“ရွှေ၊ငွေ၊စတော့နှင့် အိမ်ခြံမြေတို့၏
လေ့လာစရာ ဈေးကွက်အခြေအနေနှင့် ဝေဖန်သုံးသပ်မှုများ”
၁။ "အိမ်ခြံမြေနှင့်ဒေါ်လာဈေးကွက် လှုပ်ရှားမှုများဖြစ်ပေါ်"
အမေရိကန်နိုင်ငံက စီးပွားရေးပိတ်ဆို့မှုတချို့ကို
ရုပ်သိမ်းကာ ကုန်သွယ်မှုအထူးအခွင့်အရေး
(Generalized System of Preferences – GSP)ကို
ပြန်လည်ခွင့်ပြုမည်ဆိုသော သတင်းများပေါ်ထွက်ပြီးနောက်
အိမ်ခြံမြေနှင့် ဒေါ်လာဈေးကွက်များတွင် ဈေးကွက်လှုပ်ရှား
မှုများ ရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သည်။
မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုအသင်းဗဟိုမှ ဒုဥက္ကဋ္ဌ
ဦးသန်းဦးက
“ ဇွန်၊ ဇူလိုင်၊ သြဂုတ်လမှာ ရွှေဈေးတက်တော့ ရွှေထုတ်
ရောင်းလိုက်တဲ့ ငွေသားတွေ အိမ်ခြံမြေကို ၀င်လာတယ်။
ရန်ကုန်မြို့ရဲ့အနားသပ် မြေကွက်တင်မဟုတ်ဘူး။
မြို့တွင်းမှာရှိတဲ့ တန်ဖိုးကြီး သိန်း ၅ ထောင်၊ သိန်း ၁ သောင်း
ဝန်းကျင် မြေကွက်တွေပါ အရောင်းအ၀ယ် ဖြစ်လာတယ်။
ရွှေဈေးအတက်က အိမ်ခြံမြေကို လှုပ်နှိုးသလိုဖြစ်ခဲ့ချိန်မှာ
အခု ဆန်ရှင်က ၀ုန်းခနဲဖြစ်လာတာဆိုတော့ အားကောင်း
သလို ဖြစ်သွားတယ်”ဟု ပြောသည်။
အိမ်ခြံမြေကဏ္ဍသည် ၂၀၁၁-၂၀၁၂ ခုနှစ်များကဲ့သို့
ရုတ်တရက်မြင့်မားသည့်ဈေးနှုန်းများဖြင့် အရောင်းအ၀ယ်
ဖြစ်ခဲ့သည့် ပုံစံမျိုး မဟုတ်ဘဲ တနိုင်ငံလုံး အနေအထားဖြင့်
ဈေးနှုန်းတည်ငြိမ်စွာလှုပ်မည့်အနေအထားတွင်သာ
ရှိနေမည် ဖြစ်ကြောင်း ၎င်းကပြောသည်။
“တပြေးညီ တနိုင်ငံလုံး အနေအထားနဲ့ တန်ဖိုးမျှပြီး လှုပ်မယ်။
အားကောင်းစွာလှုပ်လာရင် ဈေးနှုန်းနည်းနည်းကစားလာမယ်။
၂၀၁၁- ၁၂ တုန်းက ရှိခဲ့တဲ့ အမြင့်ဈေးကိုတော့ ပြန်ရောက်မှာ
မဟုတ်ဘူး။ လက်ရှိ ဖြစ်စဉ်အရ ကျဖို့ တာစူနေတဲ့ အိမ်ခြံမြေ
ဈေးကွက်က ရပ်သွားမယ်။ ဆန်ရှင်ကြောင့် နိုင်ငံခြားရင်းနှီး
မြုပ်နှံမှု ဘယ်လောက် အားကောင်းကောင်း ၀င်လာမလဲ
ကြည့်ပြီး ဈေးနှုန်းက တဖြေးဖြေး မြင့်လာနိုင်တယ်။
အခုချိန်မှာ နိုင်ငံတော် အစိုးရကလည်း အိမ်ယာမူဝါဒတွေ
ဖော်ဆောင်ပြီးဖြစ်တဲ့အတွက် တဘက်မှာ မူဝါဒတွေနဲ့
ထိန်းသွားမှာပါ”ဟု ၎င်းက ဆက်ပြောသည်။
အလားတူ ငွေကြေးဈေးကွက်၌လည်း စက်တင်ဘာ ၁၆ရက်
နေ့ကစတင်ကာ အမေရိကန်ဒေါ်လာဈေးကို ဗဟိုဘဏ်က
တစ်ဒေါ်လာ ၁၂၂၃ ကျပ်သတ်မှတ်ပြီး၊
ပြင်ပတွင် တစ်ဒေါ်လာ ၁၂၄၅ ကျပ်ဖြစ်ခဲ့သည်။
ယနေ့တွင် ဗဟိုဘဏ်က တဒေါ်လာလျှင် ကျပ် ၁၂၃၀ သို့
မြင့်တက်သတ်မှတ်ခဲ့ပြီး ပြင်ပငွေဈေးကွက်၌ ဈေးဖွင့်ချိန်တွင်
တစ်ဒေါ်လာ ၁၂၄၄ ကျပ်ဖြင့် အရောင်းဖြစ်နေကြောင်း
သိရသည်။
ပြင်ပငွေကြေးဈေးကွက်အတွင်း လုပ်ကိုင်နေသူတဦးက
“ ပြီးခဲ့တဲ့ သောကြာနေ့က ဈေးကွက်တအားလှုပ်သွားတယ်။
စနေနေ့အထိပေါ့။ အခု အမေရိကန်ရဲ့ ဆန်ရှင် ရုပ်မယ်တို့
ကုန်သွယ်ခွန်ခံစားခွင့်ပေးမယ်တို့ကြားတယ်။ ဒီဟာရဲ့
သက်ရောက်မှုကတော့ လာလိမ့်မယ်။ ရင်းနှီးမြှုပ်နှံမှု
အမှန်တကယ် ၀င်လာရင်တော့ မြန်မာငွေကို ပြန်လဲရမှာ
ဖြစ်တဲ့အတွက် ဒေါ်လာသန်းနဲ့ချီ ၀င်လာရင် နောက်ပိုင်းမှာ
ဒေါ်လာဈေးတွေက ကျသွားဖို့ပဲ ရှိတယ်”ဟု ပြောသည်။
အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းမည်၊
ကုန်သွယ်ခွန်ခံစားခွင့်ပေးမည်ဆိုသည့် သတင်းများကြောင့်
အိမ်ခြံ မြေနှင့် ဒေါ်လာဈေးကွက်များမှာ လှုပ်ရှားခဲ့သော်လည်း
ရွှေဈေးများမြင့်တက်နေခြင်းမှာ ကမ္ဘာ့ရွှေဈေး ဆက်တိုက်မြင့်
တက်နေခြင်းကြောင့်သာဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး
ဦးထုံရွှေပန်းထိမ်ဆိုင်ပိုင်ရှင် ဦးကျော်ဝင်းက
“ အခု ရွှေဈေးတက် နေတာက ဆန်ရှင်ကိစ္စသတင်း
တွေကြောင့် မဆိုင်ဘူး။ စက်တင်ဘာလဆန်းကနေ အခုထိကို
ကမ္ဘာ့ရွှေဈေးက တက်နေ တာ။ ဒေါ်လာဈေးကလည်း
ဆက်တိုက်တက်နေတော့ ပြည်တွင်းရွှေဈေးပါ လိုက်တက်
နေတာပါ” ဟုပြောသည်။
စက်တင်ဘာ ၁၉ ရက်နေ့တွင် ဖြစ်ပေါ်နေသည့်
ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် ၁၃၁၄ ဒေါ်လာရှိပြီး၊
ပြည်တွင်း အခေါက် ရွှေဈေးမှာ တစ်ကျပ်သားလျှင်
၈၆၈၃၀၀ ကျပ်ရှိကြောင်း၊ အရောင်းအ၀ယ်မှာလည်း ပုံမှန်
အခြေအနေသာရှိ ကြောင်းသိရသည်။
ထိုပြင် စတော့ဈေးကွက် အခြေအနေမှာလည်း
စတော့အိတ်ချိန်း၌ စာရင်းဝင်ထားသည့် ကုမ္ပဏီအရေအတွက်
မှာ၃ ခုသာရှိခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်သူများက
ရွေးချယ်ရန်နည်းပါးသဖြင့် စိတ်ဝင်စားမှုလျှော့နည်းနေကြောင်း၊
စတော့ဈေးနှုန်းများ အကျဘက်သို့သာ ဦးတည်နေသည့်အတွက်
ဒေါ်လာနှင့် အိမ်ခြံမြေ ဈေးကွက်သည် ဦးမော့လာသည့်
အနေအထားဖြစ်ကြောင်း လေ့လာသူများက သုံးသပ်သည်။
(မေစိုးစံ)
***
၂။ "FMI ရှယ်ယာ ၁၈၅၀၀ အထိ ဆိုးဆိုးရွားရွား ကျဆင်းလာပြီး
သီလ၀ါနှင့် MCB ရှယ်ယာများပါ ဈေးနှုန်းဆက်ကျနေကာ
အရောင်းအ၀ယ် အေးစက်နေ"
ရန်ကုန်စတော့အိတ်ချိန်းတွင် FMI ရှယ်ယာ အနိမ့်ဆုံး
ကျဆင်းခဲ့သည့် ဈေးနှုန်းဖြစ်သည့် ရှယ်ယာတစ်စု
ကျပ် ၁၉၀၀၀ အောက်သို့ပင် ဈေးနှုန်းကျဆင်းလာပြီး
စက်တင်ဘာ ၁၂ ရက်တွင် ရှယ်ယာတစ်စု ကျပ် ၁၈၅၀၀ သာ
ရှိနေကာ
မြန်မာနိုင်ငံသားများဘဏ်(MCB) ရှယ်ယာတစ်စု ၉၃၀၀ ကျပ်နှင့်
သီလ၀ါရှယ်ယာမှာမူ ရှယ်ယာ တစ်စုလျင် ကျပ် ၄၂၀၀၀ ဖြင့်
အရောင်းအ၀ယ် အေးစက်နေကြောင်း ရန်ကုန်စတော့
အိတ်ချိန်းမှ နေ့စဉ်ထုတ်ပြန်သည့် အရောင်းအ၀ယ် ဖြစ်ပေါ်မှု
ဆိုင်ရာ အချက်အလက်များအရ စက်တင်ဘာ ၁၂ ရက်တွင်
သိရသည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာတစ်စု ကျပ်၂၆၀၀၀ ဖြင့်
စတင်ရောင်းချခဲ့သည့် FMI ရှယ်ယာသည် အမြင့်ဆုံး
ကျပ် ၄၁၀၀၀ အထိ မြင့်တက်ခဲ့ရာမှာ လက်ရှိတွင် အနိမ့်ဆုံး
ကျဆင်းခဲ့သည့် ဈေးနှုန်းဖြစ်သည့် ရှယ်ယာတစ်စု
ကျပ် ၁၉၀၀၀ အောက်သို့ပင် ရောက်ရှိလာကာ ရှယ်ယာတစ်စု
ကျပ် ၁၈၅၀၀ အထိ ဆိုးဆိုးရွားရွား ကျဆင်းလာခဲ့ခြင်း
ဖြစ်သည်။
ထို့ပြင် သီလ၀ါရှယ်ယာသည်လည်း အမြင့်ဆုံးဈေး
ကျပ် ၇၀၀၀၀ အထိ ရောက်ရှိခဲ့ဖူးသော်လည်း လက်ရှိတွင်
အဖွင့်ဈေးဖြစ်ခဲ့သည့် ကျပ် ၅၀၀၀၀ အောက်၌သာ
အရောင်းအ၀ယ် ဖြစ်ပေါ်နေကာ လက်ရှိတွင် ၄၂၀၀၀ ကျပ်
ဝန်းကျင်၌ပင် ရှိနေသည်။
အလားတူပင် မြန်မာနိုင်ငံသားများဘဏ် (MCB) ရှယ်ယာ
တစ်စုလျင် ကျပ် ၁၃၅၀၀ အထိ မြင့်တက်ခဲ့သော်လည်း
လက်ရှိတွင် ကျပ် ၉၃၀၀ သာ ရှိနေသည်။
ဆွဲတင်ထားသည့် ဈေးနှုန်းများကြောင့် ယခင် FMI နှင့်
သီလ၀ါ ရှယ်ယာဝယ်ယူထားသူများ အထိနာခဲ့သဖြင့်
ရန်ကုန်စတော့အိတ်ချိန်းတွင် အရောင်းအ၀ယ် ဖြစ်ပေါ်
နေမှုမှာလည်း လစဉ်ကျဆင်းနေပြီး
- မတ်လတွင် ကျပ် ၂၄ ဘီလျံကျော်၊
- ဧပြီတွင် FMI ကုမ္ပဏီတစ်ခုတည်းမှ ငါးဘီလျံကျော်၊
- မေလတွင် ၁၆ ဘီလျံကျော်၊
- ဇွန်လတွင် ခြောက်ဘီလျံကျော်၊
- ဇူလိုင်တွင် ၃ ဒသမ ၇ ဘီလျံကျော်နှင့်
- သြဂုတ်လတွင် ၂ ဒသမ ၉ ဘီလျံသာ ရှိနေပြီး လက်ရှိ
စက်တင်ဘာလတွင်လည်း နေ့စဉ် ကျပ်သိန်း ၁၀၀၀
ဝန်းကျင်၌သာ အရောင်းအ၀ယ် ဖြစ်ပေါ်ပြီး ဆိုးဆိုးရွားရွား
ကျဆင်းနေသည်။
(ဖြိုးဝေ)
***
၃။ “19 SEP 2016 ရွှေ၊ ဒေါ်လာ နှင့် စတော့ဈေးနှုန်းများ”
ဒေါ်လာ - 1241
စင်ကာပူ - 908
ထိုင်း - 36
မလေးရှား - 300
ယွမ် - 184
ယန်း - 12
-------
မြန်မာ့ရွှေဈေး - 867500
ကမ္ဘာ့ရွှေဈေး - 1316
-------
FMI ဈေးနှုန်း - ကျပ် ၁၈၀၀၀
MTSH ဈေးနှုန်း - ကျပ် ၄၂၀၀၀
MCB ဈေးနှုန်း - ကျပ် ၈၀၀၀
***
၎။ "ရင်းနှီးမြုပ်နှံစရာအဖြစ် တစ်ကျော့ပြန်လည်လာမယ့်
အိမ် ခြံ မြေ"
၂၀၁၀ခုနှစ်မတိုင်ခင်က မြန်မာနိုင်ငံမှာ.ရင်းနှီးမြုပ်နှံစရာ
ဈေးကွက်လို့ဆိုလိုက်ရင် အိမ်၊ခြံ မြေ ၊ ဖုန်း ၊ကား ၊ရွှေ ရယ်လို့
ရှိခဲ့ပါတယ်။ရင်းနှီးမြုပ်နှံလိုသူတွေအများစုဟာလည်း
ဒီနေရာတွေမှာပဲ လှည့်ပတ်ရင်းနှီးမြုပိနှံခဲ့ကြတာပါ။
အရင် စစ်အစိုးရခေတ်မှာ ဖုန်းတစ်လုံးဟာ ၃၅ သိန်းအထိ
ရှိခဲ့ပါတယ်။ဒါကြောင့်လည်း ဖုန်းဟာ ဈေးကွက်အရ
အရောင်းအဝယ်ပြုလုပ်လို့ကောင်းတဲ့၊ ပြန်ရောင်းပြန်ဝယ်
လုပ်လို့ရခဲ့တဲ့ဈေးကွက်တစ်ခုအဖြစ်ရှိခဲ့တာပါ။
ထိုနည်းတူစွာပါပဲ ရွှေဟာလည်း တန်ဖိုးနှုန်းအရ မြေ နဲ့ဖုန်းကို
မမှီဘူးဆိုပေမယ့်ရင်းနှီးမြုပ်နှံသူတွေအတွက်တော့
ဈေးကွက်တစ်ခုဖြစ်ခဲ့ပါတယ်။
ကားတွေဟာလည်း အရင်ခေတ်မှာ
သိန်း ရာကျော် ထောင်ကျော် ဈေးရှိခဲ့ပြီး လူတန်းစားတစ်ရပ်
သတ်သတ်မှတ်မှတ်အတွက် သီးသန့်ရင်းနှီးမြုပ်နှံစရာ
အဖြစ်တည်ရှိခဲ့ပါတယ်။
ဒါတွေဟာ ၂၀၁၀ ခုနှစ်မတိုင်ခင်ကာလအထိသာဖြစ်ခဲပြီး
၂၀၁၀ ခုနှစ်နှောင်ပိုင်းမှာတော့ ရင်းနှီးမြုပ်နှံမှု ဈေးကွက်မှာ
ဖုန်းနဲ့ကားဟာအားလျော့သွားပါတယ်။
ယနေ့လက်ရှိကာလမှာတော့ဖုန်းဟာရင်းနှီးမြုပ်နှံလို့ရတဲ့
ဈေးကွက်ကနေ ပျောက်ပျက်သွားခဲ့ပါပြီ။ထိုနည်းတူစွာ အရင်
သိန်းထောင်ချီတန်ကားတွေဟာဘည်း ရင်းနှီးမြုပ်နှံမှုဟာ
အားကိုးလို့မရအောင် ဈေးနှုန်းကျဆင်းမှုတွေကြောင့်
ဈေးကွက်အားနည်းသွားခဲ့ပါတယ်။
တစ်ချိန်တစ်ခါက မြန်မာပြည်စီးပွားရေးရဲ့ လူတိုင်းစောင့်ကြည့်
ရင်းနှီးခဲ့ကြတဲ့ အိမ်ခြံမြေ ၊ ဖုန်း ၊ ကား ၊ ရွှေ မှာ ယနေ့အထိ
ကျန်ခဲ့တာကတော့ ရွှေနဲ့ အိမ် ခြံ မြေ ပဲဖြစ်ပါတယ်။
ယနေ့ထပ်မံရင်းနှီးမြုပ်နှံစရာဈေးကွက်အသစ်တစ်ခုအနေနဲ့
စတော့ရှယ်ယာတွေစတင်လာပေမယ့်လည်း
- ပွဲဦးထွက်ရှယ်ယာဈေးနှုန်းတွေ အဆမတန်
ပြန်လည်ကျဆင်းမှု၊
- အမြတ်အစွန်းနည်းပါးမှုနှင့်
- investor နှင့်investmentအကြား နေသားတကျမရှိမှု
တို့ကြောင့် အောင်မြင်မှု မရသေးတာကိုတွေ့ရပါတယ်။
ဒါ့အပြင် ၂၀၁၆ မှာရင်းနှီးမြုပ်နှံသူတွေအတွက် ထပ်မံ
ထိုးနှက်ချက်တစ်ရပ်အဖြစ် ကျန်ရှိနေတဲ့ အိမ် ခြံ မြေ ကို
အခွန်နှုန်းထားမြှင့်တင်မှုနှင့်အတူ ဈေးနှုန်းထိန်းကျောင်းခဲ့
မှုကြောင့်အရောင်းအဝယ်အတန်ငယ်အေးစက်သွားခဲ့ရပါ
တယ်။
ဒီလိုအေးစက်သွားမှုဟာ နိုင်ငံရေးပြောင်းလဲမှုတွေအပေါ်
စောင့်ကြည်နေကြတဲ့အရှိန်ကနေတစ်ဆင့်
ဆက်လက်ကြာရှည်စေခဲ့တာပါ။
ဆိုလိုရင်းက ၂၀၁၅ က ဈေးကွက်အအေးဟာ ၂၀၁၆ အချိန်ထိ
အခွန်စနစ်ကြောင့် ဆက်လက်အေးစက်နေဆဲဖြစ်တာပါ။
ထို့အတူ တပိုင်တနိုင်သမားတွေသာရင်နှီးမြုပ်နှံမှုပြုလုပ်ကြတဲ့
ကားဝယ်ယူတင်သွင်းမှုဟာလည်း ဝင်ငွေခွန် ၁၅ ရာခိုင်နှုန်း၊
မူဝါဒ မတည်ငြိမ်မှု အစရှိတာတွေကြောင့်ပျက်လုနီးပါး
အခြေစိုက်နေပါတယ်။
ဒေါ်လာငွေကတော့ ရင်နှီးမြုပ်နှံသူတွေအရင်လို
မဆော့ကြတော့တဲ့ အနေအထားမှာရှိပါတယ်။ဒီအချိန်မှာ
ဈေးကွက်အဖြစ်အားကောင်း ဦးမော့လာတဲ့ ရွှေဈေးဟာ
တစ်ကျပ်သားကို မီးလင်းအခေါက်ဟာ ရှစ်သိန်းကျော်အထိ
အကျမရှိဘဲ တောက်လျှောက်တက်သွားခဲ့ပါတယ်။
ရင်းနှီးစရာဈေးကွက်အဖြစ်တခုတည်းသာကျန်ခဲ့ခြင်းဖြစ်
တာကြောင့်လည်း ပါပါ တယ်။
လက်ရှိကာလမှာတော့ ရွှေဝယ်ယူသူတွေကို ၅ ရာခိုင်နှုန်း
အခွန်ကောက်ဖို့သတ်မှတ်လိုက်ပါတယ်။ရွှေဟာ အတက်အကျ
မြန်ပါတယ်။ရင်းနှီးမြုပ်နှံမှု အရ ရေရှည်ထက် ရေတိုကို
ပိုအလုပ်ဖြစ်ပါတယ်။
ဒီလိုရင်းနှီးမြုပ်နှံစရာဈေးကွက် ပါးရှားလာချိန်မှာ
အိမ် ခြံ မြေ ဟာဈေးကွက်အေးနေရာကတစ်ဆင့် ရုတ်တရက်
ပြန်လည်လည်ပတ်ဖြစ်ထွန်းလာခဲ့ပါတယ်။
"ဈေးကွက်ငြိမ်သွားတာကြာသွားတာလည်းပါတယ်။
နောက် ရင်နှီးမြုပ်နှံစရာဈေးကွက်ကနည်းလာတာလည်းပါတယ်။
ဒါကြောင့်အိမ် ခြံ မြေဟာ ပြန်လည်စတင်ပြီးလည်ပတ်
လာပါတယ်။
စ လည်တဲ့နေရာမှာလည်း ဝုန်းကနဲ ဈေးကွက်ထတောက်တာမျိုး
မဟုတ်ဘဲနဲ့ ကျဆင်းသွားတုန်ကပုံစံ အခြေအနေအတိုင်း
တအိအိပဲ ပြန်တက်လာမှာပါ။
အခုအနေအထားကတော့ရွှေရောအခွန်ရှိတယ်။
ကားရောအခွန်ရှိတယ်။မြေလည်းအခွန်ရှိတယ်။
အားလုံးထဲမှာရေရှည်ရင်နှီးမြုပ်နှံမယ်ဆိုရင် အိမ် ခြံ မြေ က
ဈေးကွက်အားသာလာမှာပါပဲ" ဟု အကျိုးဆောင်တစ်ဦးက
သုံးသပ်ပြောကြားခဲ့သည် ။
အမှန်တကယ်ပင် အိမ် ခြံ မြေ ပြန်လည်ဦးမော့လာပါက
ရင်းနှီးမြုပ်နှံစရာဈေးကွက်တစ်ခုအဖြစ် အားကောင်းမောင်းသန်
ပြန်လာဖွယ်ရှိကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။
(မင်းဝဿန်)
credit - Irrawaddy Publishing Group /
Eleven Media Group / Kumudra /
The Voice & iMyanmar House
No comments:
Post a Comment