Saturday, October 1, 2016

“ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှုစီမံကိန်းနှင့် ဆိုင်ရာ သတင်းများ”

“ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှုစီမံကိန်းနှင့် ဆိုင်ရာ သတင်းများ”

၁။ "ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှု မဟာဗျူဟာစီမံကိန်းကို
ခေတ်နှင့်လျော်ညီစေရန် ပြန်လည်ရေးဆွဲမည်"

၂၀၁၃ တွင် ရေးဆွဲခဲ့သည့် ရန်ကုန်မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာ
စီမံကိန်းကို လက်ရှိမြို့၏ အခြေအနေနှင့် ကိုက်ညီစေရန်
ပြန်လည် ပြင်ဆင်ရေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှု
ဌာန ဒုတိယဌာနမှူး ဦးတိုးအောင်က ပြောသည်။

‘‘၂၀၁၃ က ရေးခဲ့တဲ့ စီမံကိန်းမှာ အခုနှစ်ကြာလာတာနဲ့အမျှ
စီမံကိန်းမှာ ပေါင်းစပ်ပါဝင်ဖို့ တခြားအခြေအနေတွေ
ဖြစ်လာတယ်။ ဒါကြောင့် ပြန်လည်ရေးဆွဲနေတာပါ’’ဟု
ဦးတိုးအောင်က ဆိုသည်။

သို့သော် ၂၀၁၃ တွင် ရေးဆွဲခဲ့သည့် စီမံကိန်း၏ ကျောရိုးများ
ဖြစ်သည့်
- အစိမ်းရောင်နယ်မြေများဖော်ထုတ်ခြင်း၊
- ရှေးဟောင်း အဆောက်အအုံနေရာများ ထိန်းသိမ်းခြင်းနှင့်
- စီးပွားရေးအချက်အချာနယ်မြေသစ်များ ဖော်ထုတ်ခြင်း
တို့ကိုမူ ယခင်က ရေးဆွဲခဲ့သည့်အတိုင်း လုပ်ဆောင်မည်
ဖြစ်ကြောင်း သိရသည်။

* ယခု ပြန်လည်ရေးဆွဲမှုတွင် မြို့ကိုဝန်းရံပြီး
မြို့သစ်စီမံကိန်းသစ်များ ဖော်ထုတ်ရန် အဓိကထား
ရေးဆွဲမည်ဖြစ်ကြောင်း *  ဦးတိုးအောင်က ပြောသည်။

‘‘သန်လျင်၊ ကြည့်မြင်တိုင်တစ်ဖက်ကမ်း၊ မှော်ဘီလိုနေရာ
ခုနစ်နေရာကို မြို့သစ်စီမံကိန်းလုပ်ဖို့ လျာထားပြီးပြီဖြစ်တဲ့
အတွက် ဒါတွေကို အဓိကထားရေးဆွဲမယ်’’ဟု
၎င်းက ဆက်လက် ပြောကြားသည်။

ထို့နောက် ဆက်လက်ပြီး
ဆိပ်ကမ်းနယ်မြေများကို အဆင့်မြှင့်
ဖော်ထုတ်သွားရန်နှင့် ပင်လယ်ထွက်ပေါက်ဒေသအဖြစ်
ကွမ်းခြံကုန်း ကော့မှူးဒေသကို အဓိကအခြေပြု၍
ရေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၃ က ရေးဆွဲခဲ့သည့် ရန်ကုန်မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာ
စီမံကိန်းသည် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်း
ဆောင်ရွက်ရေး အေဂျင်စီနှင့် ပူးပေါင်းပြီး သုံးလကြာ
ရေးဆွဲသော စီမံကိန်းတစ်ခုလည်းဖြစ်သည်။

အဆိုပါစီမံကိန်းသည် တိုးပွားလာမည့် လူဦးရေအတွက်
ရန်ကုန်မြို့တွင်လာမည့် ၂၀၅၀ အထိ အသုံးပြုနိုင်ရန်
ရည်ရွယ်ရေးဆွဲထားခြင်းဖြစ်သည်။

(မိုးညို)

***

၂။ "ရန်ကုန်မြို့သစ်စီမံကိန်းအတွက် တောင်ဘက်နဲ့
အရှေ့မြောက်ဘက်ကို အဓိကထား တိုးချဲ့မည်"

ရန်ကုန်မြို့သစ် စီမံကိန်းမှာ ရန်ကုန်မြို့ရဲ့ တောင်ဘက်နဲ့
အရှေ့မြောက်ဘက်ကို အဓိကထား လုပ်ဆောင်မယ်လို့
သိရပါတယ်။

"ရန်ကုန်မြို့သစ်စီမံကိန်းကို လက်ရှိ အခြေအနေနဲ့
ကိုက်ညီ အောင် ရေးဆွဲနေတယ်၊
တောင်ဘက်အထိ တိုးချဲ့လုပ်ဆောင်ဖို့ တွေ ရှိတယ်၊
တောင်ဘက်ကို ချဲ့တာက ရေကြောင်းပို့ဆောင်ရေးအဖြစ်
ဆိပ်ကမ်းပို့ဆောင်ရေးတွေ ဖွံ့ဖြိုးလာဖို့ပါ၊
အရှေ့မြောက်ဘက် ပိုင်းကို က ကုန်းလမ်းပို့ဆောင်ရေး
အတွက် အထောက်အကူဖြစ်စေ တယ်" လို့
ဒေါက်တာတိုးအောင် (Deputy Head of  City Planning
& Land Administration Dept and Director of
Urban Planning Division) က ပြောပါ တယ်။

မြို့တွင်းပိုင်းဖွံ့ဖြိုးတိုးတက်ဖို့ ကို ဦးစားပေး စီမံကိန်း ၇ ခု
တင်ပြခဲ့ပြီး  ဦးစားပေး စီမံကိန်းတွေအဖြစ် 
အရှေ့မြောက်ဘက်၊ ကြည့်မြင်တိုင်၊ သန်လျင်၊ဒလ၊
ထန်းတပင်၊ မှော်ဘီ-လှည်းကူးစတဲ့ နေရာတွေကို
မြို့သစ်တွေ လုပ်ဖို့ ရှိတယ်လို့ သိရတယ်။

ရန်ကုန်မြို့ရဲ့ အကျယ်က  လက်ရှိမှာ ၃၀၆ စတုရန်းမိုင်
ကျယ်ဝန်းပါတယ်။  ၂၀၅၀ ပြည့်နှစ်မှာ လူဦးရေ ၁၃ သန်းခန့်
တက်လာနိုင်ခြေ ရှိတယ်လို့ ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ ရဲ့ စာရင်းတွေအရ
သိရပါတယ်။

အ ရင်အစိုးရ လက်ထက်ကတည်းက ရန်ကုန်မြို့သစ် 
စီမံကိန်းအတွက် ကွင်းဆင်းလေ့လာပြီး စီမံကိန်းတွေ
ရေးဆွဲခဲ့တာဖြစ်ပါတယ်။

ဒေါက်တာ လှမောင်(နာယကမေခဆောင် ဖောင်ဒေးရှင်း)
မြန်မာ နိုင်ငံတော် ဗဟိုဘဏ်ဒါရိုက်တာ အဖွဲ့ဝင်က 
"ရန်ကုန်ကို အရင်က တောင်ဥက္ကလာ၊မြောက်ဥက္ကလာ
တို့ကို မြို့သစ်တိုးချဲ့တယ်၊ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်မှာ လူတွေကို
ရန်ကုန် မြို့ထဲကို ပြန်ရောက်စေခဲ့တယ်၊
မြို့သစ် တည်ကတည်းက မြို့ကို  ဖွံ့ဖြိုးအောင်လုပ်ရတာ၊
မြို့ခွဲ တွေက ခွဲထုတ်တာ မတူတာကြောင့် မြို့သစ်တွေ
တည်ရင်ဖွံ့ဖြိးအောင် လုပ်ဆောင်ပေးဖို့ လိုပါတယ်" လို့
ပြောပါတယ်။

မြို့တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို လုပ်ဆောင်တဲ့အခါ
တစ်စ တစ်စလုပ်ရတာဖြစ်ပြီး တစ်ပြိုင်တည်းလုပ်ဆောင်လို့
မရဘူးလို့ လည်း သိရပါတယ်။

ရန်ကုန်မြို့တွင်းမှာ စိမ်းလန်း ဧရိယာတွေအဖြစ်
အရင်တုန်းကထက် ပန်းခြံနေရာ ၆၃ခုကို ဖော်ထုတ်နိုင်ခဲ့ပြီး
လူတစ်ဦးချင်းစီအချိုးနဲ့ ၁၈စတုရန်းပေပဲ ခံစားခွင့်ရနိုင်
သေးတယ်လို့  သိရပါတယ်။

(အေးမွန်)

***

၃။ "စီးပွားရေး အချက်အချာနယ်မြေအဖြစ် ဖော်ထုတ်မည့်
နေရာ ငါးခုစာရင်း ထုတ်ပြန်"

ရန်ကုန်မြို့တွင် စီးပွားရေးအချက်အချာကျသည့်
CBD နယ်မြေ ငါးခုအဖြစ်
- ရန်ကင်းအပါအ၀င်
- ဒဂုံတောင်မြောက်လမ်းဆုံ၊
- ဒဂုံဆိပ်ကမ်း၊
- ပဲခူးမြစ်ကမ်းဘေး၊
- သီလ၀ါနယ်မြေတို့၌ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း
မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ ဒုတိယဌာနမှူး
ဦးတိုးအောင်က ပြောသည်။

‘‘စီးပွားရေးဗဟိုခွဲ Sub Cen-tre တွေကို မြို့လယ်ကနေပြီးတော့
၁၀ကီလိုမီတာအကွာ ၁၅ ကီလိုမီတာအကွာတွေမှာ လုပ်သွားဖို့
အစီအမံတွေ ထားရှိပါတယ်’’ ဟု ဦးတိုးအောင်က ဆို သည်။

လက်ရှိတွင် မရမ်းကုန်း၊မင်းဓမ္မနယ်မြေတွင် တည်ဆောက်နေပြီး
ယခုနှစ်၌ ဒုတိယမြောက်နယ်မြေအဖြစ် ရန်ကင်း မြို့နယ်ကို
အကောင်အထည်ဖော်ရန် လျာထားသည်။

* Sub-Centre ဆိုသည်မှာ
ပြဇာတ်ရုံများ၊ စီးပွားရေးအဆောက်အအုံများ၊ ရုံးခန်းများ၊
ရှော့ပင်းမောလ်များ၊ ရောင်းဝယ်ရေးလုပ်ငန်းများ လုပ်ကိုင်သည့်
နေရာဖြစ်သည်။ *

ရန်ကုန်မြို့လယ်၌ စီးပွားရေး အဆောက်အအုံများ၊
လူနေအိမ်ရာများ၊ ရုံးလုပ်ငန်းများဖြင့် ကျပ်တည်းလာမှုကို
ဖြေရှင်းရန် ၂၀၁၄ က မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းနှင့်
တော်ဝင်လမ်းထောင့်ရှိ မြေ ၃၆ ဧကတွင် စီးပွားရေး
အဆောက်အအုံများ အကောင်အထည်ဖော်ရန်
The First Myanmar ဆောက်လုပ်ရေးကုမ္ပဏီအား
လုပ်ကိုင်ခွင့်ချထားပေးခဲ့သည်။

(မိုးညို)

credit - 7day Daily & Kumudra Journal

No comments:

Post a Comment