“မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ”
၁။ "မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်း ဆိုတာ"
မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းတွေရဲ့လုပ်ပိုင်ခွင့် ၊
အသုံးပြုခွင့်စတာတွေနဲ့ မြေလွတ်မြေလပ်အဖြစ်
သတ်မှတ်ထားတဲ့ မြေအမျိုးအစားတွေကတော့
"မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းတွေရဲ့ လုပ်ပိုင်ခွင့်၊
အသုံးပြုခွင့်ဗဟိုကော်မတီ" က နိုင်ငံအတွင်းရှိ
မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းတွေကို
စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ဓာတ်သတ္တု
ထုတ်လုပ်ခြင်းလုပ်ငန်းနဲ့ အစိုးရကခွင့်ပြုပေးထားတဲ့
ဥပဒေနဲ့ ညီညွတ်တဲ့ တခြားလုပ်ငန်းတွေမှာ
လုပ်ကိုင်နိုင်ပါတယ်။
အဆိုပါ မြေနဲ့ ပတ်သက်တဲ့ အသုံးပြုခွင့်ရရှိလိုရင်
လျှောက်ထားခွင့်ရှိသူတွေကတော့
(၁) မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံသူ၊
(၂) အစိုးရ ဌာန၊ အစိုးရ အဖွဲ့အစည်း နဲ့
အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းများ၊
(၃)၁၉၈၇ ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်း
ခြင်းကို ကန့်သတ်တဲ့ ဥပဒေပုဒ်မ ၁၄ နှင့် အညီ
ကင်းလွတ်ခွင့်ပြုထားသူ များ၊
(၄) အစိုးရ ဌာန၊ အစိုးရအဖွဲ့အစည်းအရပ်ရပ်နဲ့ အကျိုးတူ
ကိစ္စတွေအတွက် ဆောင်ရွက်မယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
ဥပဒေအရ ခွင့်ပြုထားတဲ့ ရင်းနှီးမြှုပ်နှံသူတွေ၊
(၅) မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူတွေနဲ့ အကျိုးတူ
ကိစ္စရပ်တွေအတွက် ဆောင်ရွက်မယ့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
ဥပဒေအရ ခွင့်ပြုထားတဲ့ ရင်းနှီးမြှုပ်နှံသူစတာတွေပဲ
ဖြစ်ပါတယ်။
* မြေလွတ်၊ မြေလပ်အဖြစ်သတ်မှတ်တဲ့မြေတွေကတော့
အရင်ကသီးစားခံလုပ်ကိုင်လာခဲ့ပြီး အကြောင်းအမျိုးမျိုး
ကြောင့် စွန့်လွှတ်ထားတဲ့ သီးစားခံယူ လုပ်ကိုင်သူမရှိတဲ့
စိုက်ပျိုးရေး သို့မဟုတ် မွေးမြူရေး လုပ်ကိုင်နိုင်တဲ့မြေနဲ့
နိုင်ငံတော်က သီးသန့် သတ်မှတ်ပေးထားတဲ့ မြေတွေ
ဖြစ်ပါတယ်။
* မြေရိုင်းကတော့ တစ်ကြိမ်တစ်ခါမှ စိုက်ပျိုးလုပ်ကိုင်ခဲ့
တာမရှိတဲ့ မြေသစ်၊ တောရိုင်းမြေတို့ဖြစ်ပါတယ်။
စိုက်ပျိုးရေး လုပ်ငန်း၊မွေးမြူရေးလုပ်ငန်း၊ ဓာတ်သတ္တု
ထုတ်လုပ်တာတွေကို အစိုးရက ခွင့်ပြုထားတဲ့ ဥပဒေနဲ့
ညီညွတ်တဲ့ တခြားလုပ်ငန်းလုပ်ဖို့ တရားဝင်
ပယ်ဖျက်ထားတဲ့ ကြိုးဝိုင်းသစ်တော စားကျက်မြေနဲ့
အင်းအိုင် မြေတွေ ပါဝင်ပါတယ်။
မြေလွတ်၊မြေလပ်နဲ့ မြေရိုင်းလုပ်ပိုင်ခွင့်နဲ့ ရရှိသူလိုက်နာရမယ့်
စည်းကမ်းတွေကတော့
* ခွင့်ပြုထားတဲ့ လုပ်ငန်းအမျိုးအစားနဲ့ ၄င်းနဲ့
ဆက်နွှယ်လျက်ရှိတဲ့ စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ရမယ်။
* ခွင့်ပြု ထားတဲ့ မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းတွေကို
ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်မရဘဲ ပေါင်နှံတာ၊
ပေးကမ်းတာ၊ ရောင်းချတာ၊ အငှားချထားတာနဲ့
တခြားနည်းနဲ့ လွှဲပြောင်းတာ၊ ခွဲစိတ်တာတွေ
ပြုလုပ်လို့မရပါဘူး။
(ပြည့်ဖြိုးမြင့်မွန်)
***
၂။ "မြေလွတ်မြေရိုင်းတွေကို လုပ်ငန်းလုပ်ကိုင်ဖို့ လျှောက်ထား
မှုတွေကို မူဝါဒချမှတ်ပြီး သေချာစိစစ်မည်"
နောက်ပိုင်း မြေလွတ်မြေရိုင်းတွေကိုအသုံးပြုဖို့လျှောက်ထား
မယ်ဆိုရင် အမှန်တကယ်အသုံးလိုတဲ့သူကိုသာ သေချာ
စိစစ်ပြီးချပေးမှာဖြစ်တယ်လို့ သိရပါတယ်။
မြေလွတ်၊ မြေရိုင်း၊ မြေလပ်တွေနဲ့ပတ်သက်ပြီး
- ကျူးကျော်ပြဿနာတွေ၊
- လက်လွှဲ ရောင်းချတာတွေ၊
- လုပ်ငန်းမလုပ်ဘဲမြေလွတ် အတိုင်းထားတဲ့သူတွေစတဲ့
ပြဿနာတွေ ရှိတာကြောင့်ပါ။
သည်နောက်ပိုင်းမှာတော့လျှောက်ထားမှုတွေကို သေချာ
စိစစ်ပြီးချပေးမှာဖြစ်သလို အကောင်အထည်မဖော်တာမျိုးတွေ
မရှိအောင်လုပ်ဆောင်မှာ ဖြစ်တယ်လို့ မြေလွတ်၊ မြေလပ်၊
မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီက သိရပါတယ်။
"ဒီလိုမျိုးလုပ်ဆောင်တာ ကောင်းပါတယ်၊ မဟုတ်ရင်
မြို့သစ်ဘက်တွေမှာရှိတဲ့နေရာတွေဆို ပိုင်ရှင်တွေရှိနေတာ၊
စီးပွားရေးလုပ်တဲ့သူတွေနဲ့ မြေပိုင်ရှင်တွေမြေယာပြဿနာ
တွေဖြစ်ကြတယ်၊ တချို့တွေက စီးပွားရေးလုပ်ဖို့ အတွက်
လျှောက်ပြီး လုပ်ငန်းမလုပ်ဘဲထားတယ်၊ ကျူးကျော်တွေ
ရောက်ပြီး ပြဿနာတွေဖြစ်ကြတာတွေရှင်းသွားမှာ"
လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့
ဦးထင်အောင်က ပြောပါတယ်။
လုပ်ငန်းလုပ်ကိုင်ဖို့ လျှောက်ထားပြီး တစ်ဆင့်ပြန်ရောင်း
ကြတဲ့ သူတွေလည်းရှိကြသလိုလျှောက်ထားတဲ့နေရာမှာ
ကျူးတွေရှိနေတာမျိုးတွေလည်းရှိတာကြောင့်
ဥပဒေအတိအကျနဲ့ လုပ်ဆောင်တာကစီးပွားရေး
လုပ်ငန်းလုပ်ကိုင်သူတွေအတွက် ပိုပြီးအထောက်အကူ
ဖြစ်စေတယ်လို့ သိရပါတယ်။
မြေလွတ်၊ မြေလပ်၊ မြေရိုင်းတွေပေါ်မှာ စိုက်ပျိုးရေး၊
မွေးမြူရေးနဲ့ တခြားလုပ်ကိုင်ခွင့်ပြုထားတဲ့ လုပ်ငန်းတွေ
လုပ်ကိုင်နေကြတာပါ။
သည်လိုလုပ်ငန်းတွေ လုပ်ကိုင်ဖို့လျှောက်ထားမှုတွေကို
သည်နောက်ပိုင်းမှာ ဥပဒေ၊ နည်းဥပဒေတွေရဲ့ ပြဋ္ဌာန်းချက်
တွေနဲ့ စိစစ်ပြီးမှလုပ်ကိုင်ခွင့်ချပေးမှာဖြစ်တယ်။
(အေးမွန်)
***
၃။ "မြေလွတ်မြေရိုင်းကနေ လယ်ယာမြေဖြစ်ဖို့
လျှောက်လွှာပုံစံ ၁၀ နဲ့ လျှောက်ထားနိုင်"
*** လယ်ယာမြေမဟုတ်တဲ့ မြေလွတ်မြေရိုင်းမှာပါတဲ့
(N) မမြဲဦးပိုင် ကျူးလွန်စိုက်မြေတွေကို လယ်ယာမြေအဖြစ်
လျှောက်ထားဖို့ လျှောက်လွှာပုံစံ (၁၀) နဲ့ တိုင်းဒေသကြီး
လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကိုလျှောက်ထားနိုင်တယ် ***
လို့ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊
သစ်တောနဲ့ စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ပြောပါတယ်။
(ပို့ပို့မြင့်မွန်)
***
၎။ "မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ငန်းဆောင်ရွက်ရန်
ပျက်ကွက်လျှင် အသုံးပြုခွင့်ကို ပြန်လည်ရုပ်သိမ်းခြင်းခံရမည်"
အသုံးပြုခြင်းမရှိသေးသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း
များကို နိုင်ငံတော်က ပြန်လည်သိမ်းယူပြီး သတ်မှတ်ထားသည့်
စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရန် ပျက်ကွက်ပါက
အာမခံကြေးကို ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းခံရမည့်အပြင်
လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ကို ပြန်လည်ရုပ်သိမ်းခံရမည်ဟု
စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းဝင်းက ပြောကြားသည်။
ထို့ပြင် ဒုတိယဝန်ကြီးက
* ၂ဝ၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ
နည်းဥပဒေအရ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ
စီမံခန့်ခွဲရေးဥပဒေမပြဋ္ဌာန်းမီ
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်
ရရှိထားသူသည် မူလခွင့်ပြုကာလ အတွင်း သတ်မှတ်ထား
သည့် စည်းကမ်းချက်များနှင့်အညီ လုပ်ငန်း ဆောင်ရွက်ရန်
ပျက်ကွက်လျှင် သို့မဟုတ် စည်းကမ်းချက်ကို ချိုးဖောက်လျှင်
တင်သွင်းထားသောအာမခံကြေးကို နိုင်ငံတော်ဘဏ္ဍာငွေ
အဖြစ် သိမ်းဆည်းခြင်းခံရမည့် အပြင် လုပ်ပိုင်ခွင့်၊
အသုံးပြုခွင့်ကို ပြန်လည်ရုပ်သိမ်းခြင်း ခံရမည်ဟု
ပြဋ္ဌာန်းထားပါကြောင်း။
* ခွင့်ပြုဧရိယာအတွင်း ဆောင်ရွက်နိုင်ခြင်းမရှိသေးသည့်
ဧရိယာများနှင့် ပတ်သက်၍ ၂ဝ၁၂ ခုနှစ်၊ မြေလွတ်၊
မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ၊ နည်းဥပဒေ
များနှင့်အညီအသစ်ပြင်ဆင်ဖွဲ့စည်းမည့်
ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး
လုပ်ငန်းအဖွဲ့ ကြီးကြပ် ကွပ်ကဲမှုဖြင့် ကွင်းဆင်းစစ်ဆေး၍
ခွင့်ပြုဧရိယာအတွင်းမှ ပယ်ဖျက်နိုင်ရန် ဗဟိုကော်မတီသို့
တင်ပြ ဆောင်ရွက်စေမည်ဖြစ်ပြီး ဗဟို ကော်မတီက
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းခွင့်ပြုမိန့်အား တရားဝင်
ပယ်ဖျက်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း
ပြောကြားသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်
အစည်းအဝေး (၄၁) ရက်မြောက်နေ့ တွင် မွန်ပြည်နယ်
မဲဆန္ဒနယ်အမှတ် (၈)မှ ဦးမျိုးဝင်း၏
''၂ဝ၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး
ဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ခြင်း
မရှိသည့် အသင်းအဖွဲ့များနှင့် ထိုအသင်းအဖွဲ့များ
ရယူပိုင်ဆိုင်ထားသည့် မြေယာများအပေါ် ဥပဒေနှင့်အညီ
မည်ကဲ့သို့ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်
မည်ကို သိရှိလိုကြောင်း'' မေးခွန်းနှင့်စပ်လျဉ်း၍
ဒုတိယ ဝန်ကြီးက ထိုသို့ဖြေကြားခဲ့ခြင်းဖြစ် သည်။
မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂)မှ ဦးခင်ဝင်း၏
''မြစ်ဝှမ်းဒေသရှိ ပုံစံ (၇) ရှိသော ကိုင်းကျွန်းမြေများကို
စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးနိုင်ခြင်း ရှိ/မရှိ'' မေးခွန်းနှင့်
စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက
* ရေနံမြေများတွင် တည်ရှိသော မြေများသည် လယ်ယာမြေ
ဥပဒေတွင် အဓိပ္ပာယ်ဖွင့် ဆိုထားသော လယ်ယာမြေဆိုသည့်
စကားရပ်တွင် အကျုံးဝင်ခြင်းမရှိပါသဖြင့် လယ်ယာမြေ
လုပ်ပိုင်ခွင့်ပြု လက်မှတ်ထုတ်ပေးနိုင်ခြင်း မရှိပါကြောင်း။
* ယင်းဧရိယာများကို ရေနံမြေဧရိယာအဖြစ်မှ ပယ်ဖျက်၍
နိုင်ငံတော်သို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်
အပ်နှံပြီးမှသာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်၏
ကြီးကြပ်မှုဖြင့် ဒေသခံတောင်သူများ တရားဝင်လုပ်ကိုင်ခွင့်
ရရှိနိုင်ရေးကို စီစဉ်ဆောင်ရွက်နိုင်မည်ဖြစ် ပါကြောင်း၊
* ပုံစံ (၇) မရရှိသေးသော မြေများနှင့်ပတ်သက်၍
စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးနိုင်ခြင်းမရှိပါကြောင်း
ဖြေကြားသည်။
credit - Kumudra Journal & The Mirror
(၀န်ခံချက်)
မူရင်း သတင်း/ဆောင်းပါး အချို့အား
အနည်းငယ် ချုံ့ထားကြောင်း ၀န်ခံပါသည်။
“အိမ်ခြံမြေ လမ်းဆုံ”
No comments:
Post a Comment