“Call Deposit အတိုးနှုန်းလျှော့ချမည့် ဘဏ်အချို့၊ စံချိန်တင်
မြင့်တက်လာသော ရွှေဈေးနှင့် ဘတ်ဂျက်လိုငွေကို
ဗဟိုဘဏ်မှ ချေးယူဖြည့်ဆည်းခြင်းအပေါ် ထောက်ပြမှုများ”
၁။ "ဘတ်ဂျက်လိုငွေပြည့်ရန် ဗဟိုဘဏ်က ငွေစက္ကူထပ်မံ
ရိုက်ထုတ် ဖြေရှင်းခြင်းကြောင့် ငွေကြေးဖောင်းပွမှု သတိပြုရန်
စီးပွားရေးပညာရှင်များ ထောက်ပြ"
ဘတ်ဂျက်လိုငွေကို ဗဟိုဘဏ်မှ ချေးယူဖြည့်ဆည်းခြင်းသည်
ငွေကြေးဖောင်းပွမှုဖြစ်နိုင်သဖြင့် အစိုးရအနေဖြင့် သတိပြုရန်
လိုကြောင်း စီးပွားရေးပညာရှင်အချို့ကပြောကြားသည်။
အစိုးရသစ်လက်ထက် ပြန် လည်ရေးဆွဲသော ဘတ်ဂျက်တွင်
လိုငွေကျပ် ၃,၀၉၀ ဘီလီယံရှိနေပြီး ကျပ် ၁,၂၃၆ ဘီလီယံကို
ဗဟိုဘဏ်မှ ချေးယူရန်စီစဉ်ထားသည်။
ဘတ်ဂျက်လိုငွေ၏ ၄၀ရာခိုင်နှုန်းခန့်ကို ဗဟိုဘဏ်မှချေးယူရန်
စီစဉ်ထားမှုကြောင့် ငွေစက္ကူ ထပ်မံ ရိုက်ထုတ်ရမည်ဖြစ်ရာ
ယင်းငွေများသည် လှည့်လည်သုံးစွဲနေသော ငွေကြေးထဲသို့
ရောက်ရှိလာပါက ငွေကြေးဖောင်းပွမှုဖြစ်လာမည်ဟု
ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန
အငြိမ်းစား ဒုညွှန်ကြားရေးမှူးချုပ် ဦးစိုးသိန်းကပြောသည်။
‘‘အစိုးရကလိုတဲ့ငွေကိုဗဟိုဘဏ်ကချေးတာ မြန်မာတစ်နိုင်ငံပဲ
ရှိတယ်။ အာဆီယံနိုင်ငံတချို့မှာဆိုရင် ဗဟိုဘဏ်က အစိုးရ
ငွေချေးမှုကို လက်မခံဘူး’’ဟု ဦးစိုးသိန်းကပြောသည်။
*** ဘတ်ဂျက်လိုငွေများနေခြင်းသည် အစိုးရက အသုံးစရိတ်
မလျှော့ချနိုင်ခြင်းကြောင့်ဖြစ်ပြီး ငွေကြေးဖောင်းပွမှုအပြင်
နောက်ဆက်တွဲကုန်ဈေးနှုန်းကြီးမြင့်မှု၊ မြန်မာကျပ်ငွေတန်ဖိုး
လျော့ကျမှုတို့ ဆက်တိုက်ဖြစ်လာမည် *** ဟု
စီးပွားရေးပညာရှင် ဦးလှမောင်က ပြောသည်။
ဝန်ကြီးဌာနများ လျှော့ချသော်လည်း လက်ရှိအစိုးရ
ဘတ်ဂျက်သည် ယခင်အစိုးရဘတ်ဂျက် နှင့် လိုငွေပမာဏ
ကွာခြားမှုမရှိသဖြင့် လွှတ်တော်က ကျပ် ၄၇၀ ဘီလီယံကျော်
ဖြတ်တောက်ခဲ့သည်။
လက်ရှိအစိုးရသည် ဘတ်ဂျက်လိုငွေကို ဗဟိုဘဏ်မှ
ငွေချေးယူခြင်းအပြင် ၆၀ ရာခိုင်နှုန်း ကို ငွေတိုက်စာချုပ်များ
ရောင်းချပြီး ဖြည့်ဆည်းရန် စီစဉ်ထားသည်။
အစိုးရအသုံးစရိတ်များနှင့်ပတ်သက်၍ စီမံကိန်းမရှိဘဲ
ဘတ်ဂျက်များတိုးမြှင့်ချထားပေးခြင်းသည် အလွဲသုံးစားပြုမှုနှင့်
လေလွင့်ဆုံးရှုံးမှုများဖြစ်နိုင်သည်ဟု ဦးစိုးသိန်းကပြောသည်။
ယခင်အစိုးရလက်ထက်က ပညာရေးနှင့်ကျန်းမာရေး
ဘတ်ဂျက်များ တိုးမြှင့်ပေးရာတွင် အဆောက်အအုံများ
တိုးမြှင့်တည်ဆောက်ခြင်းမှအပ အခြားသော တိုးတက်မှုများ
သိသာစွာမတွေ့ မြင်ရကြောင်း Open Myanmar Intiative
အဖွဲ့က ပြုလုပ်သော ဘတ်ဂျက်ရေးရာ ဆွေးနွေးပွဲနှင့်
ဘတ်ဂျက်စာမျက်နှာ ၀က်ဘ်ဆိုက်မိတ်ဆက်ပွဲတွင်
ဦးစိုးသိန်း ကပြောသည်။
(ပြည်သိမ်း)
***
၂။ "ရွှေဈေး ၉ သိန်းဝန်းကျင်အထိ စံချိန်တင် မြင့်တက်"
စက်တင်ဘာလ ၂၇ ရက်နေ့က ရန်ကုန် ရွှေဈေးကွက်ထဲမှာ
ကောလာဟလသတင်းတွေ ထွက်ပေါ်ခဲ့တာကြောင့်
ရွှေဝယ်ယူသူတွေ များပြားပြီး ရွှေဈေး ၉ သိန်းဝန်းကျင်အထိ
စံချိန်တင် မြင့်တက်ခဲ့ပါတယ်။
ဒီလိုအခြေအနေကို ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်
အသင်းက ၀င်ထိန်းခဲ့ရတာပါ။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်အသင်း အထွေထွေ
အတွင်းရေးမှူး ဦးဝင်းမြင့်က
“အသင်းအနေနဲ့ ၁၀ နာရီခွဲ ဈေးကွက်မစခင်မှာပဲ
၁၀ နာရီ ၂၅ မိနစ်လောက်မှာ ဈေးနှုန်းတွေ ကမောက်ကမ
အပြင်မှာဖြစ်ပြီးတော့ ကောလာဟလသတင်းတွေကြောင့်
မြင့်တက်နေတာကို ဦးလေးတို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်
အသင်း အလုပ်အမှုဆောင်အဖွဲ့အနေနဲ့ ရွှေရောင်းတဲ့ဝယ်တဲ့
အသင်းသူအသင်းသားတွေကို ရွှေအလွန်အကျွံ မရောင်းကြဖို့၊
အလေးချိန် အများအပြား မရောင်းမ၀ယ်ကြဖို့ အသင်းအနေနဲ့
အလုပ်အမှုဆောင်အဖွဲ့အနေနဲ့ မေတ္တာရပ်ခံတဲ့အတွက်
အသင်းသူ အသင်းသားတွေကလည်း ထိန်းထိန်းသိမ်းသိမ်း
လုပ်တဲ့အတွက် ရှစ်သိန်းကိုးသောင်းခုနစ်ထောင်ကနေ
တဖြည်းဖြည်းနဲ့ ကျဆင်းလာတာ ရှစ်သောင်းနဲ့ ကိုးထောင့်
ခုနစ်ရာ၊ ရှစ်ရာလောက်မှာ အလုပ်ဖြစ်နေတယ်” လို့
ပြောပါတယ်။
*** ရွှေဝယ်ယူသူတွေ များနေတာဟာ ဘဏ်အတိုးနှုန်းတွေ
လျှော့မှာဖြစ်လို့ ဘဏ်ထဲကငွေတွေကို ထုတ်ပြီး ရွှေဝယ်ယူ
နေတာကြောင့် ဖြစ်တယ်လို့ ရွှေဈေးကွက် ကျွမ်းကျင်သူတွေက
သုံးသပ်ပါတယ်။ ***
ဦးဝင်းမြင့်က ဆက်ပြီး
“ကောလာလဟကြောင့်ဆိုတာ ဒီရက်ပိုင်းမှာ ကျနော်တို့
ဘဏ်တိုးနှုန်းတွေ လျှော့မယ်ဆိုပြီးတော့ တချို့လည်း
ဘဏ်မှာထားတဲ့သူတွေ အရင်ရက်ပိုင်းကပေါ့နော်၊ လွန်ခဲ့တဲ့
အပတ်ကတည်းက တဖြည်းဖြည်းနဲ့ ဘဏ်မှာ ငွေအပ်ထားတဲ့
သူတွေက ရွှေဝယ်စုဆောင်းပြီး ရွှေဝယ်ယူတဲ့အတွက်
တက်လာတာလည်း ပါပါတယ်။ အဓိကကတော့ ဒေါ်လာဈေး
ကြောင့်ပေါ့။ ဒေါ်လာဈေး တရက်ကို ၅ ကျပ်၊ ၁၀ လောက်
နေ့စဉ် မြင့်တက်နေတဲ့အတွက် ၀ယ်ယူစုဆောင်းတဲ့သူတွေ
ကလည်း တက်ဦးမလားဆိုပြီး ၀ယ်ယူစုဆောင်းကြတာ
ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ရွှေဈေးနှုန်း အများကြီးမြင့်လာရင် တခြားကုန်ဈေးနှုန်းတွေပါ
မြင့်လာမှာကို ရွှေဈေးကွက်ကျွမ်းကျင်သူတွေက
စိုးရိမ်နေပါတယ်။
“ကောလာဟလသတင်းအမှားကြောင့် မဖြစ်သင့်တဲ့ဈေး
ဖြစ်သွားမှာစိုးလို့ အသင်းအနေနဲ့ အားလုံး ပြည်သူလူထု
အကျိုးကို ရည်မျှော်ပြီးတော့ ကာကွယ်တဲ့အနေနဲ့
ကုန်ဈေးနှုန်း ရွှေဈေးတက်လို့ဆိုပြီး အခြားကုန်ပစ္စည်းတွေ
လည်း လိုက်ပါမြင့်တက်သွားမှာ စိုးရိမ်ကြောင့်ကြတဲ့အတွက်
ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ ပြောလိုက်တဲ့အချိန်မှာ
အသင်းသူ အသင်းသားတွေကလည်း ထိန်းထိန်းသိမ်းသိမ်း
ရောင်းကြ၀ယ်ကြတဲ့အတွက် ပြန်လည်ကျဆင်းသွားတာ
ဖြစ်ပါတယ်” လို့ ဦးဝင်းမြင့်က ဖြည့်စွက်ပြောပါတယ်။
စက်တင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းမှာတော့
အခေါက်ရွှေ ၁ ကျပ်သားကို ရှစ်သိန်းရှစ်သောင်းခုနစ်ထောင့်
ငါးရာထိ မြင့်တက်ခဲ့ပေမယ့် ဈေးနှုန်း ပြန်လည်ကျဆင်းခဲ့
တာကြောင့် နေ့လယ်ပိုင်းမှာ ဈေးကွက်ထဲမှာ
ရှစ်သိန်းရှစ်သောင်း ပေါက်ဈေးရှိနေပါတယ်။
လက်ရှိအခြေအနေမှာတော့ ရွှေဝယ်ယူစုဆောင်းသူတွေ
အနေနဲ့ ဒီအချိန်ဟာ မ၀ယ်သင့်တဲ့အချိန် ဖြစ်တယ်လို့
ရွှေလုပ်ငန်းရှင်တချို့က အကြံပြု ပြောကြားထားတာတွေ
လည်း ရှိနေပါတယ်။
(ကျော်ဇေယျ)
***
၃။ "Call Deposit အတိုးနှုန်းများ လျှော့ချရန် ပြည်တွင်း
ဘဏ်များ ညှိနှိုင်း"
အပ်ငွေအပေါ် နေ့စဉ် အတိုးပေးရသော Call Deposit
အပ်ငွေအတိုးနှုန်းကို လျှော့ချရန် ပြည်တွင်းဘဏ်များ ညှိနှိုင်း
လုပ်ဆောင်လျက်ရှိကြောင်း ဘဏ်လုပ်ငန်းရှင်
အသိုင်းအ၀ိုင်းထံမှ သိရသည်။
လက်ရှိ၌ ကမ္ဘာ့ရတနာဘဏ်၏ Call Deposit အတိုးနှုန်းမှာ
- ကျပ်သိန်း ၁၀၀ အောက်ဆိုပါက ၄ ရာခိုင်နှုန်းနှင့်
- ကျပ်သိန်း ၁၀၀ အထက်ဆိုပါက ၈ ရာခိုင် နှုန်းဖြစ်ကြောင်း၊
အောက်တိုဘာလမှစ၍
- ကျပ်သိန်း ၁၀၀ အောက်ဆိုလျှင် ၄ ရာခိုင် နှုန်းနှင့်
- ကျပ်သိန်း ၁၀၀ အထက် ဆိုပါက ၆ ရာခိုင်နှုန်းသို့
အတိုးနှုန်းလျှော့ချမည် ဖြစ်ကြောင်း ကမ္ဘာ့ရတနာဘဏ်မှ
ဒုတိယ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာလှညွန့်က
ပြောကြားသည်။
"အတိုးနှုန်းလျှော့တာက ဘဏ်တိုင်းတော့ မဟုတ်ဘူးပေါ့။
လုပ်နိုင်တဲ့သူကတော့ မလျှော့ဘဲ လုပ်ချင်လုပ်မှာပေါ့။
နေ့တိုင်း အတိုးပေးရတာဆိုတော့ ကြာလာတော့
ဘဏ်အနေနဲ့ မခံနိုင်ဘူးလေ" ဟု ၎င်းကရှင်းပြသည်။
*** Call Deposit တစ်မျိုးကိုသာ အတိုးနှုန်းလျှော့ချမည်
ဖြစ်ပြီး အခြား ဘဏ်အပ်ငွေများကို လက်ရှိ အတိုးနှုန်းများ
အတိုင်းသာ ပေးမည်ဖြစ်ကြောင်း ***
၎င်းက ပြောဆိုသည်။
လက်ရှိအချိန်တွင် ကမ္ဘောဇဘဏ်က Call Deposit အတိုးနှုန်း
လျှော့ချမည့်ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးနေဆဲဖြစ်ပြီး
မဆုံးဖြတ်ရသေးကြောင်း အဆိုပါဘဏ်၏ အကြီးတန်း
အုပ်ချုပ်မှုဒါရိုက်တာ ဦးသန်းချိုက ပြောကြားသည်။
"ဘဏ်များအသင်းက ဘဏ်တွေအချင်းချင်း ဆွေးနွေး
ခိုင်းထားတာပေါ့။ အားလုံးသဘောတူရင် လုပ်ဆိုတာပေါ့။
တချို့ဘဏ်တွေက လျှော့မယ် ကြားပါတယ်။ ကျွန်တော်တို့
ကတော့ မဆုံးဖြတ်ရသေးဘူး" ဟု ၎င်းကဆိုသည်။
ယင်း Call Deposit အတိုးနှုန်းနှင့် ပတ်သက်၍
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဥပဒေများဖြင့်
သတ်မှတ်ထားပြီး ဖြစ်ကာ ပုဂ္ဂလိက ဘဏ်များအချင်းချင်း
ယှဉ်ပြိုင်မှု ပြင်းထန်လာခြင်းကြောင့် အတိုးနှုန်းများ
အဆမတန် တက်လာခြင်း ဖြစ်ကြောင်း ဘဏ်လုပ်ငန်း
ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပြောကြားသည်။
"ဒါက အရင်ကတော့ ဗဟိုဘဏ်က သတ်မှတ်ထားပေး
ပြီးသား။ အဲဒါကို ဘဏ်အချင်းချင်း အပြိုင်လုပ်ကြပြီး အခုမှ
မခံနိုင်တော့လို့ ပြန်လျှော့ချင်ကြတာ။ တချို့ကလည်း
သူတို့ စားသုံးသူတွေ ထွက်ကုန်မှာ ကြောက်လို့ အတိုးနှုန်းကို
မပြောင်းချင်ကြဘူး" ဟု ၎င်းကဆိုသည်။
လတ်တလောတွင် Call Deposit အပ်ငွေ အတိုးနှုန်းကို
မြန်မာနိုင်ငံတွင် ဘဏ်ခွဲအများဆုံး ဖွင့်လှစ်ထားသည့်
ကမ္ဘောဇဘဏ်က
- ကျပ်သိန်း ၁၀၀ အထက် အပ်နှံပါက ၈ ရာခိုင်နှုန်းနှင့်
- ကျပ်သိန်း ၁၀၀ အောက်ဆိုပါက အတိုး ၄ ရာခိုင်နှုန်း
ပေးကြောင်း အဆိုပါဘဏ်ထံမှ သိရသည်။
သို့ရာတွင်
- ငွေစုဘဏ်စာရင်း (Saving Account) အတိုးနှုန်းမှာ
အနိမ့်ဆုံး ၈ ရာခိုင်နှုန်းနှင့်
- ချေးငွေအတိုးနှုန်း (Lending Rate) ကို အမြင့်ဆုံး
၁၃ ရာခိုင်နှုန်း ထားရှိရမည်ဖြစ်ကြောင်း
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်ထားသည်။
***
၎။ "30.9.16 ဈေးနှုန်းများ"
ဒေါ်လာ 1268
စင်ကာပူ 925
ထိုင်း 36.7
မလေးရှား 305
ယူရို 1400
ယွမ် 188
ယန်း 12.4
-------
မြန်မာ့ရွှေဈေး 894200
ကမ္ဘာ့ရွှေဈေး 1323
(အေးမွန်)
credit - 7daydaily / DVB News / The Voice
& kumudra news
(စာကြွင်း)
အိမ်ခြံမြေ အကြောင်းအရာများနှင့်
တိုက်ရိုက်မသက်ဆိုင်သော်လည်း
သွယ်ဝိုက်ပတ်သက်မှု့ ရှိသည့် စီးပွါးရေးဆိုင်ရာ
ဆောင်းပါး/သတင်းများ ဖြစ်နေပါသဖြင့်
မိတ်ဆွေများ လေ့လာနိုင်ရန် တင်ခဲ့ခြင်းဖြစ်ပါသည်။
“အိမ်ခြံမြေ လမ်းဆုံ”
No comments:
Post a Comment