Tuesday, October 25, 2016

“လုံးလည်လိုက်ဆဲ ဆောက်လုပ်ရေးလောက သတင်းများ”

“လုံးလည်လိုက်ဆဲ ဆောက်လုပ်ရေးလောက သတင်းများ”

၁။ "ကန်ထရိုက်တိုက်များ ကိုယ်ပိုင်ထရန်စဖော်မာ
တပ်ဆင်ရမည့် သတ်မှတ်ချက် ပြင်ပေးရန် ၀န်ကြီးချုပ်ထံ
တင်ပြ"

ကန်ထရိုက်တိုက်များတွင် လျှပ်စစ်သုံးစွဲမှု၃၀ ကီလိုဝပ်
ကျော်လွန်ပါက ထရန်စဖော်မာတပ်ဆင်ရမည်ဆိုသည့်
သတ်မှတ်ချက်ကို ပြန်လည်ပြင်ဆင်ပေးရန်စက်တင်ဘာ
၂၈ ရက်က ဆောက်လုပ်ရေးလုပ်ငန်းရှင်များက စုပေါင်း၍
ရန်ကုန်တိုင်းဝန်ကြီးချုပ်ထံ တင်ပြလိုက်ကြောင်း
သတင်းရရှိသည်။

‘‘ ဒီနေ့ပဲ စာတင်လိုက်ပါတယ်။ ဒီကိစ္စက မြေပြင်အခြေအနေ
နဲ့ ဘယ်လိုမှ အဆင်မပြေဘူး ဖြစ်နေတယ်။ လုပ်ငန်းရှင်တွေ
တော်တော်များများလည်း ဒီကိစ္စ ကြောင့် ဒုက္ခရောက်
နေကြတယ်’’ ဟု လိုင်စင်ရကန်ထရိုက်တာအသင်းမှ 
ကိုလားဆယ်က  ပြော သည်။

ကန်ထရိုက်တိုက်ခန်းများသည် သြဂုတ် ၁၂ ရက် နောက်ပိုင်း
မှစ၍ လူနေထိုင်ခွင့်ကျပြီး လျှပ်စစ်မီးသုံးစွဲရန် ရန်ကုန်မြို့တော်
လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းသို့ လျှောက်ထား
ပါက ကီလိုဝပ် ၃၀ ကျော်လျှင် ကိုယ်ပိုင်ထရန်စဖော်မာ
တစ်ပါတည်း တပ်ဆင်အသုံးပြုရမည်ဖြစ်ကြောင်း
သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်အများစုက အဆိုပါ
သတ်မှတ်ချက်အစား ယခင်ကကဲ့သို့ အခန်း၁၈ ခန်း၊
ကီလိုဝပ် ၁၈၀ ကျော်လွန်ပါက ထရန်စဖော်မာတပ်ဆင်ရမည်
ဆိုသည့် မူလသတ်မှတ်ချက်ကို ပြန်လည်ပြင်ဆင်ပေးရန်
လိုင်စင်ရကန်ထရိုက်တာလုပ်ငန်းရှင် စုစုပေါင်း
ဦးရေ ၄၀ ကျော်က စုပေါင်းလက်မှတ်ရေးထိုး၍
တင်ပြခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့တွင် တိုးပွားလာသော လူဦးရေနှင့်
အဆောက်အအုံများကြောင့် လျှပ်စစ်ဓာတ်အားထုတ်ယူ
သုံးစွဲမှုများပြားလာ၍ ယခုအစီအမံကိုလုပ်ဆောင်ခြင်းဖြစ်
ကြောင်း ရန်ကုန်မြို့တော်လျှပ်စစ် ဓာတ်အားပေးရေး
ကော်ပိုရေးရှင်းက ဆိုသည်။

ထရန်စဖော်မာကြောင့် ကုန်ကျစရိတ်ပိုမိုလာနိုင်ကာ
တိုက်ခန်းများရောင်းချပါက တစ်ခန်းချင်းစီအလိုက်
မူလတန်ဖိုးထက်ပို၍ ဈေးတင်ရောင်းချရမည့် သဘောဖြစ်
သွားကြောင်း MKT ဆောက်လုပ်ရေးလုပ်ငန်းရှင်
ဦးမျိုးမြင့်က ဆို သည်။

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၏  
အဆောက်အအုံဆောက်လုပ်ပြီးစီးကြောင်း ခွင့်ပြုချက်
ရရှိသည်နှင့် ကိုယ်ပိုင်ထရန်စဖော်မာတပ်ဆင် ရတော့မည်
ဖြစ်၍ ဆောက်လုပ် ရေးလုပ်ငန်းရှင်များက ယခုအစီအစဉ်ကို 
အပြင်းအထန်ဝေဖန်ထားကြသည်။

***

၂။ "ကန်ထရိုက်တိုက်များ အခန်းသုံးခန်းထက်
ကျော်လွန်ပါက ထရန်စဖော်မာ တပ်ဆင်ရမည် ဆိုသည့်
ညွှန်ကြားချက်ကြောင့် ကန်ထရိုက်များ အခက်အခဲဖြစ်နေ၍
ညွှန်ကြားချက်ကို ပြန်လည်သုံးသပ်နေ"

ကန်ထရိုက်တိုက်များ အခန်းသုံးခန်းထက် ကျော်လွန်ပါက
ထရန်စဖော်မာတပ်ဆင်ရမည်ဆိုသည့် ညွှန်ကြားချက်
ကြောင့် ကန်ထရိုက်များအခက်အခဲ ဖြစ်နေ၍ ညွှန်ကြားချက်
အား ပြန်လည် သုံးသပ်နေကြောင်း  ရန်ကုန်တိုင်း ဒေသကြီး
အစိုးရအဖွဲ့ လျှပ်စစ်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး
ဝန်ကြီး ဒေါ်နီလာကျော်က အောက်တိုဘာ ၁၄ ရက်တွင်
ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်
အစည်းအဝေးတွင် ပြောကြားသည်။

အဆိုပါ ထရန်စဖော်မာ တပ်ဆင်ရန် ညွှန်ကြားချက်ကို
ရန်ကုန်တိုင်းအစိုးရအဖွဲ့က ပြန်လည်သုံးသပ်၍ ပယ်ဖျက်ရန်
အစီအစဉ် ရှိ မရှိ မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်
အမှတ် ၂ လွှတ်တော် ကိုယ်စားလှယ် ဦးရန်အောင်က
မေးမြန်းမှုအပေါ် ဒေါ်နီလာကျော်က ပြန်လည်ဖြေကြား
ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဇူလိုင် ၁ ရက်မှစ၍ ရန်ကုန်မြို့ရှိ
ကန်ထရိုက်တိုက်များ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက်
အခန်း ၁၈ ခန်းနှင့် အထက်ရှိသော ကန်ထရိုက်တိုက်များကို
ထရန်စဖော်မာ တပ်ဆင်ပြီးမှ ဓာတ်အားပေးရန်
ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက
ညွှန်ကြားခဲ့သည်။

ယခုနှစ် သြဂုတ် ၁၁ ရက် နိုင်ငံပိုင် သတင်းစာများတွင်
တိုက်ခန်း တစ်ခန်းလျှင် 10 KVA နှုန်းဖြင့် ဓာတ်အား
လိုအပ်ချက် သတ်မှတ်ပြီး ၃၀ ကီလိုဝပ် (37.5 KVA)
ထက် ကျော်လွန်ပြီး ဓာတ်အားသုံးစွဲရန် လိုအပ်ပါက
အဆိုပါ တိုက်ခန်းအတွက် 11-6.6/0.4 KV ထရန်စဖော်မာ
တပ်ဆင်စေပြီးမှ ဓာတ်အားပေးရေးကို
ထပ်မံညွန်ကြားခဲ့ကြောင်း၊ ယင်းညွှန်ကြားချက်မှာ အခန်း
တစ်ခန်း ဓာတ်အားလိုအပ်ချက်ကို 10 KVA သတ်မှတ်၍
အခန်းသုံးခန်းထက် ကျော်လွန်ပါက ထရန်စဖော်မာ
တပ်ဆင်ရန် လိုအပ်သည်ဟု နားလည်မိကြောင်း
မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်
အမှတ် ၂ လွှတ်တော် ကိုယ်စားလှယ်
ဦးရန်အောင်က ပြောကြားသည်။

“ထရန်စဖော်မာတန်ဖိုးက ကျပ်သိန်းရာနှင့်ချီ ရှိတဲ့အတွက်
ကန်ထရိုက်အများစု ငွေကြေးခက်ခဲခြင်း၊  မီတာတပ်ဆင်
ပေးခြင်း မရှိသည့်အတွက် အိမ်ရှင်၊ ကန်ထရိုက်၊
အခန်းဝယ်သူများ ပြဿနာ ဖြစ်ပွားခြင်း၊ တိုက်ခန်းဈေးနှုန်း
များ ကျဆင်းနေချိန်တွင် ကုန်ကျစရိတ် မြင့်တက်လာသည့်
အတွက် ကန်ထရိုက်များ လိုက်နာဆောင်ရွက်မှု မရှိခြင်းနှင့်
အချို့လည်း ထွက်ပြေးတိမ်းရှောင် နေပါတယ်။ ဒါကြောင့်
ဒီညွှန်ကြားချက်ကို ပြန်လည်သုံးသပ် ပယ်ဖျက်ရန် ရှိ မရှိ
မေးမြန်းလိုပါတယ်” ဟု ဦးရန်အောင်က မေးမြန်းခဲ့သည်။

ထိုသို့ မေးမြန်းမှုနှင့် ပတ်သက်၍ အဆိုပါကိစ္စကို ပြန်လည်
သုံးသပ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့
လျှပ်စစ်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
ဒေါ်နီလာကျော်က ပြန်လည်ဖြေကြားသည်။

“ဓာတ်အားလုံလောက်စွာ ပေးနိုင်ဖို့ ထရန်စဖော်မာတွေကို
အများပြည်သူ သွားလာတဲ့ နေရာတွေမှာ တည်ဆောက်ရင်
အများပြည်သူ သွားလာရေး ထိခိုက်စေခြင်း၊
အချို့နေရာတွေမှာ ရက် ၁၀၀ စီမံချက် အတွင်းမှာ 200 KV
ထရန်စဖော်မာတွေကို တပ်ဆင်တဲ့အခါ ကိုယ့်ခြံရှေ့၊
ကိုယ့်ရှေ့မှာ မတပ်ပါနဲ့ဆိုပြီး ကန့်ကွက်မှုတွေ အများကြီး
ရှိခဲ့ပါတယ်။ ဒါကြောင့် ဒီညွှန်ကြားချက် ဖြစ်လာတာ ဖြစ်တဲ့
အတွက် ညွှန်ကြားချက်ကို ပြန်လည် သုံးသပ်နေပါတယ်” ဟု
ဒေါ်နီလာကျော်က ဆိုသည်။

ရန်ကုန်မြို့တွင် တစ်လလျှင် ကန်ထရိုက်တိုက် အလုံးရေ
၂၀၀၀ ခန့် ဆောက်လုပ်ခွင့်ပြုနေကြောင်း
သိရသည်။                                   

(ကျော်ထင်)

***

၃။ "နစ်နာကြေး ကျပ်ဘီလျံ ၅၀ ရလိုမှုဖြင့် စည်ပင်ကို
တရားစွဲမည်ဟုဆို"

ယခင်အစိုးရလက်ထက်တွင် မူအားဖြင့် ဆောက်လုပ်ခွင့်ရရှိ
ထားသည့် အထပ်မြင့်အဆောက်အအုံစီမံကိန်းတစ်ခုကို
ယခု အစိုးရလက်ထက်တွင် စတုရန်းပေ လျှော့ချ
ဆောက်လုပ်ရန် ရန်ကုန်မြို့တော်စည်ပင် သာယာရေး
ကော်မတီ၊ အထပ်မြင့် အဆောက် အအုံစိစစ်ရေးကော်မတီက
ညွှန်ကြားလာသည့်အတွက် ဆောက်လုပ်နေသောလုပ်ငန်းရှင်
ဦးကျော်ကျော်နိုင်က နစ်နာကြေး ကျပ် ၅၀ ဘီလျံ ရလိုမှုဖြင့်
ကော်မတီကိုအမြန်ဆုံး တရားစွဲဆိုသွားမည်ဖြစ်ကြောင်း
သတင်း ရရှိသည်။

"အားလုံးခွင့်ပြုချက်ရထားပြီးသားကိစ္စပါ။
HIC ဘက်က Structure ပဲ တွက်ရမယ့်ကိစ္စလောက်ပဲကျန်
တော့တယ်။ ငါးလပိုင်းကတည်း က သူတို့အလုပ်မလုပ်ဘူး။
အောက်တိုဘာ၆ ရက်မှာ ရုတ်တရက်ကြီးခေါ်ပြောပြီး
ဘာရုံး တံဆိပ်မှမပါဘဲ သိရှိကြောင်း ကျွန်တော်တို့ကို
လက်မှတ်ထိုးခိုင်းတယ်။ တရားလွန်ပြီး အနိုင်ကျင့်တယ်လို့
မြင်တယ်။ သူတို့ပြောတဲ့အတိုင်း လုပ်ပေးရမယ်ဆိုရင်
ကျွန်တော်တို့ နစ်နာ ဆုံးရှုံးမှုအတွက်ကော၊ ကြိုပွိုင့်ဝယ်ထား
တဲ့အခန်းပိုင်ရှင်တွေကိုပါ ပြန်လျော်ပေးရမှာနဲ့ ဆို ၅၀ ဘီလျံ
နစ်နာကြေးပေးမှ သူတို့ပြောတဲ့အတိုင်း လုပ်ပေးနိုင်မယ်။
ဥပဒေပညာရှင်တွေနဲ့တိုင်ပင်ပြီး စည်ပင်ကို အမြန်ဆုံး
တရားစွဲသွားမှာဖြစ်ပါတယ်"ဟု နာမည်ကြီး ဆောက်လုပ်ရေး
လုပ်ငန်းရှင် ဦးကျော်ကျော်နိုင်ကအောက်တိုဘာ ၁၀ရက်တွင်
မြန်မာတိုင်း(မ်)သို့ ပြောသည်။

ယင်းအဆောက်အအုံကို မူလ ခွင့်ပြုပေးခဲ့စဉ်က
BCR (Building Coverage Ratio) အရစုစုပေါင်း
မြေအကျယ်အ၀န်း၏ ၇၀ ရာနှုန်းကို အဆောက်အအုံအဖြစ်
ဆောက်လုပ်ရန်ခွင့်ပြုပေးထားခဲ့ခြင်း ဖြစ်သော်လည်း ယခု
ပြန်လည်ညွှန်ကြားချက်အရ စုစုပေါင်းမြေအကျယ်အ၀န်း၏
၅၀ ရာခိုင်နှုန်းအထိသာ ပြင်ဆင်ဆောက်လုပ်ရန်နှင့် င်္FAR
(Floor area ratio) အထပ်တစ်ထပ်ချင်းအလိုက် စုစုပေါင်း
အကျယ်အ၀န်းကိုလည်းမူလခွင့် ပြုထားသည့် စတုရန်းပေ
၁၀၀,၀၀၀ မှ စတုရန်းပေ ၅၀,၀၀၀ အထိသာ ပြောင်းလဲ
ဆောက်လုပ်ရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၆ ရက်တွင် အဆောက်အအုံဆောက်လုပ်မှု
စံချိန်စံညွှန်းများ စစ်ဆေးရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ
ယင်းအထပ် အမြင့်အဆောက်အအုံ ဆက်လက်
ဆောက်လုပ်ရန်အတွက်လိုအပ်ချက်သုံးခုဖြစ်သည့်
Traffic Impact Assessment များ ပြန်လည် ပြုလုပ်ပေးရန်၊
Residence Building ဖြစ် သဖြင့် FAR
(Floor area ratio 5 (max) နှင့် BCR၀ ဒသမ၅ ဖြင့်သာ
ဆောက်လုပ်ရန်၊ ယာဉ်အတက်အဆင်း လျှောဆောက်များ
ဖြစ်သည့်(Ramp) သုံးခုအနက် နှစ်ခုကို အနိမ့် အမြင့် ဒီဂရီ
၁ ဒသမ ၆ အစား ၁ ဒသမ ၇၂ ဒီဂရီဖြင့်ပြောင်းလဲ
ဆောက်လုပ်ရန် ညွှန်ကြား ခဲ့ခြင်းဖြစ်သည်။

"အဲဒါတော့ ကျွန်တော်တို့မသိဘူး။ သူတို့ အပိုင်းပဲလေ၊
စွဲချင်လည်းစွဲပေါ့။ သူတို့ကိုခေါ်ပြောလိုက်တာတော့
မှန်ပါတယ်။ ကျန်တာတော့မသိပါဘူး"ဟု ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ၊ အဆောက် အအုံ
ဆောက်လုပ်မှု စံချိန်စံညွှန်းများစစ်ဆေး ရေးနှင့်
ကြီးကြပ်ရေးဌာန ဌာနမှူး ဦးအောင်သန်းဦးက ပြောသည်။

အကျယ်အ၀န်း တစ်ဧက ကျယ်ဝန်းသည့် ယင်းမြေနေရာ
ပေါ်တွင် ပိုင်လုပ်ငန်း လုပ်ကိုင်ခွင့်ကိုရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ HIC မှ ဧပြီ ၃ ရက် ရက်စွဲပါ
စာအမှတ်၊၆၇၂၀/၁၆၉/စည်ပင် အထပ်မြင့် (ညနဆ) ဖြင့်
ခွင့်ပြုထားခဲ့ပြီး အင်ဂျင်နီယာဌာန
(အဆောက်အအုံမှလည်း ၁၃၉၁/ပြင်ပ/ စည်ပင် ယာအုံ
(ပုံစံ)ဖြင့် ခွင့်ပြုပေးထားခဲ့သည့်အတွက် အဆောက်အအုံ
အတွက် လိုအပ်သည့် မြေပြင် ပိုင်လုပ်ငန်းများ
(Pile load test)လုပ်ငန်းများ ပြီးစီးနေသည့် စီမံကိန်း
တစ်ခုလည်း ဖြစ်သည်။

"အခု သူတို့ပြန်ပြင်ဒီဇိုင်းဆွဲခိုင်းတဲ့အတိုင်းဆို မူလ ၂၆၄ ခန်း
ကနေ အခန်း ၁၀၀ လောက်လျော့သွားမှာဖြစ်သလို
မူလ ၁၂ ထပ်ကနေ ခုနစ်ထပ်လောက်ထိ ဖြစ်သွားမယ်။
ကျွန်တော်တို့ ဖြစ်စေချင်တာက အရင်အစိုးရ လက်ထက်က
ခွင့်ပြုပေးထားတဲ့အတိုင်းခွင့်ပြုပေးဖို့ဖြစ်ပါတယ်။ သူတို့
ပြန်ပြင်ခိုင်း တဲ့အတိုင်းလည်း လုံးဝမလုပ်ပေးနိုင်ပါဘူး။
စည်ပင်ကို ဘီလျံ ၅၀ နစ်နာကြေးရဖို့ တရားစွဲသွားမှာ
ဖြစ်ပါတယ်"ဟု ဦးကျော်ကျော်နိုင်ကဆက်လက်ပြောသည်။

ယင်းအဆောက်အအုံပြီးစီးပါက အခန်း ပေါင်း ၂၆၄ ခန်းနှင့်
ကားရပ်နားရန်နေရာ၃၁၈ နေရာအထိ ထွက်ရှိလာနိုင်ပြီး
မူအားဖြင့် ခွင့်ပြုချက်ရရှိခဲ့သည့် ၂၀၁၅ ခုနှစ်ကပင်
အခန်းပေါင်း ၂၆၄ ခန်းအနက်မှ အခန်းပေါင်း ၂၅၀ ကျော်ကို
ကြိုပွိုင့်စနစ်ဖြင့် ရောင်းချထားခဲ့ပြီးဖြစ်သည်။

လှိုင်မြို့နယ် ဓမ္မသုခကျောင်းလမ်း အမှတ် (၅၂၃)တွင်
Basement + ၁၂ ထပ် အဆောက် အအုံ ဆောက်လုပ်မှုကို
ယခင်အစိုးရလက်ထက်တွင်ရန်ကုန်တိုင်းဒေသကြီးအစိုးရ
အဖွဲ့မှ မူအားဖြင့် ခွင့်ပြုထားခဲ့ပြီးဖြစ်သည်။

အပြီးသတ် ခွင့်ပြုချက်ရရှိနိုင်ရန်အတွက် အဆောက်အအုံ
ဆောက်လုပ်မှု စံချိန်စံညွှန်း များစစ်ဆေးရေးနှင့် ကြီးကြပ်ရေး
အဖွဲ့ ဒီဇိုင်းများ စစ်ဆေးခံရန်အတွက် ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ ညှိနှိုင်းဆောင်ရွက်ရေးဌာနမှ
၂၀၁၅ ခုနှစ် နိုဝင်ဘာ၁၁ ရက် တွင် စာအမှတ်၊
၆၇၂၀/၈၀၈/စည်ပင် အထပ်မြင့် (ညနဆ) ဖြင့်
ထပ်ဆင့်ညွှန်ကြား ထားပြီးဖြစ်သည်။

"ကျွန်တော်တို့ကော်မတီက စည်ပင်သာယာနဲ့ CQHP နှစ်ဖွဲ့
ကိုခွဲပြီး လွှဲလိုက်ပြီး ပါပြီ။ မြေပြင်တည်ဆောက်ရေးမလုပ်
သေးတဲ့ အထပ်မြင့် စီမံကိန်း ၁၃၀ မှာ တစ်ဝက်က စည်ပင်နဲ့
ဆိုင်တယ်။တစ်ဝက်လောက်က CQHP နဲ့ဆိုင်တယ်။
ကျွန်တော်တို့ဘက် ကလည်း ဘာမှစစ်မနေတော့သလို
မကိုင်ထားတော့ဘူး။ ကျွန်တော်တို့ စိစစ်တွေ့ရှိချက်ကို
ရန်ကုန်တိုင်းအစိုးရကို တင်ပြခဲ့တယ်။ အစိုးရအဖွဲ့
ဆုံးဖြတ်ချက်နဲ့ လွှဲပေးလိုက်တာပါ။
၁၂ ထပ်ခွဲအထိက စည်ပင်နဲ့ ဆိုင်တယ်။ ၁၂ ထပ်အပေါ်
ကတော့ CQHP နဲ့ဆိုင်တယ်။
ကျွန်တော်တို့ကိုတော့ တရားစွဲတာ မကြား သေးဘူး"ဟု
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်အင်္ဂါရပ်
နှင့်အညီ အဆောက်အအုံများ ဆောက်လုပ်မှုကော် မတီမှ
ပြောရေးဆိုခွင့်ရှိသူ ဦးရဲမင်းဦးက အောက်တိုဘာ ၁၁ ရက်တွင်
မြန်မာတိုင်း(မ်)ကို ပြောသည်။

ယခင်အစိုးရလက်ထက်တွင် အပြီးသတ်ပါမစ်ကြီး ရရှိထား
သည့် အထပ်မြင့်အဆောက်အအုံ စီမံကိန်း ၆၄ ခုနှင့် အစိုးရ
အဖွဲ့ထံမှ မူအားဖြင့် ခွင့်ပြုချက် ရရှိထားသည့်အထပ်မြင့်
အဆောက်အအုံ စီမံကိန်း ၁၈၅ ခုကို ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့မှမေလဆန်းမှ စတင်ကာ လုပ်ထုံးလုပ်နည်းနှင့်
ကိုက်ညီစွာ ခွင့်ပြုထားခဲ့ခြင်း ရှိမရှိကို ပြန်လည်စစ်ဆေး
နေခြင်းဖြစ်သည်။

(ဇေယျာလင်း)

credit - 7day Daily / Eleven Media Group
& The Myanmar Times

No comments:

Post a Comment