“တန်ဖိုးနည်းအိမ်ရာစီမံကိန်း သတင်းများနှင့်
မကြာမီ ပြုလုပ်တော့မည့် အရောင်းပြပွဲ”
၁။ "ရန်ကုန်မြို့တွင် တန်ဖိုးနည်းအိမ်ရာ အခန်းရှစ်ထောင်
တည်ဆောက်ရန် မြေနေရာရရှိထားဟုဆို"
ရန်ကုန်မြို့တွင် တန်ဖိုးနည်းအိမ်ရာအခန်းရှစ်ထောင်အတွက်
မြေနေရာရရှိထားပြီး အခန်းတစ်သိန်းရှစ်သောင်းအတွက်
မြေနေရာဆက်လက်ရှာဖွေနေကြောင်း ဆောက်လုပ်ရေး
ဝန်ကြီးဌာနမှ သတင်းရရှိသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ကျပ်သိန်းတစ်ရာ
အောက် တန်ဖိုးနည်းအိမ်ရာများကို ဆက်တိုက်ဖော်ဆောင်
သွားရန် စီစဉ်ထားသဖြင့် မြေနေရာရရှိရန် ကြိုတင်ရှာဖွေ
နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးဝင်းတင့်က ပြောသည်။
‘‘လတ်တလောဆောက်လုပ်မယ့်စီမံကိန်းအတွက် မြေနေရာ
တွေရရှိထားပြီးဖြစ်ပါတယ်။ အိမ်ရာပိုင်ဆိုင်ခွင့်ရရှိရေးက
ပြည်သူလူထုအတွက် အလိုအပ်ဆုံးဆန္ဒဖြစ်တဲ့အတွက်
ဝန်ကြီးဌာနကနေ ဖြည့်ဆည်းနိုင်အောင်
ကြိုးစားနေပါတယ်’’ ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ရှေ့ပြေးစီမံချက်အဖြစ် နေပြည်တော်ကောင်စီ
နယ်မြေ၊ ဒက္ခိဏမြို့နယ်ရှိ မြေ ဧက ၁၀၀ တွင် ရှစ်ခန်းတွဲ
ငါးထပ် အခန်း ၄၀ ပါ တန်ဖိုးနည်းအိမ်ရာ အဆောက်အအုံ
ကို စတင်ဆောက်လုပ်နေပြီး ဆောက်လုပ်မှု ၄၀ ရာခိုင်နှုန်း
ပြီးစီးနေပြီဟု သတင်းရရှိသည်။
ထို့အပြင် ပြည်သူ့အငှားအိမ်ရာအတွက် အခြေခံမူ(မူကြမ်း)
ပြုစုထားပြီး တန်ဖိုးနည်းအိမ်ရာအတွက် အခြေခံမူများကို
ပြုစုထားကြောင်း ဦးဝင်းတင့်က ပြော သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနသည် တန်ဖိုးနည်းအိမ်ရာများကို
နိုင်ငံ့ဝန်ထမ်းများအတွက် ဦးစားပေးရောင်းချရန်
စီစဉ်ထားကြောင်း သတင်းရရှိသည်။
(မိုးမင်း၊ ရဲနိုင်)
***
၂။ "၂၀၁၆ခုနှစ် တန်ဖိုးနည်းအိမ်ရာ အရောင်းပြပွဲကျင်းပမည်"
၂၀၁၆ ခုနှစ် တန်ဖိုးနည်းအိမ်ရာ အရောင်းပြပွဲကို လာမယ့်
အောက်တိုဘာလ ၂၁ ရက်နေ့ကနေ ၂၃ ရက် နေ့အထိ
MICT Park မှာ ပြုလုပ် ကျင်းပသွားမယ်လို့ သိရပါတယ်။
အဆိုပါ ပြပွဲကိုတော့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနဲ့
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တို့က ပူးပေါင်း
ကျင်းပသွားမှာဖြစ်ပါတယ်။
ပြပွဲမှာ တန်ဖိုးနည်းအိမ်ရာတွေကို အလွယ်တကူဝယ်ယူနိုင်
အောင် အရစ်ကျစနစ်နဲ့ ရောင်းချမယ့်ပုံစံတွေပါဝင်မှာဖြစ်ပြီး
တစ်နေရာတည်းမှာ တန်ဖိုးနည်းအိမ်ရာတွေကို
တစ်စုတစ်ဝေးတည်း ဝယ်ယူသွားနိုင်မှာ ဖြစ်ပါတယ်။
ရောင်းချမယ့်တန်ဖိုးနည်းအိမ်ရာတွေကိုတော့ သီးသန့်
မသိရသေးဘူး၊ အဓိကကတော့ ဘဏ်ချေးငွေနဲ့ အရစ်ကျ
နှစ်များများနဲ့ ဝယ်နိုင်အောင် ဆောင်ရွက်ထားတယ်လို့
မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးမှု ဦးစီးဌာနက တာဝန်ရှိသူ တစ်ဦးက
ပြောပါတယ်။
လက်ရှိအစိုးရအနေနဲ့ တန်ဖိုးနည်းအိမ်ရာပေါင်း
၂၂၀ဝ ကျော်ကို နှစ်နှစ်အတွင်း ထပ်မံဆောက်လုပ်လျက်ရှိပြီး
လက်ရှိ ဆောက်လုပ်ပြီးစီးတဲ့ အိမ်ရာတွေကိုလည်း နှစ်ရှည်
အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်အောင်ဆောင်ရွက်နေပါတယ်။
အိမ်ရာတွေကိုတော့ ရန်ကုန် တိုင်းဒေသကြီးအစိုးရ
အစီအစဉ်နဲ့ရောင်းချမှာ ဖြစ်တယ်လို့သိရပါတယ်။
(ပြည့်ဖြိုးမြင့်မွန်)
***
၃။ "ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် ငွေစု
သူများကို တန်ဖိုးနည်းအိမ်ရာရောင်းချရန် စာရင်းကောက်"
ဆောက်လုပ်ရေးဝန်ကြီးဌာနက တည်ဆောက်မည့်
တန်ဖိုးနည်းအိမ်ရာများ ရောင်းချရန်အတွက်
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုး ရေးဘဏ်သို့ အိမ်ရာ
ငွေကြေး စုဆောင်းသူများအတွင်းမှ
ငွေကျပ်သိန်း ၃၀ ပြည့်သူများ ၏စာရင်းကို စတင်ကောက်ခံ
နေကြောင်းဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။
"အခုဆို ကျွန်တော်တို့ဘဏ်မှာ အိမ်ရာငွေကြေးစုတဲ့
လူဦးရေပေါင်း တစ်လအတွင်းမှာ ၃၃၅ ဦးရှိနေပါပြီ။
အဲဒီထဲက တန်ဖိုးနည်း အိမ်ရာဝယ်တဲ့နေရာမှာ အရင်ဆုံး
ငွေချေရတဲ့အခန်းရဲ့ ၃၀ ရာခိုင်နှုန်းဖြစ်တဲ့ သိန်း ၃၀ ပြည့်
တဲ့သူတွေကို စာရင်းကောက်ပြီးဆောက်လုပ်ရေးဝန်ကြီး
ဌာနကို ပေးသွားပါမယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာနကတန်ဖိုးနည်း အိမ်ခန်း တွေ
ရောင်းတဲ့အခါ ဒီလူတွေကို ဦးစားပေး မဲနှိုက်ရောင်းချ
သွားမှာပါ" ဟုဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်
၏ အမှုဆောင် ဒါရိုက်တာ ဦးဝင်းဇော်ကပြောသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လာမည့်နှစ်နှစ်အတွင်း
တန်ဖိုးနည်း အိမ်ခန်းပေါင်း၈,၀၀၀ ကျော်ကို ဖော်ဆောင်
သွားမည်ဖြစ်ပြီး ယခုနှစ်အတွက် ရန်ကုန်မြို့တွင်လည်း
တန်ဖိုးနည်းအိမ်ခန်း ၁,၀၀၀ ကျော်ကို
ဆောက်လုပ်သွားမည်ဖြစ်ဟု ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းကဲ့သို့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ
ဆောက်လုပ်ခဲ့သည့် တန်ဖိုးနည်း အိမ်ရာတစ်ခုဖြစ်သော
ရွှေလင်ပန်းအိမ်ရာမှ အခန်းများကို ပိုင်းလော့ ပရောဂျက်
အနေဖြင့်ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့်
ချိတ်ဆက်ကာ အရစ်ကျနှစ်ရှည်ချေးငွေ ဖြင့်ရောင်းချခဲ့
သော်လည်း အောင်မြင်သည့် အဆင့်သို့ မရောက်ခဲ့သည့်
အတွက် ယခုကဲ့သို့ငွေစုကဏ္ဍကို ဖော်ဆောင်ကာ
လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဦးဝင်းဇော်က ပြောသည်။
"ရွှေလင်ပန်းအိမ်ရာကို ပိုင်းလော့ပရောဂျက်နဲ့ ရောင်းခဲ့
ပေမဲ့ အောင်မြင်တဲ့ အနေအထားကိုမရောက်ခဲ့ဘူး။
တကယ်ရောင်းနိုင်မယ့် အားကို မ၀ယ်နိုင်ခဲ့ကြဘူး။
ဝယ်လိုအားများပေမဲ့ ၀ယ်မယ့်သူက ငွေမရှိကြတော့
မ၀ယ်နိုင်ကြဘူး။ အဲ့ဒါ စုဆောင်းငွေမရှိကြလို့။
ဒါ့ကြောင့် ကျွန်တော်တို့က
အိမ်ရာ ငွေကြေးစုတဲ့ကဏ္ဍကို လုပ်ပြီးတော့ ပြည်သူ တွေ
ငွေစုတတ်ပြီး ၀ယ်နိုင်တဲ့အင်အားများလာအောင် လုပ်ပေး
နေတာပါ"ဟု ၎င်းက ပြောသည်။
ယခင်ရောင်းချခဲ့သည့် သိန်း ၁၀၀ ကျော် တန်ဖိုးနည်း
အခန်းများကို ၀င်ငွေနည်းပြည်သူများဝယ်ယူနိုင်ရေးကို
ဦးစားပေးရောင်းချခဲ့သော်လည်း အများစုမှာ
ပထမဦးဆုံး လက်ငင်းချေရသည့် အခန်းတန်ဖိုး၏
၃၀ ရာခိုင်နှုန်း ကျပ်သိန်း ၃၀ ခန့်ကို မပေးချေနိုင်၍
လက်တွေ့တွင်အမှန်တကယ် ၀င်ငွေနည်း ပြည်သူများ
ဝယ်ယူနိုင်မှုနည်းခဲ့ခြင်းဖြစ်ကြောင်း ဦးဝင်းဇော်က
ပြောသည်။
"၃၀ ရာခိုင်နှုန်းအတွက် ငွေတန်းချေဖို့မရှိဘူး။
၃၀ ရာခိုင်နှုန်းပေးဖို့ ငွေစုရမယ်။
ဒါပေမဲ့ လူတွေက ငွေစုဆောင်းတဲ့ အကျင့်မရှိဘူး
ဖြစ်နေတယ်။ အဲဒါကြောင့် အခုကျွန်တော်တို့ဘဏ်က
လုပ်ပေးတဲ့ စုငွေကနေ ဆက်လက် စုသွားဖို့ပဲ။ သူတို့
တတ်နိုင်သလောက် စုရင်းသိန်း ၃၀ ပြည့်လို့
ဝယ်နိုင်တဲ့အချိန်ကျရင် ဆောက်လုပ်ရေးဝန်ကြီး
ဌာနကလည်း သူတို့ကို ဦးစားပေးပြီး
ရောင်းသွားမယ်"ဟု ၎င်းက ပြောသည်။
ဝင်ငွေနည်းပြည်သူများအတွက် အိမ်ပိုင်၊ အခန်းပိုင်
နိုင်ရန် ရည်ရွယ်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနက
ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်ကို
၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင်မတည်ရင်းနှီးငွေကျပ်
ဘီလျံ ၁၀၀ ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်အနေဖြင့်
နိုင်ငံတကာဘဏ်များထံမှ အတိုးနှုန်းနည်းချေးငွေဖြင့်
ချေးငွေရရှိကာ မြန်မာနိုင်ငံတွင်လည်း အတိုးနှုန်း
နည်းဖြင့် ပြန်ချေးရန် ကြိုးပမ်းလျက်ရှိသော်လည်း
ဘဏ်တည်ထောင် ပြီးသည်မှာ နှစ်နှစ်ခန့်သာ
ရှိသေးသည့်အတွက် နိုင်ငံတကာချေးငွေများ
လက်ရှိ အချိန်ထိ မရရှိသေးပေ။
(မြတ်ငြိမ်းအေး)
credit - 7day Daily / Kumudra Journal
& The Myanmar Times
No comments:
Post a Comment