Tuesday, October 11, 2016

“မြို့ကြီး ၃ မြို့၏ အိမ်ခြံမြေဈေးကွက် အခြေအနေ”

“မြို့ကြီး ၃ မြို့၏ အိမ်ခြံမြေဈေးကွက် အခြေအနေ”

၁။ "အိမ်ခြံမြေအရောင်းအဝယ်နှင့် အိမ်အငှား
ဈေးကွက်များ ပိုမိုသွက်လာ"

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂ဝ၁၆ ခုနှစ် နှစ်စပိုင်းမှ
စတင်၍ အိမ်ခြံမြေအရောင်းအဝယ်နှင့် အိမ်အငှား
ဈေးကွက်များအေးခဲ့သော်လည်း ပြီးခဲ့သည့် သြဂုတ်လမှ
စတင်၍အိမ်ခြံမြေအရောင်းအဝယ်နှင့် အိမ်အငှား
ဈေးကွက်များအနည်းငယ် ပိုမိုသွက်လာကြောင်း
ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေလုပ်ငန်းရှင်များ
အသင်းမှ သိရသည်။

* ကွန်ဒိုတိုက်ခန်းဈေးကွက်၌လည်း BCC ကျပြီး
ဆောက်လုပ်ပြီး ကွန်ဒိုတိုက်ခန်းများ အရောင်းအဝယ်
ဖြစ်လာ ကြောင်းနှင့်
* မြေကွက်များ အရောင်းအဝယ်သွက်လာကြောင်း၊
* ဈေးနှုန်းအရ အချို့ငွေလိုသူများမှ ပေါက်ဈေးနှုန်းထက်
လျှော့ပြီး ရောင်းချမှုများလည်း ရှိလာကြောင်း၊
* လုပ်ငန်းလုပ်ကိုင်လိုသူများမှလည်း ပေါက်ဈေးနှင့်
နီးနီးစပ်စပ်ပေးဝယ်ရကြောင်း၊
* ကွန်ဒိုတိုက်ခန်းကြိုပွိုင့်များမှာ အရောင်းအဝယ်အေးနေပြီး
ဝယ်ယူသူများမှလည်း စိတ်ဝင်စားမှု တော်တော်နည်းပါး
သွားကြောင်း၊
* လက်ရှိရန်ကုန်မြို့အတွင်း အရောင်းအဝယ်ဖြစ်နေသည့်
ကွန်ဒိုတိုက်ခန်းများမှာ BCC ကျပြီးသားများသာဖြစ်ကြောင်း
အိမ်ခြံမြေလုပ်ငန်းများ လုပ်ကိုင်နေကြသည့်
ဝါရင့်ပုဂ္ဂိုလ်များ၏ပြောပြချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေလုပ်ငန်းရှင်များ အသင်းမှ
ဒု-ဥက္ကဋ္ဌဖြစ်သော ဦးအောင်ထွန်းက
''ကွန်ဒို တိုက်ခန်းကြိုပွိုင့်နဲ့ ပတ်သက်ပြီးပြောရရင်တော့
BCC ကျပြီးသားအခန်းတွေက မြေပိုင်ရှင်အသိအမှတ်ပြု
လက်မှတ်ရေးထိုးရင် ပိုင်ဆိုင်မှုအရှုပ်အရှင်းဖြစ်စရာ
မရှိပါဘူး။
ကြိုပွိုင့်အတွက်ကတော့ တိုက်မပြီးမှာတို့၊ တိုက် မပြီးအောင်
ဆက်မဆောက်လုပ်နိုင်တာတို့၊ တစ်ခန်းကို နှစ်ဦး၊ သုံးဦး
ရောင်းချထားတာတို့  ဖြစ်တတ်တော့ အခန်း ဝယ်ယူသူက
မသိရင် ပြဿနာဖြစ်တတ်ပါတယ်။
လုံးချင်း အငှားဈေးကွက်မှာတော့ ကုမ္ပဏီတချို့ဆိုရင်
မြန်မာပလာဇာတို့၊ အခြားသော Office Tower တွေကို
ပြောင်းရွှေ့ပြီး ငှားရမ်းတာတွေလည်းတွေ့ရပါတယ်။
ပြီးတော့ လုံးချင်း အငှားဈေးနှုန်းတွေကျပြန်တော့လည်း
အရင်နှစ်တွေကထက်စာရင် ဈေးနှုန်းနည်းနည်းကျသွား
ပါတယ်။
လမ်းမတန်း မြေကွက်၊ လုံးချင်းနဲ့ မြေညီတိုက်ခန်းတွေ
ကတော့ ဈေးကွက်နဲ့ နေရာအနေအထားပေါ်မူတည်ပြီး
ဈေးကျတာတွေလည်းရှိသလို ဈေးနှုန်းမြင့်တာတွေလည်း
ရှိပါတယ်။
ဈေးကွက်အနေအထားအရတော့ ရှေ့လျှောက် ဈေးနှုန်း
မြင့်တက်လာနိုင်တာရှိသလို ဈေးကျနိုင်တဲ့
နေရာတွေလည်းရှိပါတယ်။
ဈေးနှုန်းမြင့်တက်ခြင်း၊ ကျခြင်းကတစ်ပိုင်းပါ။
အိမ်ခြံမြေအရောင်းအဝယ်၊ အငှားလုပ်ငန်းတွေကတော့
ပိုမိုကောင်းမွန်သွက်လက်လာပါတယ်'' ဟု ရှင်းပြသည်။

* လက်ရှိအနေအထားအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ
နည်းပါးနေသေးသော်လည်း ၂ဝ၁၇ ခုနှစ်နှစ်ဆန်းပိုင်း
ဖြစ်သော အနာဂတ်ကာလ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများပိုမို
များပြားလာပါက အိမ်ခြံမြေလုပ်ငန်းများ ပိုမိုသွက်လက်လာ
နိုင်စရာအကြောင်းရှိကြောင်း၊
* နိုင်ငံခြားသား ခရီးသွားဧည့်သည်များမှ မြန်မာနိုင်ငံအတွင်း
ပုဂ္ဂလိက ကုမ္ပဏီများအနေဖြင့် ဝင်ရောက်လာပါက
၎င်းတို့၏ ဝန်ထမ်းများ နေထိုင်ရေးအတွက်လည်းကောင်း၊
စက်ရုံ အလုပ်ရုံများ ဖွင့်လှစ်ရန်အတွက်လည်းကောင်း၊
ရုံးခန်းများဖွင့်လှစ်ရန်အတွက်လည်းကောင်း လုပ်ဆောင်မည်
ဖြစ်သောကြောင့် အိမ်ခြံမြေအရောင်းအဝယ်နှင့် အိမ်အငှား
ဈေးကွက်များမှာပိုမိုသွက်လက်လာနိုင်စရာအကြောင်း
ရှိနေကြောင်း
အိမ်ခြံမြေလုပ်ငန်းများ လုပ်ကိုင်နေကြသည့်
ဝါရင့်ပုဂ္ဂိုလ်များက ဆိုသည်။

''ရန်ကုန်မြို့အပါအဝင် အိမ်ခြံမြေအရောင်းအဝယ်ကောင်း
နေတဲ့ မြို့တွေထဲမှာတောင်မှ နိုင်ငံခြားသားလုပ်ငန်းရှင်
အများစု အကြိုက်ဆုံးက ရန်ကုန်မြို့ပဲဖြစ်ပါတယ်။
နိုင်ငံခြားသားကုမ္ပဏီတွေနဲ့ တွေ့ဆုံပြီးဆွေးနွေးတဲ့အခါမှာ
သူတို့အများစုရဲ့အမြင်က ရန်ကုန်မြို့ဟာ အလျင်အမြန်
တိုးတက်ဖွံ့ ဖြိုးနိုင်တယ်လို့ လက်ခံနားလည်ထားကြပါတယ်။
အဲဒီနေရာမှာလည်း ကျွန်တော့်အမြင်ပြောရမယ်ဆိုရင်
အစိုးရနဲ့ တိုက်ရိုက် ချိတ်ဆက်ပြီး အိမ်ခြံမြေလာရောက်
ရင်းနှီးမြှုပ်နှံမှုတွေက ကျွန်တော်တို့ လုပ်ငန်းလောကအပေါ်
တိုက်ရိုက်ပတ်သက်မှုသိပ်မရှိပါဘူး။
အိမ်ခြံမြေကဏ္ဍကို ဖွံ့ဖြိုးတိုးတက်ချင်တယ်ဆိုရင် ပုဂ္ဂလိက
ကဏ္ဍကိုလည်း လုပ်ငန်းလုပ်ကိုင်ရ လွယ်ကူအောင်
ထားပေးစေချင်ပါတယ်။
ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီးပြောရရင် တချို့တွေကမြေဝယ်၊
အိမ်ဝယ်ပြီး ရင်းနှီးမြှုပ်နှံရတာကြိုက်တဲ့သူတွေရှိကြသလို
တချို့တွေ ကတော့ ကွန်ဒိုတိုက်ခန်းဝယ်ယူပြီး ရင်းနှီးမြှုပ်နှံ
သူတွေလည်းရှိပါတယ်။
မြေကွက်ရဲ့သဘောက တည်နေရာ၊ အကျယ်အဝန်း၊ အလှည့်၊
အိမ်နံပါတ်စတဲ့ အချက်တွေကို ဝယ်ယူသူကကြိုက်နှစ်သက်
တယ်ဆိုရင် အဲဒီမြေကွက်ကို ဝယ်ယူသူကရောင်းချင်သူရဲ့
ဈေးနှုန်းအတိုင်းပေးဝယ်ကြ ရပါတယ်။
ကွန်ဒိုတိုက်ခန်းရဲ့သဘောသဘာဝကျတော့ ဝယ်ယူသူ
စိတ်ကြိုက် ရွေးချယ်ခွင့်ရှိပါတယ်'' ဟု ဦးအောင်ထွန်းက
ဆိုသည်။

* မကြာမီကာလတွင် ကွန်ဒိုမီနီယံနည်းဥပဒေ
ထွက်လာတော့မည်ဖြစ်သောကြောင့် ကွန်ဒိုတိုက်ခန်းများ
အတွက်အားသာချက်ရှိမည်ဖြစ်ကြောင်း၊
* နိုင်ငံခြားသားများအား ခွင့်ပြုထားသည့် အတိုင်းအတာ
တစ်ခုအထိ ဝယ်ယူခွင့်၊ ပိုင်ဆိုင်ခွင့်၊ ရောင်းချပိုင်ခွင့်များကို
ပေးထားမည် ဖြစ်ကြောင်း၊
* ကွန်ဒိုမီနီယံနည်းဥပဒေထွက်ပေါ်လာလျှင် နိုင်ငံခြားသား
ရင်းနှီးမြှုပ်နှံသူများ ပိုမိုများပြားလာမည်ဟု မျှော်လင့်ကြောင်း၊
* ယခုလက်ရှိ ပြည်တွင်းဝယ်လိုအား လျော့နည်းခိုက်
ပြည်ပငွေကြေးဖြင့် ဝယ်ယူမည့်သူများ ပိုမိုဝင်ရောက်လာနိုင်
သောကြောင့် ကွန်ဒိုတိုက်ခန်း အရောင်းအဝယ်လုပ်ငန်းများ
မှာလည်း ပိုမိုတိုးတက် ကောင်းမွန်လာနိုင်စရာအကြောင်း
ရှိကြောင်း
အိမ်ခြံမြေ လုပ်ငန်းများလုပ်ကိုင်နေကြသည့်
ဝါရင့်ပုဂ္ဂိုလ်များ၏ပြောချက်အရ သိရသည်။

* ၂ဝ၁၇ ခုနှစ် နှစ်ဆန်းပိုင်းဖြစ်သော အနာဂတ်ကာလတွင်
ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်
ကောင်းမွန်လာနိုင်သောကြောင့် အိမ်ခြံမြေအရောင်းအဝယ်
ဈေးကွက်များ ပိုမိုကောင်းမွန်သွက်လက်လာနိုင်စရာ
ရှိကြောင်း၊
* ကိုယ်ပိုင်စီးပွားရေးလုပ်ဆောင်သည့် လုပ်ငန်းရှင်များ
ကလည်း ရရှိသည့်အကျိုးအမြတ်ထဲမှ အိမ်ခြံမြေများ
ဝယ်ယူကာ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်လာနိုင်စရာအကြောင်း
ရှိကြောင်း၊
* အိမ်ခြံမြေအရောင်း အဝယ်ဈေးနှုန်းများမှာလည်း
သင့်တင့်သည့် ဈေးနှုန်းအနေ အထားရှိနေမည်
ဖြစ်သောကြောင့် အရောင်းအဝယ်များ
ပိုမိုသွက်လက်လာနိုင်စရာအကြောင်းရှိကြောင်း
အိမ်ခြံ မြေလုပ်ငန်းများလုပ်ကိုင်နေကြသည့်
ဝါရင့်ပုဂ္ဂိုလ်များထံမှ စုံစမ်းသိရသည်။

(စိုးဝင်း-MLA)

***

၂။ "မန်းအိမ်ခြံမြေဈေးကွက် လျှော့ဈေးတွေနဲ့
အရောင်းအဝယ်ဖြစ်နေ"

မန္တလေး အိမ်ခြံမြေဈေးကွက်မှာ အခုရက်ပိုင်း လျှော့ဈေးနဲ့
ရောင်းချတဲ့ အိမ်ခြံမြေတွေ အရောင်းအဝယ်ပြန်လိုက်လာ
တယ်လို့ မန္တလေး အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်း
လုပ်ကိုင်သူတချို့ထံ ကသိရပါတယ်။

- ၂၆ လမ်း နဲ့ ၃၅ လမ်းကြားရှိ မြေကွက်တွေဆိုရင်
ယခင်က ကျပ် သိန်းပေါင်း ၁၈,ဝ၀ဝ ကျော်တန်ဖိုးရှိခဲ့ပြီး
သည်ကာလအတွင်းမှာတော့ ကျပ်သိန်းပေါင်း ၁၄,ဝ၀ဝ
ခန့်သာရှိ တယ်။
- မဟာမြိုင်ဘက်ကမြေကွက်တွေမှာဆိုရင်လည်း
ယခင်ကကျပ်သိန်းပေါင်း ၃၀ဝ၀ ခန့်ရှိတဲ့ မြေကွက်တွေ
ဆိုရင်လည်း ကျပ်သိန်းပေါင်း ၂၇၀ဝ ပတ်ချာလည်သာ
ရှိတော့တယ်။
- မြို့သစ်ဘက်မှာဆိုရင် ယခင်က ကျပ်သိန်း ၈၀ဝ ခန့်
ဈေးပေါက်ခဲ့ မြေကွက်ဟာ အခုအခါမှာသိန်း ၅၀ဝ
ပတ်ချာလည်သာရှိတယ်လို့ဆိုတယ်။

"ဈေးကအသက်သာဆုံးအချိန်ဖြစ်နေတယ်၊
မြေဈေးကလဲ ဒီထက်မကျနိုင်တော့ဘူးထင်လို့
ဝယ်ကြတော့ အဝယ်လိုက်လာတဲ့သဘောပါပဲ၊
တကယ်နေမယ့် သူလောက် ဝယ်ကြတာပေါ့"လို့
(ရွိုင်ရယ်ထွန်းသစ္စာ- အိမ်ခြံမြေ အကျိုးဆောင်ကုမ္မဏီ)မှ
ဦးတင်မောင်က ပြောပါတယ်။

ကျဈေးနဲ့ အရောင်းအဝယ်ဖြစ်
-------------------------------

ပုံမှန်ဆိုလည်း သည်အချိန်တွေက အရောင်းအဝယ်ဖြစ်တဲ့
အချိန်ဖြစ်ပြီး အခုလတ်တလော အရောင်းအဝယ်ဖြစ်နေ
တာက ကျဈေးတွေနဲ့ အရောင်းအဝယ်ဖြစ်နေပြီး
ဈေးချရောင်းတဲ့ နေရာမှာအရောင်းအဝယ်ဖြစ်တယ်လို့
ဆိုပါ တယ်။

အိမ်ခြံမြေအရောင်းအဝယ်အနေနဲ့ လာမယ့် ၂၀၁၇ ခုနှစ်၊
အလယ်လောက်ဆို အိမ်ခြံမြေလုပ်ငန်းတွေအရင်လို
အရောင်းအဝယ်ပြန်ကောင်းလာနိုင်တယ်လို့
ဦးတင်မောင်က သုံးသပ်ပါတယ်။

ကား၊ ရွှေနဲ့ ဒေါ်လာဈေးတွေကလည်း မတည်ငြိမ်
သေးတဲ့အတွက် အိမ်ခြံမြေအရောင်းအဝယ်ဘက်ကို
လူတွေကပြောင်းလဲလုပ်ကိုင်လာကြတယ်လို့
အိမ်ခြံမြေရောင်းဝယ်ရေးသမားတချို့ထံက သိရပါတယ်။

လူနေစည်ကားမှု၊ မြို့တွင်းနဲ့ နီးတဲ့အပေါ်မူတည်ပြီး မြေဈေး
ကျဆင်းတာကလည်း အနည်း၊ အများကွာဟနေပြီး
မန္တလေး အိမ်ခြံမြေဈေးကွက်မှာတော့ အရင်ကမြင့်တက်ခဲ့တဲ့ 
မြေဈေးနှုန်းကနေ ၁၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ
မြေဈေးတွေကျဆင်းခဲ့တာဖြစ်တယ်လို့ မန္တလေးမှာရှိတဲ့
အိမ်ခြံမြေ ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူ အချို့ထံက
သိရပါတယ်။

(ဘုန်းနေ)

***

၃။ "နေပြည်တော်ကို နိုင်ငံခြားကုမ္မဏီတွေ ဝင်လာ၊
လုံးချင်းတိုက်အငှားသွက်"

နေပြည်တော်ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္မဏီတွေဝင်လာတဲ့
အတွက် တန်ဖိုးမြင့်လုံးချင်းတိုက်ခန်းတွေ အငှားပါသွက်နေ
တယ်လို့ သိရပါတယ်။

စက်တင်ဘာလဆန်းကစပြီး နေပြည်တော်ရဲ့ အိမ်ခြံမြေ
ဈေးကွက်ဟာ နိုင်ငံခြားကုမ္မဏီတွေနဲ့ အခြားကုမ္မဏီတွေ
ဝင်လာတာများပြီး ကျပ် ၁၅ သိန်းနဲ့ သိန်း ၂၀ ဝန်းကျင်တွေ
အငှားသွက်နေတယ်လို့ သိရပါတယ်။

"အရင်ကလှောင်ဖို့ပဲ စီးပွားဖြစ်ငှားကြတာများတယ်၊ 
အခုကကုမ္မဏီတွေကလာတာ၊ ငှားပြီးတာနဲ့
တောက်လျှောက်ဝန်ထမ်းတွေ တန်းခန့်တော့တာပဲလို့
နေပြည်တော် မြန်မာနိုင်ငံအိမ်ခြံမြေအကျိုးဆောင်
အသင်းကအတွင်းရေးမှူး ဦးကျော်စွာမြင့်က
ပြောပါတယ်။

ကုမ္မဏီတွေဖွင့်ဖို့ အငှားများတဲ့အတွက် အဆောက်အအုံ
ခန့်ညားတာတွေ ပိုပြီးအငှား များလာပါတယ်။

ဦးကျော်စွာမြင့်က များသောအားဖြင့် လုံးချင်းတိုက်
ကျယ်ကျယ်တွေ အကြိုက်များတယ်လို့ ပြောပါတယ်။

ကုမ္မဏီတွေအနေနဲ့ နေပြည်တော်ဟာ အစိုးရရုံး
အခြေစိုက်မြို့တစ်မြို့ဖြစ်တဲ့အတွက် ဝန်ကြီးဌာနတွေနဲ့
နီးကပ်စွာဆက်သွယ်လို့ရအောင် ရည်ရွယ်တာဖြစ်ပြီး
အများစုဟာ ဆက်သွယ်ရေးကုမ္မဏီတွေ၊ ရင်းနှီးမြှုပ်နှံမှု
ကုမ္မဏီတွေနဲ့ သွင်းကုန်ထုတ်ကုန်ကုမ္မဏီတွေ
ဖြစ်ပါတယ်။

လေပြေအေး အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းက
ဒေါ်နှင်းဝေဝေအောင်က ခုချိန်ရန်ကုန်နဲ့ မန္တလေးတွေမှာ
အိမ်ခြံမြေဈေးကွက်အေးနေပေမဲ့ နေပြည်တော်ကတော့
အရောင်း အဝယ်အငှား မျှမျှတတနဲ့သွက်နေတယ်လို့
ပြောပါတယ်။

အငှားအများဆုံး နေရာတွေကတော့ သပြေကုန်း၊
ဥတ္တရမြို့နယ်နဲ့ ဒက္ခိဏသီရိမြို့နယ်တို့ ဖြစ်တယ်။
ပုဗ္ဗသီရိမြို့နယ်ကတော့ အငှားပိုင်းမှာအေးတယ်လို့
သိရပါတယ်။

ရွှေကြာပင်နဲ့ပေါင်းလောင်းဘက်တွေမှာ အိမ်ပါမြေကွက်တွေ
အရောင်းအဝယ်ဖြစ်နေတယ်။ သိန်း ၈၀ဝ နဲ့ သိန်း ၁၀ဝဝ
ဝန်းကျင်မြေကွက်တွေ အရောင်းအဝယ်ပိုဖြစ်နေတယ်လို့
သိရတယ်။

(မာရီခိုင်)

credit - The Mirror Daily & Kumudra Journal

No comments:

Post a Comment