“မြေရှင်၊ ကန်ထရိုက်တာ၊ ကြိုပွိုင့်ဝယ်သူများအကြား
တရားစွဲဆိုမှု မြင့်တက်လာခြင်းနှင့် ၄င်းမှုခင်းများ
လျော့ကျစေဖို့ ဆိုလျှင်”
၁။ "မြေရှင်နှင့် ကန်ထရိုက်တာများကြား တရားစွဲဆိုမှု
မြင့်တက်လာ"
သတ်မှတ်ထားသော ကာလကျော်လွန်သည့်တိုင်
ဆောက်လုပ်မှု မပြီးစီးခြင်းကြောင့် မြေရှင်က
ကန်ထရိုက်တာများကို တရားစွဲဆိုသော အရေအတွက်
လစဉ် မြင့်တက်နေကြောင်း သတင်းရရှိသည်။
‘‘စာချုပ်စာတမ်းဖောက်ဖျက်မှုနဲ့ တရားစွဲလို့ရတော့
မြေရှင်တွေက သတ်မှတ်ထားတဲ့အချိန်မပြီးတော့ တရားစွဲ
နေကြတာ။လတိုင်း ငါးဦးကနေ ၁၀ဦးလောက်အထိ
ရှိတယ်။ ၂၀၁၆ ကတော့ အများဆုံးဖြစ်လာနိုင်ဖို့ရှိ တယ်’’
ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ
အင်ဂျင်နီယာနှင့် အဆောက်အအုံဌာန တာဝန်ရှိသူ
တစ်ဦးက ပြောကြားသည်။
မြေရှင်နှင့် ကန်ထရိုက်တာများအကြား တရားစွဲဆို
နေမှုများ သည် နေ့စဉ်နှင့်အမျှ နိုင်ငံပိုင် သတင်းစာများ
တွင် ကြည့်ရှုနိုင်ကြောင်း ဧရာမြေဆောက်လုပ်ရေး
လုပ်ငန်းရှင် ဦးမန်းဝင်းမြင့်က ပြောသည်။
‘‘ကြိုပွိုင့်တွေက အခန်းတွေ မထွက်တော့
ကန်ထရိုက်တာတွေဘက်က ဆက်ဆောက်ဖို့ ငွေမရှိလို့
ရပ်လိုက်တာတွေများလာတယ်။
မြေရှင်တွေဘက်ကလည်း သတ်မှတ်ထားတဲ့အချိန်မပြီး
တော့ ဒုက္ခတွေရောက်ကုန်တာ’’ ဟု ၎င်းက ဆိုသည်။
မြေရှင်နှင့် ကန်ထရိုက်တာများအကြား တရားစွဲဆိုနေမှုများ
အပြင် မြေရှင်နှင့်အခန်းကြိုတင် ဝယ်ယူထားသူများအကြား
တရားစွဲဆိုမှုများလည်း မြင့်တက်နေပြီး အရပ်စာချုပ်ဖြင့်
ဝယ်ယူထားခြင်း တို့ကြောင့် တရားစွဲဆိုမှုများဖြစ်ခဲ့ပါက
တစ်ဖက်နှင့်တစ်ဖက် ခိုင်လုံမှုမရှိကြောင်း
တရားလွှတ်တော်ရှေ့နေ ဦးအေးမြင့်က ပြောကြားသည်။
ရန်ကုန်မြို့တွင် ကြိုပွိုင့်တိုက်ခန်းဈေးကွက်
ဆက်တိုက်ကျဆင်းနေချိန်၌ ယခုကဲ့သို့ အရေအတွက်များစွာ
ဆက်လက်ဖြစ်ပေါ်နိုင်သောကြောင့် အစိုးရအနေဖြင့်
တစ်ခုခု ဝင်ရောက်ထိန်းသိမ်း ကြပ်မတ်ပေးစေလိုကြောင်း
လိုင်စင်ရ ကန်ထရိုက်တာများအသင်း (ယာယီ)က
တိုက်တွန်းထားသည်။
တည်ဆောက်မှုပြီးစီးပြီဖြစ်သော်လည်း အခန်းဝယ်ယူထားသူ
အချို့က လူနေခွင့်မကျသေးခြင်း၊ လျှပ်စစ်မီး မရရှိသေးခြင်း
တို့ ကြောင့် ပြန်လည်ရောင်းချရန် အခက်အခဲအချို့
ဖြစ်ပေါ်နေကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များ က
ဆိုသည်။
(မိုးညို)
***
၂။ "မြေရှင်၊ ကန်ထရိုက်တာ၊ ကြိုပွိုင့်ဝယ်သူများအကြား
မှုခင်းများမဖြစ်ရေး"
မြေရှင်၊ ကန်ထရိုက်တာ၊ အခန်းကြိုပွိုင့် ၀ယ်ယူသူများ
အကြား အငြင်းပွားမှုများ၊ လိမ်လည်မှုများ၊ ယုံကြည်
အပ်နှံရေး ဖောက်ဖျက်မှုများ မြောက်မြားစွာ ဖြစ်ပေါ်
နေပါသည်။
တရားရုံးအဆင့်ဆင့်၌ ယင်းအမှုများစွာရှိသည်။
ဆက်လက်၍လည်း ဖြစ်လတံ့ မှုခင်းများစွာ ရှိနေပါသည်။
ဤသည်မှာ တရားဥပဒေစိုးမိုးရေး တာဝန်ရှိ
အစိုးရဌာနများ၏ စနစ်တကျ ထိန်းသိမ်းမှု၊ တာဝန်
ပျက်ကွက်မှု၊ လျစ်လျူရှုမှု၊ အဂတိ လိုက်စားမှုများဖြင့်
အိမ်ခြံမြေလောက၌ ရှုပ်ထွေးပွေလီ နေပါသည်။
တာဝန်ရှိအဖွဲ့အစည်းများက မြေရှင်၊ ကန်ထရိုက်နှင့်
ဝယ်သူများအကြား စည်းကမ်းသတ်မှတ်ချက်များ
ချမှတ်ပေးရန် လိုပါသည်။
ဥပဒေမရှိသေးသည်ကို အကြောင်းပြခြင်းထက်
လတ်တလော အမိန့်ညွှန်ကြားချက်များ ထုတ်၍
ထိန်းကြောင်းနိုင်ပါသည်။
တန်ဖိုးနည်း၊ တန်ဖိုးမျှ၊ အဆင့်မြင့် ပုဂ္ဂလိက အိမ်ရာ
ဆောက်လုပ်ရေးများကို မြေရှင်၊ ကန်ထရိုက်၊
အခန်းနေထိုင်သူများ အကြား တိကျသော
သဘောတူညီချက်နှင့် ခွင့်ပြုချက်များ ရရှိပြီးမှသာ
ပြည်သူများကို စိတ်ချလက်ချ ၀ယ်ယူစေသင့်ပါသည်။
မသေချာ မရေရာသေးဘဲ ကြိုတင် ရောင်းချမှုများသည်
မှုခင်းများ ဖြစ်စေပါသည်။
အစိုးရတာဝန်ရှိဌာန၏ ရောင်းချရန် ခွင့်ပြုချက် ရရှိမှသာ
သတင်းစာများ၌ ကြော်ငြာခြင်း၊ ကြိုပွိုင့်ရောင်းချခြင်းများ
ပြုလုပ်သင့်ပါသည်။
ထို့ ပြင် နိုင်ငံတကာအိမ်ခြံမြေ ဆောက်လုပ်ရေးများ၌
(၁) ဆောက်လုပ်ခွင့်ရရှိပြီး၊ ဆောက်လုပ်မည့် နှစ်ကာလ
အတိအကျ သတ်မှတ်ပြီးမှသာ ၀ယ်ယူလိုသူများကို
စတင်ရောင်းချ ခွင့်ပြုပါသည်။
(၂) ဆောက်လုပ်ရေးကုမ္ပဏီသည် ဘဏ်တစ်ခုခုကို
ဆောက်လုပ်မည့်အိမ်ရာအတွက် သီးသန့်ငွေစာရင်း
ဖွင့်ရပါသည်။
ကြိုပွိုင့်ဝယ်ယူသူများက အဆောက်အအုံပြီးစီးမှုအပေါ်
အရစ်ကျ ငွေပေးချေကြရပါသည်။
(၃) ကြိုပွိုင့်ရောင်းချရငွေများကို သက်ဆိုင်ရာ
အဆောက်အအုံဆောက်လုပ်ရေးတွင် အသုံးပြုရန်သာ
ကန်ထရိုက်က ငွေထုတ်ယူခွင့်ရှိပါသည်။
အခြားမသက်ဆိုင်သော အသုံးစရိတ်များအတွက်
ငွေ ထုတ်ယူခွင့် မရှိပါ။
(၄) အဆောက်အအုံဆောက်လုပ်ပြီးစီး၍ ယာယီနေထိုင်
ခွင့်ပြုမိန့် ရရှိပြီးမှသာ လက်ကျန်ငွေများကို ထုတ်ယူခွင့်
ရရှိပါသည်။
(၅) ကြိုပွိုင့်ဝယ်ယူသူများအား အိမ်သော့ အပ်သောအခါ
တန်ဖိုး၏ ၈၅ ရာခိုင်နှုန်းအထိသာ ငွေသွင်းရပါသည်။
ကျန် ၁၅ ရာခိုင်နှုန်းငွေကို နေထိုင်ပြီး (၁)နှစ်ကြာမှသာ
ပေးသွင်းရပါသည်။
(၆) ၁၂ လအတွင်း အိမ်အတွင်း အပြင် ပျက်စီးမှုရှိပါက
ဆောက်လုပ်ရေးကုမ္ပဏီက အခမဲ့ပြင်ဆင်ပေးရပါသည်။
(၇) အိမ်သော့အပ်သောအခါ၌ သတ်မှတ်ထားသော
- အရည်အသွေးပစ္စည်းများ သုံး၊ မသုံး၊
- စံချိန်စံညွှန်း သတ်မှတ်ချက်နှင့် ညီ/မညီ၊
- ရေမီး ကောင်း/မကောင်း စစ်ဆေးပြီးမှ လက်ခံနိုင်ပါသည်။
သတ်မှတ်ချက် စံမမီပါက ပြင်ဆင်ခိုင်းနိုင်ပါသည်။
(၈) ဆောက်လုပ်ပြီး နှစ်နှစ်သုံးနှစ် အထိ ဆောက်လုပ်ရေး
ကုမ္ပဏီက ထိန်းသိမ်းပြီးနောက်ပိုင်း အိမ်ရာနေထိုင်သူများ
ကော်မတီဖွဲ့၍ ထိန်းသိမ်းပါသည်။
ကြိုပွိုင့်အရစ်ကျငွေပေးသွင်းခြင်း
-----------------------------------
(၁) စရန်ငွေ ၅ ရာခိုင်နှုန်းပေးချေ၍ ကနဦးစာချုပ်လက်မှတ်
ရေးထိုးပါသည်။
(၂) အိမ်တန်ဖိုး၏ ၅၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ
ဘဏ်ချေးငွေရနိုင်ပါသည်။
(၃) တစ်ပတ်အတွင်း အိမ်တန်ဖိုး၏ ၁၅ ရာခိုင်နှုန်းပေးသွင်း
ရပါသည်။
ဒုတိယအရစ် - အုတ်မြစ်ချပြီးပါက ၁၀%
တတိယအရစ် - ကွန်ကရစ်တိုင်များ ပြီးပါက ၁၀%
စတုတ္ထအရစ် - ဘေးနံရံများဆောက်ပြီးပါက --- %
ပဉ္စမအရစ် - မျက်နှာကြက်အမိုးများ တပ်ဆင်ပြီးပါက --- %
ဆဋ္ဌမအရစ် - တံခါးနှင့် ပြတင်းပေါက် ပေါင်များ စနစ်တကျ
တပ်ဆင်ပြီး၊ မီး လိုင်းများ ရေပိုက်လိုင်းများ၊
အိမ်တွင်း ပလပ်စတာ အချောကိုင်ပြီးပါက --- %
သတ္တမအရစ် - ကားပါကင်များ၊ လမ်းများ၊ ရေမြောင်းများ
ပြီးပါက --- %
အဋ္ဌမအရစ် - ယာယီနေထိုင်ခွင့်ရပြီး ၁၂ လအတွင်း ၁၅%
အခွန်အခများ
----------------
အာဆီယံနိုင်ငံတစ်ခုဖြစ်သော စင်ကာပူနိုင်ငံတွင် အခွန်သည်
အိမ်တန်ဖိုး၏ ၃ ရာခိုင်နှုန်းသာ ကောက်ခံပါသည်။
အိမ်ကို
- တစ်နှစ်အတွင်း ပြန်လည် ရောင်းချပါက
အိမ်တန်ဖိုး၏ ၁၆ ရာခိုင်နှုန်း အခွန်ဆောင်ရပါသည်။
- ဒုတိယနှစ်အတွင်း ပြန်လည်ရောင်းချပါက အိမ်တန်ဖိုး၏
၁၂ ရာခိုင်နှုန်းအခွန်ဆောင်ရပါသည်။
- တတိယနှစ်အတွင်း ပြန်လည်ရောင်းချပါက
အိမ်တန်ဖိုး၏ ၈ ရာခိုင်နှုန်းအခွန်ဆောင် ရပါသည်။
- စတုတ္ထနှစ်အတွင်း ပြန်ရောင်းပါက
အိမ်တန်ဖိုး၏ ၄ ရာခိုင်နှုန်း အခွန်ဆောင်ရပါသည်။
- ပဉ္စမနှစ်နှင့် နောက်ပိုင်း ရောင်းချပါက
အခွန်ကင်းလွတ်ခွင့် ရရှိပါသည်။
အိမ်ကို ငှားရမ်းခြင်း ပြုလုပ်ရာ၌
- ပထမနှစ်ဖြစ်ပါက တစ်နှစ်ဝင်ငွေ၏ ၄ ရာခိုင်နှုန်း
ဆောင်ရပါသည်။
- ဒုတိယနှစ် ငှားရမ်းပါက တစ်နှစ်ဝင်ငွေ၏ ၁၀ ရာခိုင်နှုန်း၊
- တတိယနှစ် အိမ်ငှားရမ်းပါက တစ်နှစ်ဝင်ငွေ၏
၁၀ ရာခိုင်နှုန်း ဆောင်ရ ပါသည်။
အိမ်ကို ပြန်လည်ရောင်းချခြင်း၊ ငှားရမ်းခြင်းများကို
အခွန်ငွေဖြင့် ထိန်းထားပါသည်။
* မြန်မာနိုင်ငံ၏ အခွန်ကောက်ခံမှုသည် များလွန်း
နေခြင်းကြောင့် အိမ်ခြံမြေ ရောင်း ၀ယ်ငှားရမ်း
လုပ်ကိုင်သူတို့သည် အခွန်ငွေကို တိမ်းရှောင်ကြပြီး
အလွတ်သဘော အရပ်စာချုပ်ဖြင့်သာ
ရောင်းဝယ်ငှားရမ်း နေကြပါသည်။
* နိုင်ငံတော် အခွန်ငွေများ ဆုံးရှုံးနေပါသည်။
* မလွှဲမရှောင်သာမှသာ အခွန်ဆောင်၊
တံဆိပ်ခေါင်းကပ်၊ မှတ်ပုံ တင်အမည်ပြောင်းကြပါသည်။
* သင့်တင့်မျှတသော အခွန်ဖြင့် အိမ်ခြံမြေရောင်းဝယ်
ငှားရမ်းမှုများကို တရားဝင် ဥပဒေဘောင်အတွင်းသို့
ရောက်ရှိစေသင့် ပါသည်။
အိမ်ခြံမြေလောကတိုးတက်ဖွံ့ဖြိုးရေးသည် နိုင်ငံတော်
အစိုးရ၏ သက်ဆိုင်ရာဌာနများ အဖွဲ့အစည်းများက
စည်းကမ်းများ ညွှန်ကြားချက်များ
ချမှတ်ကိုင်တွယ်သင့်ပါကြောင်း။
ဦးမောင်မောင်ဝင်း (တရားလွှတ်တော်ရှေ့နေ)
credit - 7day Daily & iMyanmar House
No comments:
Post a Comment