ)

***

၂။ "လယ်ယာမြေအကွက်ရိုက်ပြသနာကြောင့် ပြင်ဦးလွင်
အိမ်ခြံမြေဈေးကွက် အေးစက်"

မြေအရောင်းအဝယ်နဲ့ပတ်သက်ပြီး အရှုပ်အရှင်းပြသနာ
တွေကြောင့် ပြင်ဦးလွင်အိမ်ခြံမြေဈေးကွက်မှာ
မြေအရောင်းအဝယ်ရပ်တန့်နေပြီး ဈေးနှုန်းပါ ကျဆင်း
လာတယ်လို့ နယ်မြေအကျိုးဆောင် တချို့က ပြောပါတယ်။

- လယ်ယာမြေ အကွက်ရိုက်ရောင်းချမှုတွေ ၊
- သစ်တောမြေ အကွက်ရိုက်ရောင်းချမှုတွေ စတဲ့ လွှဲပြောင်း
ရောင်းဝယ်ခွင့်မရှိတဲ့ မြေရောင်းဝယ်မှုတွေကို
ပြင်းပြင်းထန်ထန်တားဆီးပိတ်ပင်ဖို့ အာဏာပိုင်တွေဘက်က
ကြိုးစားလာတာကြောင့် မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်ရှိ
လယ်ယာမြေ အကွက်ရိုက်ကွက်တွေမှာ မြေပိုင်ဆိုင်မှု
အရှုပ်အရှင်း ၊ ငွေကြေးအရှုပ်အရှင်း ပြသနာတွေ
ပေါ်ပေါက်နေပါတယ်။

ဝယ်သူမရှိ
------------

အဆိုပါ အရှုပ်အရှင်းပြသနာကြောင့် တစ်ချိန်က
အရောင်းအဝယ်သွက်ခဲ့တဲ့ ပြင်ဦးလွင်မြို့နယ်ရှိ လယ်ယာမြေ
အရောင်းအဝယ်ဈေးကွက် တစ်ခုလုံးမှာ အခုအခါဝယ်သူ
မရှိဘဲ ဖြစ်နေတယ်လို့ နယ်ခံမြေပွဲစားအချို့က ပြောပါတယ် ။

"ခွင်ပြုချက်မဲ့ အကွက်ရိုက်တွေက သိန်း ၊ သောင်းရှိတယ် ၊
အဲဒီမှာဖြစ်နေတဲ့ ပြသနာတွေက အများကြီးဆိုတော့
ဝယ်လက်က ပြင်ဦးလွင်ဆိုရင် သိပ်စိတ်မဝင်စားသလို
ဖြစ်နေတယ် ၊ မြို့ထဲက တရားဝင်မြေတွေတောင်
အရောင်းအဝယ်သိပ်မရှိဘူး"လို့
နယ်ခံမြေပွဲစား ဒေါ်သင်းသင်းက ပြောပါတယ် ။

ပြင်ဦးလွင်မြို့နယ် အနီးစခန်းလေယာဉ်ကွင်း အနီးရှိ
ဆင်ခေါင်းကြီး ကျေးရွာနေမြေအကျိုးဆောင် လုပ်ငန်းရှင်
တစ်ဦးကလည်း
"ဝယ်သူက တွန့်သွားပြီး ဘယ်လိုအာမခံခံ မယုံကြည်ချင်
တော့ဘူး ၊ နဂိုကတည်းမှ အေးနေတာ ၊ အခုဒီလိုကိစ္စတွေ
ဖြစ်တော့ အရောင်းအဝယ်က လုံးဝကို ရပ်သွားတာ ၊
ဘာမြေမှကို အရောင်းအဝယ်မဖြစ်ဘူး" လို့ပြောပါတယ်။

ဝယ်လက်မရှိလို့ အရောင်းအဝယ်ကျဆင်းလာတာနဲ့ အမျှ
ဈေးနှုန်းပါကျဆင်းလာခဲ့ပြီး အခုလဆန်းပိုင်းက
ကျပ် သိန်း ၈၀ ခန့်ပေါက်ဈေးရှိခဲ့တဲ့ ပေ ၄၀ ပတ်လည်
မြေကွက်ဆိုရင် အခုကျပ်သိန်း ၄၀ ခန့် ဈေးခေါ်ရောင်း
တာတောင် ဝယ်သူမရှိဘူးလို့ သိရပါတယ် ။

ပြင်ဦးလွင်မြေယာအရှုပ်အရှင်း ပြသနာကြောင့်
မန္တလေးပတ်ဝန်းကျင်ရှိ လယ်ယာမြေအရောင်းအဝယ်
ဈေးကွက်ကိုပါ ဂယက်ရိုက်စေပါတယ် ။

- မန္တလေးမြို့ကနေ ပြင်ဦးလွင်သွားတဲ့ ကားလမ်းဘေး
ပတ်ဝန်းကျင်က မြေယာတွေ ၊
- ပုသိမ်ကြီးမြို့နယ်သွား ကားလမ်းဘေးပတ်ဝန်းကျင်က
မြေယာတွေ ၊
- မတ္တရာဘက်သွားတဲ့ ကားလမ်းဘေးပတ်ဝန်းကျင်က
မြေယာတွေနဲ့
- စစ်ကိုင်း ၊ တံတားဦးပတ်ဝန်းကျင်က မြေယာတွေမှာပါ
အခုအခါအရောင်းအဝယ်ရပ်နေတယ်လို့
နယ်ခံအကျိုးဆောင်တစ်ချို့က ပြောပါတယ် ။

credit - Kumudra Journal

No comments:

Post a Comment