“နိုင်ငံအနှံ ဥပဒေနှင့်ညီညွတ်မှုမရှိသော မြေနေရာများ
အတွက် တပ်လှန့်သံများ”
၁။ "ပြင်ဦးလွင်တွင် သစ်တောမြေငှားရမ်းပြီး အကွက်ရိုက်
ရောင်းနေမှု အရေးယူရန် လွှတ်တော်အတည်ပြု"
ပြင်ဦးလွင်မြို့နယ်တွင် နှစ်ရှည်သီးနှံစိုက်ပျိုးရန် ၀န်ကြီးဌာနက
သစ်တောမြေများ ငှားရမ်းရယူပြီး အကွက်ရိုက်ရောင်းချနေခြင်း
နှင့် လက်လွှဲရောင်းချနေခြင်းကို ထိရောက်စွာ အရေးယူပေးရန်
တိုက်တွန်းကြောင်းအဆိုကို မန္တ လေးတိုင်းဒေသကြီး
လွှတ်တော်က အတည်ပြုခဲ့သည်။
စက်တင်ဘာ ၂၂ ရက်က ကျင်းပသည့် မန္တလေးတိုင်းဒေသကြီး
လွှတ်တော်တတိယပုံမှန်အစည်းအဝေးတွင် ပြင်ဦးလွင်မြို့နယ်
မဲဆန္ဒနယ်အမှတ်(၁) မှ တိုင်းဒေသကြီး လွှတ်တော်
ကိုယ်စားလှယ်ဦးအောင်မင်းက သစ်တောဦးစီးဌာနက
သစ်တောမြေများကို ကော်ဖီ၊ ပိုးစာနှင့် နှစ်ရှည်ပင်စိုက်ခင်းများ
ဆောင်ရွက်ရန် အကြောင်းပြချက်ဖြင့်ပုဂ္ဂလိကသို့ ဧကများစွာ
ချထားပေးပြီး ဥပဒေမဲ့ အကွက်ရိုက်ရောင်းချခြင်း၊ လွှဲပြောင်း
ရောင်းချခြင်းများကို ထိရောက်စွာ အရေးယူဆောင်ရွက်ရန်
တိုက်တွန်းကြောင်း အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။
ပြင်ဦးလွင်မြို့နယ်တွင် သစ်တောမြေဧက ၅၀,၀၀၀ ကျော်ကို
ပုဂ္ဂလိက လုပ်ငန်းရှင်များက နှစ်ရှည်သီးနှံများ စိုက်ပျိုးရန်
ဆိုကာ သစ်တောဌာနက ငှားရမ်းထားကြောင်း၊ သို့သော်
အမှန်တကယ်စိုက်ပျိုးလုပ်ကိုင်ခြင်းမရှိဘဲ မြေယာများ
အကွက်ရိုက်ရောင်းချခြင်း၊ လက်လွှဲရောင်းချခြင်းများ
ပြုလုပ်နေပြီး ဓားမဦးချလုပ်ကိုင်လာသည့် ဒေသခံတောင်သူ
လယ်သမားများ သစ်တောမြေများအတွင်း သီးနှံဝင်ရောက်
စိုက်ပျိုးလုပ်ကိုင်ရာတွင် ဖမ်းဆီးတရားစွဲဆိုခြင်းများ ပြုလုပ်
နေသည်ဟု လွှတ်တော်ကိုယ်စားလှယ်
ဦးအောင်မင်းကပြောသည်။
ဦးအောင်မင်း၏အဆိုကို လွှတ်တော်ကိုယ်စားလှယ်လေးဦးက
ထောက်ခံဆွေးနွေးပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့
သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး
ဦးမျိုးသစ် က အဆိုကို ကန့်ကွက်ရန်မရှိကြောင်း
လွှတ်တော်သို့ ပြောကြားသည်။
‘‘သစ်တောမြေအတွင်းစိုက်ခင်းများတွင် ဥပဒေမဲ့အကွက်ရိုက်
ရောင်းချခဲ့မှု၊ ထိုတရားမ၀င် ကျူးကျော်များကို တည်ဆဲ
သစ်တော ဥပဒေများနှင့်အညီ ဆောင်ရွက်နေပါကြောင်း၊
မသမာစွာ ဆောင်ရွက်မှုများတင်ပြလာပါကလည်း ဥပဒေ
အရ ထိရောက်စွာ ဆောင် ရွက်မည်ဖြစ်ပြီး အဆိုကို
ကန့် ကွက်ရန်မရှိကြောင်း’’ဟု ၀န်ကြီး ဦးမျိုးသစ်က
ပြောသည်
ပြင်ဦးလွင်မြို့နယ်တွင် မြေဧရိယာအကျယ်အ၀န်း
၄၈၈,၇၉၄ ဧကရှိ ပြီး သစ်တောနယ်မြေ ၁၈ ခု၊
သစ်တောမြေစုစုပေါင်း ၂၃၀,၅၀၇ ဧကရှိကာ မြို့နယ်မြေ
ဧရိယာ ၄၇ ရာခိုင်နှုန်းကျော်သည် သစ်တောမြေ
ဖြစ်သည်ဟု ဆို သည်။
သစ်တောမြေများတွင် သစ်မာ၊ကော်ဖီ၊အစုအဖွဲ့ပိုင်စိုက်ခင်း၊
စိုက်ပျိုးရေးလုပ်ကိုင်ရန် ပုဂ္ဂလိကသို့ ခွင့်ပြုထားသော
မြေဧက ၅၀,၀၀၀ ကျော်ရှိပြီး စည်းကမ်း သတ်မှတ်ချက်များ
အတိုင်း အမှန်တကယ် သီးနှံစိုက်ပျိုးခြင်းမရှိ၍ ငှားရမ်း
ခွင့်ပြုမိန့် ပြန်လည်ပယ်ဖျက်ရသည့်ဖြစ်စဉ်များ ရှိခဲ့သည်ဟု
ဦးမျိုးသစ်ကဆိုသည်။
(မောင်တာ)
***
၂။ "ကျူးကျော်ဆောက်လုပ်ထားတဲ့ မောင်းမကန်ကမ်းခြေက
ဘန်ဂလိုတွေ ဖျက်သိမ်းရမည်"
တနသာင်္ရီတိုင်းဒေသကြီး ထားဝယ်ခရိုင် မောင်းမကန်
ကမ်းခြေမှာ ဟိုတယ်လုပ်ငန်း လုပ်ကိုင်နေတဲ့ ကုမ္ပဏီ ၂ ခုဟာ
မြေယာပိုင်ဆိုင်မှုထက်ကျော်လွန်ပြီး ကျူးကျော်ဆောက်လုပ်
ထားတဲ့ ဘန်ဂလိုတွေကို ဖျက်သိမ်းပေးဖို့နဲ့ လုပ်ငန်းရပ်ဆိုင်း
ထားဖို့ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် က
ညွှန်ကြားလိုက်ပါတယ်။
မောင်းမကန်ကမ်းခြေမှာ ဆောက်လုပ်ထားတဲ့ ကုမ္ပဏီ ၂ ခုရဲ့
လုပ်ငန်းလည်ပတ်မှုကို သွားရောက်စစ်ဆေးခဲ့တာဖြစ်တယ်လို့
ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က ပြောပါတယ်။
"လက်ရှိမြေကျူးကျော်ပြီးဆောက်ထားတဲ့ ကုမ္ပဏီကိုတော့
ဘန်ဂလိုတွေ ဖျက်သိမ်းပေးဖို့ ပြောထားတယ်။ ဘန်ဂလို
၁၂ လုံးလောက်ရှိတယ် အဲ့ဒါဖျက်ပေးရမှာ။ ဟိုဘက်က
ကုမ္ပဏီကတော့ လက်ရှိလုပ်ငန်းတွေ ရပ်ခိုင်းထားတယ်။
မြေယာပိုင်ဆိုင်မှု ပြန်လုပ်ပြီးမှ ဟိုတယ်လုပ်ငန်းပြန်လုပ်ဖို့
ပြောထားတယ်။"
မောင်းမကန်ကမ်းခြေမှာ ဟိုတယ်လုပ်ငန်းလုပ်ကိုင်နေတဲ့
ကုမ္ပဏီ ၂ ခုသာရှိပြီး အဲ့ဒီထဲက ဧက ၄၀၀ ကျော်ပိုင်ဆိုင်တဲ့
ကုမ္ပဏီတစ်ခုဟာ ဟိုတယ်လိုင်စင်မရှိပဲ ဘန်ဂလိုတွေ
ဆောက်လုပ်နေတာဖြစ်ပါတယ်။
နောက်ထပ်ကုမ္ပဏီတစ်ခုက ဟိုတယ်လုပ်ကိုင်ခွင့်လိုင်စင်ရှိပြီး
မြေပိုင်ဆိုင်မှုမရှိဘဲ ဘန်ဂလိုတွေ ဆောက်လုပ်နေတာကြောင့်
လုပ်ငန်းရပ်ဆိုင်းဖို့နဲ့ မြေယာ ပိုင်ဆိုင်ခွင့်တင်ပြတောင်းခံဖို့
ညွှန်ကြားထားတာဖြစ်ပါတယ်။
***
၃။ "မန္တလေးတွင် အများပိုင်မြေနေရာများ လက်ခံရယူခဲ့သော
ပုဂ္ဂလိကလုပ်ငန်းရှင်များကို စစ်ဆေးမည်"
အစိုးရအကူးအပြောင်း ကာလတွင် မန္တလေးတိုင်းဒေသကြီးတွင်
အများပြည်သူနှင့်သက်ဆိုင်သော မြေနေရာများကို ပုဂ္ဂလိကသို့
လွှဲပြောင်းချထားရာတွင် ဥပဒေ နှင့် ညီညွတ်မှုရှိ၊ မရှိ ပြန်လည်
စိစစ်လျက်ရှိရာ မြေကွက်များရယူခဲ့သည့် လုပ်ငန်းရှင်များကိုပါ
ခေါ်ယူစစ်ဆေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ကျွန်တော်တို့ မြေကွက်တွေ ရရှိခဲ့တဲ့ လုပ်ငန်းရှင်တွေကို
တရားဝင်ဆင့်စာနဲ့ ခေါ်ယူပြီး စစ်ဆေးဖို့ ရှိပါတယ်။
စစ်ဆေးပြီးတဲ့အချိန်မှာ တိုင်းအစိုးရအဖွဲ့ကို တင်ပြမှာ
ဖြစ် ပါတယ်’’ဟုအစိုးရအကူးအ ပြောင်းကာလအတွင်း
မြေယာများ ပုဂ္ဂလိကသို့ လွှဲပြောင်းချထား မှုဥပဒေနှင့်
ညီညွတ်မှုရှိ၊ မရှိ ပြန်လည်စိစစ်ရေးကော်မတီမှ ကော်မတီဝင်
ချမ်းမြသာစည်မြို့နယ်မဲဆန္ဒနယ်အမှတ် (၂)မှ တိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်အောင်မိုးက ပြောသည်။
ယခုအခါ မန္တလေးခရိုင် စည်ပင်သာယာပိုင်နှင့် အများပြည်သူပိုင်
မြေနေရာများ ပုဂ္ဂလိကသို့ လွှဲပြောင်းချထားပေးခဲ့မှု အခြေအနေ
များနှင့် မြေယာလွှဲပြောင်းပေးခဲ့ပြီးနောက် စည်ပင်သာယာမှ
ဂရန် ထုတ်ပေးခဲ့သည့် မြေယာအမှုတွဲများကို ပြန်လည်စိစစ်
နေပြီး မန္တလေးခရိုင်တွင် စိစစ်ပြီးစီးပါက အခြားခရိုင်နှင့်
မြို့နယ်များအလိုက် ဆက်လက်စိစစ်မည်ဟု
ဦးမြင့်အောင်မိုးက ပြောသည်။
စိစစ်မှုအရ မန္တလေးခရိုင်အတွင်း စည်ပင်သာယာနှင့်
အများ ပြည်သူပိုင် မြေဧက ၄၀၀ ခန့်ကို ပုဂ္ဂလိကလုပ်ငန်းရှင်များ
ထံ လွှဲပြောင်းချထားပေးခဲ့သည်ကို စိစစ်တွေ့ရှိရပြီး လုပ်ငန်းရှင်
တစ်ဦးတည်းအား မြေ ခုနစ်ဧကအထိ လွှဲပြောင်းချထားပေး
ခဲ့သည့် ဖြစ်စဉ်များကို စိစစ်တွေ့ရှိရသည်ဟု ဆိုသည်။
မြေကွက်များအား ပုဂ္ဂလိကသို့ လွှဲပြောင်းချထားပေးခဲ့ရာတွင်
လုပ်ငန်းရှင်များကို ချထားပေးခဲ့ခြင်းများ တွေ့ရှိရသလို
ပါတီအဖွဲ့ အစည်းနှင့် ၀န်ထမ်းများအတွက် မြေကွက်များ
ချထားပေးခဲ့သည်ကိုလည်း စိစစ်တွေ့ရှိရသည်ဟု
၎င်း က ဆိုသည်။
မြေကွက်ချထားပေးရာတွင် ဥပဒေ၊လုပ်ထုံးလုပ်နည်းများနှင့်
အညီဖြစ်လျှင် စည်ပင်သာယာမှ ဆက်လက်ဂရန်ထုတ်ပေးမည်
ဖြစ်ပြီးဥပဒေနှင့်မညီ၊ အများပြည်သူအတွက် အကျိုးမရှိဘဲ
တစ်ဦးတစ်ယောက်ကောင်းစားရေးအတွက် ရည်ရွယ်ချထား
ပေးခဲ့ခြင်းမျိုးဖြစ်လျှင် မြေကွက်များကို ပြန်လည် သိမ်းယူနိုင်ရန်
လုပ်ဆောင်မည်ဟု မန္တလေးတိုင်းဝန်ကြီးချုပ်က
ပြောကြားထားသည်။
(မောင်တာ)
***
၎။ "အစိုးရဟောင်းချထားခဲ့သည့် စက်မှုဇုန် မြေနေရာများ
ပြန်လည်စိစစ်မည်"
ယခင်အစိုးဟောင်းလက်ထက်က လုပ်ကိုင်ခွင့်ချထားပေးခဲ့သည့်
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် မြေဧက ၁၀၀၀ နီးပါးကို
စာချုပ်ပါ စည်းကမ်းချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ပြန်လည်
စစ်ဆေးအရေးယူသွားမည်ဟု ပဲခူးတိုင်းဒေသကြီး စီမံကိန်းနှင့်
ဘဏ္ဍာရေးဝန်ကြီး ဦးညွှန့်ရွှေက ပြောကြားသည်။
"အစိုးရဟောင်းလက်ထက်မှာ စက်မှုဇုန်ဆိုပြီး မြေဧကပေါင်း
များစွာ ချထားပေးခဲ့တယ်။ ဒါပေမဲ့ လုပ်ငန်း မလုပ်ကိုင်တဲ့
မြေတွေကို ပြန်လည်စစ်ဆေးပြီး စည်ကမ်းချက်နဲ့မညီရင်
အရေးယူတာမျိုးလုပ်ဆောင်သွားမှာဖြစ်ပါတယ်"ဟု ၎င်းက
ဆက်လက် ပြောကြားသည်။
ပဲခူးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးဉာဏ်ဝင်း
(လက်ရှိတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်)
လက်ထက်တွင် တောင်ငူ ကေတုမတီစက်မှုဇုန်၊ ပဲခူးစက်မှုဇုန်
နှင့် ပြည်စက်မှုဇုန်များကို လုပ်ကိုင်ခွင့်များ ချထားပေးခဲ့ပြီး
ယနေ့အချိန်ထိ လုပ်ငန်းများ အကောင်အထည်ဖော်
ဆောင်ရွက်နိုင်ခြင်း မရှိသေးသည့် မြေဧကပေါင်းများစွာ
ရှိနေသေးကြောင်း ပြည်မြို့စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ
ဥက္ကဋ္ဌ ဦးညီညီအောင်က ပြောကြားသည်။
"ပြည်မှာ ဇုန်သစ်နဲ့ ဇုန်ဟောင်း နှစ်မျိုးရှိတယ်။ အဟောင်းက
အကုန်လုပ်ကိုင်နေကြပြီဖြစ်ပေမယ့် အသစ်က စည်းကမ်းနဲ့
မညီတာတွေ အများကြီးကျန်နေသေးတယ်။ စာချုပ်ချုပ်ဆိုစဉ်
စည်းကမ်းအတိုင်းဆို သိမ်းလို့ရနေပေမယ့် လက်ရှိအစိုးရက
ဒီလ(စက်တင်ဘာ)ကနေ ခြောက်လအတွင်းမှာ စာချုပ်ပါ
စည်းကမ်းနဲ့မညီရင် သိမ်းမယ်လို့ သတင်းထွက်နေတယ်"ဟု
၎င်းက ဆက်လက်ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်သုံးခုတွင် လုပ်ငန်းများ
လုပ်ကိုင်ခွင့်လျှောက်ထားပြီး လက်ရှိ အချိန်ထိ လုပ်ငန်းများ
မစတင်သေးသည့် မြေကွက်ပေါင်းများစွာ ကျန်ရှိနေသေးသည့်
အတွက် အဆိုပါ လုပ်ငန်းရှင်များကို အရေးယူ
ဆောင်ရွက်သွားရန် ပြင်ဆင်ဆောင်ရွက်နေဆဲဖြစ်ပြီး
ဥပဒေနှင့် ညီ/မညီကို ဥပဒေချုပ်ထံ တင်ပြထားကြာင်း
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက
ပြောကြားသည်။
"မြေချထားပေးစဉ်က ချုပ်ဆိုထားတဲ့ စာချုပ်ပါအချက်အလက်
တွေကို လေ့လာပြီးတော့ ဘယ်လို အရေးယူမယ်။
ဒါမှမဟုတ် ဖြေလျှော့ပေးမယ်ဆိုတာကို စဉ်းစားနေတယ်"ဟု
၎င်းက ထပ်လောင်းပြောဆိုသည်။
credit - 7day Daily/ RFA Burmese & The Voice
No comments:
Post a Comment